×

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းများ ပြုလုပ်နိုင်ရန် Bestone မိုဘိုင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု MPT ကြေညာ

13 Dec 2016

(ရန်ကုန်၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်) – MPT သုံးစွဲသူများသည် ၄င်းတို့၏ MPT ဆင်းမ်ကတ်များကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ Bestone မိုဘိုင်းဆားဗစ်စင်တာများတွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ သွားရောက်မှတ်ပုံတင်နိုင်တော့မည် ဖြစ်သည်။ MPT သည် Bestone မိုဘိုင်းနှင့် အကျိုးတူပူးပေါင်းကာ သုံးစွဲသူများအတွက် ဆင်းမ်ကတ်မှတ်ပုံတင်နိုင်မည့်နေရာတစ်ခု ထပ်မံတိုးချဲ့ပေးသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

MPT သုံးစွဲသူများသည် OVI အရောင်းဆိုင်များအပါအဝင် Bestone မိုဘိုင်းဆားဗစ်စင်တာ ၃၀ ကျော်တွင် သွားရောက်မှတ်ပုံတင်နိုင်မည်ဖြစ်၍ သွားရင်းလာရင်းဖြစ်စေ အဆိုပါစင်တာများတွင် မိုဘိုင်းဆက်စပ် ပစ္စည်းများ လာရောက်ဝယ်ယူရင်းဖြစ်စေ ၄င်းတို့၏ဆင်းမ်ကတ်များကို လွယ်လွယ်ကူကူနှင့် လျင်လျင်မြန်မြန် တစ်ပါတည်း မှတ်ပုံတင်သွားနိုင်မည် ဖြစ်သည်။

ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ၊ ကချင်၊ မွန်၊ ရှမ်းနှင့် တနင်္သာရီတို့အပါအဝင် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်မည့် Bestone မိုဘိုင်းစင်တာ၏ လိပ်စာအပြည့်အစုံကို MPT ၏ ၀က်ဘ်ဆိုဒ် www.mpt.com.mm နှင့် Bestone ၀က်ဘ်ဆိုဒ် တို့တွင် ၀င်ရောက်လေ့လာနိုင်မည်ဖြစ်သည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၇ ခုနှစ် မတ်လကုန်မတိုင်မီ ဆင်းမ်ကတ်များအားလုံး မှတ်ပုံတင် ရမည်ဟူသော ညွှန်ကြားချက်နှင့်အညီ MPT သည် ၄င်း၏သုံးစွဲသူများအားလုံး သတ်မှတ်ချိန်အတွင်း မှတ်ပုံတင်ပြီးစီးရေးအတွက် လက်လီအရောင်းဆိုင်များ၊ စီးပွားရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မှတ်ပုံတင်နိုင်မည့်နေရာများ တိုးချဲ့ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ MPT သည် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ CB ဘဏ်၊ KBZ ဘဏ်တိုနှင့် လက်တွဲပြီးနောက်ပိုင်းတွင် Bestone မိုဘိုင်းနှင့်ပူးပေါင်း၍ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို နိုင်ငံတစ်ဝှမ်း ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်၍ ထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းဖြစ်သည်။ ဆင်းမ်ကတ်မှတ်ပုံတင်ရာတွင် မှတ်ပုံတင်မူရင်း (မိတ္တူမဟုတ်) သို့မဟုတ် အစိုးရအသိအမှတ်ပြုကတ်များ ယူဆောင်လာရန် လိုအပ်မည်ဖြစ်သည်။

Bestone မိုဘိုင်း၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Mr. Tao Ye က “ကျွန်တော်တို့အနေနဲ့ ခုလို MPT နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့အတွက် အထူးဝမ်းသာမိပါတယ်။ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ဆားဗစ်စင်တာတွေ၊ မိုဘိုင်းစက်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ၀န်ဆောင်မှုပေးတဲ့အပိုင်းမှာ အတွေ့အကြုံရှိမှုတွေ ပေါင်းစည်းလိုက်မယ်ဆိုရင် သုံးစွဲသူများဟာ Bestone မိုဘိုင်းမှာ လာရောက်ပြီး ဆင်းမ်ကတ်မှတ်ပုံတင်တဲ့အခါမှာ လွယ်ကူသက်သာမှုရှိလိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ သုံးစွဲသူများအားလုံးကို ကျွန်တော်တို့ဘက်ကနေ အကောင်းဆုံးသောဝန်ဆောင်မှုတွေနဲ့ ကူညီပေးသွားမှာပါ” ဟု ပြောကြားခဲ့ပါသည်။

MPT သည် လက်လီအရောင်းဆိုင်များ၊ တက္ကသိုလ်ကျောင်းများ နှင့် လက်တွဲပူးပေါင်းပြီး ဆင်းမ်ကတ်မှတ်ပုံတင်နိုင်မည့်နေရာများ တိုးချဲ့ကာ သုံးစွဲသူများ သက်သောင့်သက်သာအရှိဆုံး မှတ်ပုံတင်နိုင်စေရန် ၀န်ဆောင်မှုများပေးအပ်လျက်ရှိပါသည်။ MPT-KSGM ၏ Chief Commercial Officer ဖြစ်သူ Mr Koichi Kawase က “MPT နဲ့ အခြားသောမိတ်ဖက်အဖွဲ့အစည်းများ နှင့် ပူးပေါင်းပြီး သုံးစွဲသူများ အခက်အခဲမရှိ ဆင်းမ်ကတ်မှတ်ပုံ နိုင်ရေးအတွက် ဆောင်ရွက်နေတဲ့အထဲက Bestone ဟာ MPT ရဲ့ အသစ်ထပ်မံ မိတ်ဆက်လိုက်တဲ့ မိတ်ဖက်လုပ်ငန်းပဲ ဖြစ်ပါတယ်” ဟု ဆိုပါသည်။

MPT အမှတ်တံဆိပ်အရောင်းဆိုင်များ၏ လိပ်စာ သို့မဟုတ် အွန်လိိုင်းမှ မှတ်ပုံတင်ခြင်းကိစ္စရပ်များအတွက် သိလိုသည်များရှိပါက MPT ၏ ၀က်ဘ်ဆိုဒ် www.mpt.com.mm နှင့် Bestone ၏ www.bestonemobile.com ၀က်ဘ်ဆိုဒ် များတွင် လေ့လာကြည့်ရှုနိုင်မည်ဖြစ်သည်။