blank

MPT နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ First Aid For All အစီအစဉ်ဖြင့် ရှေးဦးပြုစုခြင်း အသက်ကယ်ဆယ်ရေး နည်းလမ်းများကို ဖြန့်ဝေသွားမည်

Published 24 Oct 2017

ကျန်းမာရေး၊ ပညာရေးနှင့် စွန့်ဦးတီထွင်နှင့်စီးပွားရေးလုပ်ငန်းငယ်များ ဖွံဖြိုးတိုးတက်မှုတို့ကို ဖြစ်ပေါ်စေမည့် MPT ၏ CSR ရည်မှန်းချက် အစိ်တ်အပိုင်းတစ်ခုဖြစ်သော ရှေးဦးပြုစုခြင်း အခြေခံများကို အများပြည်သူထံ ဖြန့်ဝေပေးမည့် ကျန်းမာရေးအသိပညာလှုပ်ရှားမှု အစီအစဉ်သစ်

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် နိုင်ငံ၏ လူမှုပတ်ဝန်းကျင်များ၊ အထူးသဖြင့် မြန်မာလူငယ်များအကြား ရှေးဦးပြုစုခြင်း ဗဟုသုတများကို ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပူးပေါင်းဆောင်ရွက် ၍ ကျန်းမာရေးဆိုင်ရာလှုပ်ရှားမှုအစီအစဉ်တစ်ရပ်ကို စတင်လိုက်ပြီဖြစ်သည်။ အဆိုပါ MPT ၏ “First Aid For All” အစီအစဉ်မှာ MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများထဲမှ တစ်ခုဖြစ်ပြီး ကျန်းမာရေးကဏ္ဍကို အထောက်အပံ့ဖြစ်စေမည့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ်အတွက် လိုအပ်သည့် ရှေးဦးပြုစုခြင်းဆိုင်ရာ သတင်းအချက်အလက်နှင့် ကျွမ်းကျင်မှုများကို အများပြည်သူတို့ သိရှိလုပ်ဆောင် နိုင်စေရန် ရည်ရွယ်ထားပါသည်။

MPT က ၄င်းအစီအစဉ်ကို ၂၀၁၇ နိုဝင်ဘာလမှ ၂၀၁၈ မတ်လအထိ ပြုလုပ်သွားမည်ဖြစ်ပြီး မူးမေ့ခြင်း၊ ဓါတ်လိုက်ခြင်း၊ မြွေကိုက်ခြင်း၊ အပူရှပ်ခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်း စသည့့် အရေးပေါ် အခြေအနေများ ကြုံကြိုက်လာပါက ရှေးဦးပြုစုခြင်းနည်းလမ်းများဖြင့် မည်သို့ လုပ်ဆောင်ရမည် ဆိုသည်ကို ဖော်ပြထားသည့် ကျန်းမာရေး စောင့်ရှောက်မှု ဗီဒီယို ၁၂ ခုကို ရုပ်မြင်သံကြား၊ မီဒီယာနှင့် လူမှုကွန်ရက် မီဒီယာများတွင် ထုတ်လွှင့်ပြပေးသွားမည် ဖြစ်ပါ သည်။

“MPT နဲ့ ပူးပေါင်းဆောင်ရွက်ထားတဲ့ အခုလိုဗဟုသုတအသိအမြင်ပေးနိုင်မယ့် ဗီဒီယိုတွေကို အလွှာအသီးသီးကနေ အများပြည်သူတွေဆီကို အတူတကွ ဝေမျှပေးနိုင်တော့မှာဖြစ်ပါတယ်။ ဒီဗွီဒီယိုတွေမှာ နေ့စဉ်လူမှုဘဝ ကြံုတွေ့ရတဲ့ မတော်တဆဖြစ်ရပ်တွေဖြစ်တဲ့ မူးမေ့တာ၊ မတော်တဆထိခိုက်မိတာလို အရေးပေါ် အခြေနေမျိုးတွေမှာ အသက်အန္တရာယ်ကင်းအောင်နဲ့ ပိုပြီးမဆိုးရွားအောင် ကနဦး ဘယ်လိုကြိုတင် ဆောင်ရွက်နိုင်မယ်ဆိုတဲ့ လူတိုင်းဆောင်ရွက်နိုင်တဲ့ ရှေးဦးပြုစုခြင်း အကြောင်းအရာတွေ ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူ့အဖွဲ့အစည်းနဲ့ တစ်ဦးတစ်ယောက်စီတိုင်းက အနည်းဆုံး အခြေခံ ရှေးဦးပြုစုခြင်း ဗဟုသုတတွေကို သိရှိထားဖို့လိုပါတယ်။ ဒါမှပဲ ကျန်းမာရေးနဲ့ဆိုင်တဲ့ အရေးပေါ်အခြေအနေမျိုးတွေမှာ ဘယ်လိုပြုစုစောင့်ရှောက်ရမယ်ဆိုတာတွေ့ကိုသိရှိပြီး အပြောင်းအလဲတွေ လုပ်ဆောင်နိုင်စေမှာ ဖြစ််ပါတယ်” ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ နန်းထွမ်းလှ က ပြောကြားခဲ့သည်။

