×

ဆက်သွယ်ရေးကွန်ရက်အဆင့်မြှင့်တင်မှု စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ

20 Nov 2019

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဂျပန်နိုင်ငံ၊ Sojitz Corporation တို့သည် JICA ODA Loan ဖြင့်ဆောင်ရွက်သည့် ဆက်သွယ်ရေးကွန်ရက် အဆင့်မြှင့်တင်မှုစီမံကိန်းအတွက် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် သဘောတူစာချုပ်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ ၁၀:၀၀ နာရီ၌ နေပြည်တော်ရှိ Kempinski Hotel တွင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြပါသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်မျိုးနှင့် ဦးသာဦး ၊ ဝန်ကြီးဌာနမှ ဌာနအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး Mr. Ichiro Maruyama ၊ JICA Myanmar Office မှ Chief Representative Mr. Masayuki Karasawa ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဌာနများမှ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ အကြံပေးကုမ္ပဏီ JTEC-JV နှင့် Sojitz Corporation တို့မှ တာဝန်ရှိသူများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြပါသည်။

အစီအစဉ်အရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦးက အဖွင့်အမှာစကားကို လည်းကောင်း ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama က ဝမ်းမြောက်စကားကို လည်းကောင်း၊ ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွန်းက စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း၊ Sojitz Corporation Managing Executive Officer Mr. Koichi Yamaguchi က စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ပတ်သက် ၍ လည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။

ဆက်လက်၍ နှစ်ဘက်သဘောတူစာချုပ်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင်ထွန်း၊ Sojitz Corporation  Managing Executive Officer Mr. Koichi Yamaguchi တို့က လက်မှတ်ရေးထိုးကာ စာချုပ်ကို အပြန်အလှန် လဲလှယ်ကြပြီး စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကြပါသည်။

အဆိုပါ ဆက်သွယ်ရေးကွန်ရက်အဆင့်မြှင့်တင်မှုစီမံကိန်း အတွက် Project Feasibility Study ကို  ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်း စတင်ဆောင်ရွက်ခဲ့ကာ ဂျပန်ယန်းငွေ (၁၀.၅) ဘီလီယံ ပမာဏရှိ ချေးငွေစာချုပ်ကို မြန်မာနိုင်ငံအစိုးရနဲ့ ဂျပန်နိုင်ငံအစိုးရ (JICA) တို့အကြား ၂၀၁၅ ခုနှစ် မတ်လတွင် လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် နိုင်ငံတကာတင်ဒါခေါ်ယူ၍ တင်သွင်းလာသော ကုမ္ပဏီများအား  အဆင့်ဆင့် စိစစ်ပြီးနောက်  Sojitz Corporation ကို အပြီးသတ် ရွေးချယ်ကာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ စီမံကိန်းအရ ရန်ကုန်မြို့တွင်းအပါအဝင် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့ များကို ဆက်သွယ်ထားသော ဆက်သွယ်ရေး အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ခြင်း  ၊ National Gateway နှင့်  ISP များ အဆင့်မြှင့်တင်ခြင်း၊ သီလဝါအထူးစီးပွားရေးဇုန်တွင် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများတည်ဆောက်ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းကာလမှာ စုစုပေါင်း (၂)နှစ် ခန့် ကြာမြင့်မည်ဖြစ်ပါသည်။