×

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းများ ပြုလုပ်နိုင်ရန် MPT နှင့် KBZ ဘဏ်တို့ လက်တွဲဆောင်ရွက်

14 Dec 2016

(ရန်ကုန်၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၈ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ကမ္ဘောဇဘဏ်နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကမ္ဘောဇဘဏ်ခွဲများတွင် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။

၂၀၁၆ ခုနှစ် သြဂုတ်လ (၁) ရက်နေ့က ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားချက်အရ ဆင်းမ်ကတ်များအားလုံးကို ၂၀၁၇ ခုနှစ် မတ်လနောက်ဆုံးထား၍ မှတ်ပုံတင်ရမည် ဖြစ်သည့်အတွက် MPT သည် ဆင်းမ််ကတ်မှတ်ပုံတင်ခြင်းကို သုံးစွဲသူများအတွက် ပိုမို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်စေရန် မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် ကမ္ဘောဇဘဏ်နှင့် လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

MPT သုံးစွဲသူများသည် လက်တလောတွင် ကမ္ဘောဇဘဏ်ခွဲပေါင်း ၅၀ ခုတွင် သွားရောက်မှတ်ပုံတင်နိုင် မည်ဖြစ်ပြီး လာရောက်မှတ်ပုံတင်သူများကို ကမ္ဘောဇဘဏ်မှ အခမဲ့အစီအစဉ်များ ပြန်လည်ပေးအပ်သွား မည်ဖြစ်သည်။ ထို့ကြောင့် သတ်မှတ်ထားသောဘဏ်ခွဲများတွင် ၄င်းတို့၏ MPT ဆင်းမ်ကတ်များကို မှတ်ပုံတင်ရင်း KBZ internet banking စနစ်ကို အခမဲ့ရယူနိုင်မည်ဖြစ်သည်။ ထို့အပြင် ကမ္ဘောဇဘဏ် စာရင်းမရှိသေးသူများအတွက်လည်း ကမ္ဘောဇဘဏ်တွင် ၁၀၀၀ ကျပ်ကြိုတင်ငွေဖြည့်သွင်းထားသည့် ငွေစုဘဏ်စာရင်းအသစ်တစ်ခု အခမဲ့ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

ကမ္ဘောဇဘဏ်နှင့် MPT တို့၏ ယခုလိုပူးပေါင်းလိုက်ခြင်းက ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ပိုမိုလွယ်ကူ ချောမွေ့စေပြီး MPT အနေဖြင့် သုံးစွဲသူများ ဆင်းမ်ကတ်မှတ်ပုံတင်ဆောင်ရွက်နိုင်မည့် အခြားသောနည်းလမ်းများအပြင် ၀န်ဆောင်မှုအသစ်တစ်ခုအနေဖြင့် ထပ်မံပေးအပ်လိုက်ခြင်းဖြစ်သည်။ MPT အသုံးပြုသူများသည် MPT Call Customer Service Center ၏ ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍လည်း အွန်လိုင်းမှတစ်ဆင့် ဆင်းမ်ကတ်မှတ်ပုံတင်နိုင်မည့် လုပ်ငန်းစဉ်များနှင့် လိုအပ်သည်များ၊ ဆင်းမ်ကတ်မှတ်ပုံတင်နိုင်မည့်နေရာများကို သိရှိနိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “ကမ္ဘောဇဘဏ်ကဲ့သို့ ဘဏ်ကြီးတွေနဲ့ ထပ်မံလက်တွဲခွင့်ရတဲ့အတွက် ကျွန်တော်တို့ရဲ့ ၂၀၁၇ ခုနှစ် မတ်လမတိုင်မီ သုံးစွဲသူများအားလုံး ဆင်းမ်ကတ်မှတ်ပုံတင်ရေး ရည်မှန်းချက်ပန်းတိုင်နဲ့ ပိုပိုပြီး နီးကပ်လာပါပြီ။ ဆက်လက်ပြီးလည်း ဆင်းမ်ကတ်မှတ်ပုံတင်ရာမှာ လွယ်ကူမြန်ဆန်မှုရှိစေဖို့ ၀န်ဆောင်မှုပေးနိုင်မယ့်နေရာတွေ တိုးချဲ့ရင်း သုံးစွဲသူတွေအတွက် အဆင်ပြေအလွယ်ကူဆုံးသော နည်းလမ်းများကို ကျွန်တော်တို့ ရှာဖွေသွား မှာပါ” ဟု ပြောကြားခဲ့ပါသည်။

