×

ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများအပေါ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပြင်ဆင်ချက်များနှင့် စပ်လျဉ်း၍ သုံးစွဲသူများအား အသိပေးခြင်း

14 Jan 2022

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်)- ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ဆင်းမ်ကတ်အသစ်ကို စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုများအတွက် ကုန်သွယ်လုပ်ငန်းခွန်ကို တစ်ကြိမ်တည်း မြန်မာကျပ် ၂၀,၀၀၀ တိတိ ပေးဆောင်ရမည်ဖြစ်ပြီး မိုဘိုင်းလ်၊ ကြိုးဖုန်း နှင့် ဖိုင်ဘာ နည်းပညာများဖြင့် အသုံးပြုသော အင်တာနက်ဒေတာ သုံးစွဲမှုများအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၁၅% ကျသင့်စေရမည် ဖြစ်သည်။

အထက်ပါညွှန်ကြားချက်အရ အထူးသဖြင့် အင်တာနက်ဒေတာသုံးစွဲမှုများအတွက် MPT၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုနှုန်းထားများ နှင့် ဆင်းမ်ကတ်အသစ်ကို စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှု (SIM card activation) အပေါ် တွင် ပြောင်းလဲမှုများရှိမည် ဖြစ်ကြောင်း သုံးစွဲသူများသို့ အသိပေးအကြောင်းကြားအပ်ပါသည်။ ဖုန်းခေါ်ဆိုမှု (အသံ) နှင့် စာတို (SMS) သုံးစွဲမှုများအတွက်မူ ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်း အသုံးပြုနိုင်မည် ဖြစ်သည်။ MPT ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအပေါ် မည်ကဲ့သို့ပြောင်းလဲအကျိုးသက်ရောက်သွားမည်ကို သုံးစွဲသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများကို အသိပေး အကြောင်းကြားသွားမည် ဖြစ်သည်။

MPT သည် သုံးစွဲသူများသို့ ဆက်သွယ်ရေးဝန်ဆောင်မှုများကို အကောင်းဆုံးကြိုးပမ်းအားထုတ်မှုများဖြင့် ဆက်လက်ပေးအပ်သွားနိုင်ရန် အမြဲတစေ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဖြစ်ပေါ်လာသော အပြောင်းအလဲများ နှင့် သုံးစွဲသူများ၏ အဆင်မပြေမှုများအတွက် နားလည်ပေးမှုပြုပေးပါရန် MPT အနေဖြင့် မေတ္တာရပ်ခံအပ်ပါသည်။