ယခုကျန်းမာရေးအသိပေးလှုံ့ဆော်မှုမှာ အထူးသဖြင့် အရေးပေါ် အခြေအနေတစ်ခု ဖြစ်ပွားပြီးသည်နှင့် တစ်နာရီအတွင်း အချိန်ကာလဖြစ်သော “Golden Hour” တွင် ရှေးဦးပြုစုခြင်းကို ဆောင်ရွက်ခြင်းဖြင့် ထိခိုက်ခံရသူများအနေဖြင့် ပြန်လည်သက်သာလာစေမည့် အကောင်းဆုံးအခွင့်အလမ်းကို ဖော်ဆောင် ပေးနိုင်စေရန် အများပြည်သူသို့ အသိပညာကိုဖြန့်ဝေပေးနိုင်ရန် ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ ဥပမာအနေဖြင့် မော်တော်ယာဉ်မတော်တဆမှု နှင့် အခြားမတော်တဆဖြစ်ရပ်များကြောင့် အရေးပေါ် ထိခိုက်ဒဏ်ရာရရှိသည့် အခြေအနေတွင် အမြန်ဆုံးပြုစုပေးခြင်းဖြင့် အသက်ဘေးမှကင်းလွတ်စေနိုင်မည် ဖြစ်သည်။

“First Aid For All လှုပ်ရှားမှုကနေတစ်ဆင့် အရေးပေါ်အခြေအနေတစ်ခုမှာ ပိုမိုသိရှိနားလည်ပြီး ကျွမ်းကျင်သူတွေရဲ့ အကူအညီရောက်မလာခင်အထိ အခြေခံ ရှေးဦးပြုစုခြင်းနည်းလမ်းတွေကို အများပြည်သူတွေ ပိုမိုသိရှိနားလည်လာပြီး အသုံးပြုထားနိုင်မှာ ဖြစ်ပါတယ်။ ရှေးဦးပြုစုခြင်း နည်းလမ်းတွေကို လေ့လာခြင်းဟာ အရေးပေါ်အခြေအနေတစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းရာမှာ အထောက်အကူ ဖြစ်စေနိုင်တာကြောင့် အများပြည်သူတွေဆီကို အသိပညာပေးကဏ္ဍအဖြစ် ထုတ်ပြန်နိုင်ဖို့အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ အခုလို ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီလိုအတူတကွ လုပ်ဆောင်တာကြောင့် အသက်ပေါင်းများစွာကို ပိုမိုကယ်တင်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို လူတိုင်းကလည်း အထောက်အပံ့ပေးသွားမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ အထူးသဖြင့် ငယ်ရွယ်တဲ့ မျိုးဆက်တွေက အခုလို ရှေးဦးပြုစုခြင်း နည်းလမ်းတွေကိုကြည့်ရှုပြီး ဒီအထဲကနည်းလမ်းတွေကို အသုံးပြုနိုင်တာကတစ်ဆင့် အကျိုးအမြတ်တွေ အများကြီး ရရှိနိုင်မှာပါ” ဟု MPT-KSGM Joint Operations ၏ အမှုဆောင်ချုပ် ဖြစ်သူ Mr. Toshitake Amamiya က ပြောကြားသည်။

MPT အနေဖြင့် မြန်မာနိုင်ငံ၏ လူမှုအသိုင်းအဝန်းကြား အမျိုးမျိုးသော လူမှုအကျိုးပြုလုပ်ငန်းများကို ဦးဆောင်သူအဖြစ် ဆောင်ရွက်နေကာ လူမှုဝန်းကျင်နှင့်မြဲမြံစွာ ချိတ်ဆက်ဆောင်ရွက်နိုင်သည့် ဥပမာကို ထူထောင်နိုင်ခဲ့ခြင်းအတွက် များစွာဂုဏ်ယူရပါသည်။ MPT အနေဖြင့် ယခင်ကလည်း ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံရမှုများကို အထောက်အပံ့ပေးခြင်းအပါအဝင် ရေရှည် အတွက် အကျိုးရှိစေမည့် CSR လှုပ်ရှားမှုများကို လုပ်ဆောင်ပေးခဲ့ပါသည်။ အဆိုပါလုပ်ဆောင်မှုများတွင် သန့်ရှင်းပြီး ရောဂါကင်းစင်သည့် သောက်သုံးရေများကို ထောက်ပံ့ပေးခြင်း၊ ဆေးရုံများထံ ရန်ပုံငွေများလှူဒါန်းခြင်းတို့အပြင် သဘာဝဘေးပတ်ဝန်းကျင်ထိန်းသိမ်းစေနိုင်မည့် သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ ပါသည်။

အလားတူပင် MPT အနေဖြင့် လာမည့်နှစ်များအတွင်း အပေါင်းလက္ခဏာဆောင်သော အကျိုးသက်ရောက်မှုများ ပိုမိုရရှိရန် ရည်ရွယ်ထားသည်နှင့်အညီ “ တူညီလှမ်းချီ မျိုးဆက်သစ်တို့ အနာဂတ်ဆီ” ဟူသောဆောင်ပုဒ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ စွန့်ဦးတည်ထွင်နှင့် စီးပွားရေးလုပ်ငန်းငယ်များ ဖွံ့ဖြိုးရေး စသည့်ကဏ္ဍ ၃ ခုတွင် အကျိုးပြုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်လည်း စီစဉ်ထားသည်။

ရည်ရွယ်ထားသည့် ကဏ္ဍတစ်ခုချင်းစီအလိုက် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် MPT အနေဖြင့်သက်ဆိုင်ရာ ဧရိယာအလိုက် အဖွဲ့အစည်းအမျိုးမျိုးနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကာ ယင်းတို့ကိုလည်း မကြာတော့မည် အနာဂတ်တွင် ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်သည်။

best operator in Myanmar