ကမ္ဘောဇဘဏ်၏ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးအောင်ကျော်မျိုးကလည်း “ကျွန်တော်တို့ ကမ္ဘောဇဘဏ်အနေနဲ့ ဒီလိုစီမံကိန်းမှာ MPT နဲ့အတူ ပါ၀င်ခွင့်ရတဲ့အတွက် အထူးဂုဏ်ယူမိပါတယ်။ ကမ္ဘောဇဘဏ်ခွဲတွေဟာ နိုင်ငံတစ်ဝှမ်းလုံးမှာ ရှိနေပြီဖြစ်တဲ့အတွက် သုံးစွဲသူများ ဆင်းမ်ကတ် မှတ်ပုံတင်တဲ့ အခါမှာ ပိုမိုလွယ်ကူပြီး အဆင်ပြေချောမွေ့စေမှာပါ။ ကျွန်တော်တို့နဲ့အတူ သုံးစွဲသူများ ပိုမိုပါ၀င်လာ အောင်လည်း ကျွန်တော်တို့ ပရိုမိုးရှင်းတွေ ပြုလုပ်ပေးထားပါတယ်။ သုံးစွဲသူများအတွက်ရော ကျွန်တော်တို့အတွက်ရော MPT အတွက်ရော နိုင်ငံတော်အတွက်ရော အောင်မြင်တဲ့စီမံကိန်း တစ်ခုဖြစ် လိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

MPT ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းနှင့် ကမ္ဘောဇဘဏ်အကောင့်ဖွင့်လှစ်ခြင်းတို့အတွက် သုံးစွဲသူများသည် ၄င်းတို့၏ မှတ်ပုံတင်မူရင်းပြသရန် လိုအပ်မည်ဖြစ်သည်။

ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတို့အပါအဝင် မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်မည့် ဘဏ်ခွဲစာရင်း အပြည့် အစုံကို MPT ၏ ၀က်ဘ်ဆိုဒ် www.mpt.com.mm တွင် ၀င်ရောက်ရယူနိုင်ပါသည်။

ကမ္ဘောဇအုပ်စုကုမ္ပဏီအကြောင်း

ကမ္ဘောဇအုပ်စုကို ၁၉၉၄ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး ယခုအခါ ဘဏ်လုပ်ငန်း၊ လေကြောင်း လိုင်းများ၊ အာမခံလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းနှင့် အခြားသောကမ္ဘောဇ၏လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်နေသော ၀န်ထမ်းပေါင်း ၈၀,၀၀၀ ကျော် ရှိပါသည်။ မြန်မာနိုင်ငံတွင် အကြီးဆုံံးပုဂ္ဂလိကအဖွဲ့အစည်းဖြစ်ပြီး အဓိကရည်ရွယ်ချက်မှာ တာဝန်ယူမှှုရှိသော စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် မြန်မာနိုင်ငံနှင့် ပြည်သူပြည်သားတို့၏အားမာန်ကို ဖြည့်တင်းရန် ဖြစ်သည်။ ကမ္ဘောဇအုပ်စု၏ “ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း” (KBZ Brighter Future Myanmar Foundation) သည် ပရဟိတလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိပြီး ဖောင်ဒေးရှင်း၏ လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး ဆိုင်ရာ တာဝန်ယူဆောင်ရွက်ချက်များကြောင့်လည်း ပြည်တွင်းပြည်ပမှ ဆုများစွာ ရရှိထားသည်။

ပိုမိုသိရှိလိုပါကကမ္ဘောဇကုမ္ပဏီများအုပ်စု၏ အင်တာနက် စာမျက်နှာပေါ်တွင် လေ့လာဖတ်ရှုနိုင်ပါသည်။ http://www.kbzgroup.com.mm/.