×

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဥ်များတွင် စေတနာရှင် MPT သုံးစွဲသူ အများပြည်သူတို့ ပါဝင်နိုင်စေရန် SMS စနစ်ဖြင့် လှူဒါန်းနိုင်သည့် အစီအစဥ်ကို MPT က စတင်ဆောင်ရွက်

06 Apr 2020

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက်) –မြန်မာနိုင်ငံအတွင်း လက်ရှိ ဖြစ်ပွားလျက်ရှိသည့် အသက် အန္တရာယ်ထိခိုက်စေနိုင်သော ကိုရိုနာဗိုင်းရပ်စ် (COVID-19) တိုက်ဖျက်နိုင်ရေး လှုပ်ရှားမှုတွင် အတူတကွ ပါဝင် ကူညီလိုသူ MPT သုံးစွဲသူ များအတွက် SMS ဖြင့် လှူဒါန်းနိုင်မည့် အထူးဝန်ဆောင်မှု အစီအစဥ်တစ်ခုကို မိတ်ဆက် လိုက်ပြီဖြစ်ကာ ယင်းမှာ  COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စုပေါင်းအားဖြင့် ကူညီပံ့ပိုးရန် ကြိုးပမ်းဆောင်ရွက်မှု အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ မည်သူမဆို စာတိုတစ်စောင် ပေးပို့ခြင်းဖြင့် COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အထောက်အပံ့ပြု ကူညီနိုင်မည်ဖြစ်ပါသည်။ ရရှိလာသည့် လှူဒါန်းငွေများအားလုံးကို COVID-19  နှင့်ပတ်သက်ပြီး ဖွဲ့စည်းထားသည့်  Corona Virus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ သို့  တိုက်ရိုက်လှူဒါန်းသွားမည် ဖြစ်သည်။

ပါဝင်လှူဒါန်းလိုသူများသည် 9900 သို့  500 ဟုရိုက်နှိပ်ပြီး SMS(စာတို) ပေးပို့နိုင်ပါသည်။ SMS တစ်ကြိမ် ပေးပို့ခြင်းဖြင့် အလှူငွေကျပ် ၅၀၀ ကို လှူဒါန်းနိုင်မည်ဖြစ်သည်။ MPT သုံးစွဲသူများ၏ SMS မှတစ်ဆင့် လှူဒါန်းနိုင်သည့် အကြိမ်အရေအတွက်ကို ကန့်သတ်ထားခြင်း မရှိပါ။ GSM/WCDMA စနစ် ကို အသုံးပြုသည့် ကြိုတင်ငွေဖြည့်စနစ် နှင့် အသုံးပြုပြီးမှ ငွေပေးချေသည့်စနစ်ကို သုံးစွဲသူ မည်သူမဆို ပါဝင်လှူဒါန်း နိုင်ပါသည်။ အသုံးပြုပြီးမှ ငွေပေးချေသည့်စနစ် သုံးစွဲသူများအတွက် လှူဒါန်းလိုက်သည့် ငွေပမာဏကို ငွေတောင်းခံလွှာတွင် ထည့်သွင်းကောက်ခံ သွားမည်ဖြစ်ပြီး ကြိုတင်ငွေဖြည့်စနစ် သုံးစွဲသူများအတွက်မူ ငွေဖြည့်သွင်းထားသည့် ပမာဏထဲမှ နုတ်ယူသွားပါမည်။

“မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးနဲ့ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ MPT အနေနဲ့ အခုလို အချိန် ကာလမှာ  မြန်မာပြည်သူတွေအကြား စဥ်ဆက်မပြတ် ဆက်သွယ်ချိတ်ဆက်ပေးနိုင်ဖို့သာမက COVID-19 ရဲ့ အကျိုးသက်ရောက်မှုကိုပါ ထိန်းချုပ်နိုင်စေဖို့အတွက် စုပေါင်းအင်အားနဲ့ဆောင်ရွက်နိုင်ရေးကိုလည်း အားစိုက် လုပ်ဆောင်နေတာဖြစ်ပါတယ်။ နိုင်ငံတော်ကဆောင်ရွက်နေတဲ့  ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေမှာ အထောက်အပံ့ဖြစ်စေဖို့ စိတ်ဝင်စားသူ အများပြည်သူတွေ အနေနဲ့ တိုက်ရိုက်ပါဝင်ပြီး လှူဒါန်းနိုင်ဖို့အတွက် အခုလို SMS က တစ်ဆင့် လှူဒါန်းနိုင်မယ့် အစီအစဥ်ကို အကောင် အထည်ဖော်လိုက်ခြင်း ဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations မှ လုပ်ငန်း လည်ပတ်မှုဌာနကြီး၏ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးမျိုးသန်းက ပြောကြားခဲ့ပါသည်။

  MPT အနေဖြင့် လက်ရှိတွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဝက်ဘ်ဆိုက်၊ မြန်မာနိုင်ငံဆရာဝန်အသင်း ဝက်ဘ်ဆိုက် တို့အပြင် လူကြည့်များသည့် သတင်း ဝက်ဘ်ဆိုက် ၄ ခုသို့ အင်တာနက် အသုံးပြုခ  အခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှုခွင့် ပေးထားပါသည်။ ထို့အပြင် မိသားစုများ၊ မိတ်ဆွေ သူငယ်ချင်း များနှင့် အဆက်အသွယ် မပြတ်ရှိစေရန် MPT ကြိုတင်ငွေဖြည့်စနစ် သုံးစွဲသူများအနေဖြင့် ငွေဖြည့်ပမာဏ၏ ၁၅၀% အထိ ငွေဖြည့်အပိုလက်ဆောင်များ ရရှိနိုင်မည့် အစီအစဥ်ကိုလည်း ဆောင်ရွက်ပေးထားပါသည်။ အလားတူပင် MPT သည် နိုင်ငံတစ်ဝန်းရှိ အသွားအလာကန့်သတ်ဆောင်ရွက်ထားသည့် နေရာ ၁၀ ခုသို့ ဖိုင်ဘာအင်တာနက် ထောက်ပံ့ ပေးလျက်ရှိပါသည်။ ထိုနည်းတူစွာပင် MPT သည် ရန်ကုန်၊ နေပြည်တော်နှင့် ကရင်ပြည်နယ် တို့ရှိ အသွားအလာကန့်သတ်ဆောင်ရွက်ထားသည့် နေရာများတွင် နေထိုင်နေကြသူများအနေဖြင့်  ၎င်းတို့၏ မိသားစုများနှင့် အဆက်အသွယ်မပြတ်စေရန် MPT မှ အင်တာနက်ဒေတာပါဝင်သည့်  ဆင်းမ်ကတ် ၉၀၀၀ ကျော်ကိုလည်း လှူဒါန်းဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

MPT အနေဖြင့် မိမိ၏ ဌာနအားလုံး လုံခြုံစိတ်ချရသော လုပ်ငန်းလည်ပတ်မှုများကို စဉ်ဆက်မပြတ် ဆက်လက် လုပ်ဆောင်နိုင်ရန်နှင့် Call Center များတွင် သုံးစွဲသူများအတွက် ဝန်ဆောင်မှုများ တိုးတက် ကောင်းမွန်လာစေရန် ဌာနတွင်း မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို အဆင့်မြှင့်တင်ထားသည်။ အလားတူပင် MPT သုံးစွဲသူများအနေဖြင့် မိုဘိုင်းလ်ဖုန်းကို အသုံးပြုကာ မိမိတို့၏ ဝန်ဆောင်မှုများ၊ အကောင့်များကို MPT4U အက်ပလီကေးရှင်းကို အသုံးပြုပြီး အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ပါသည်။ အသေးစိတ် ထပ်မံသိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍သော် လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။