×

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းများ ပြုလုပ်နိုင်ရန် MPT နှင့် CB Bank တို့ လက်တွဲဆောင်ရွက်

16 Nov 2016

(ရန်ကုန်၊ နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၁၆) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် CB Bank နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတဝှမ်းရှိ CB ဘဏ်ခွဲများတွင် ဆင်းကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်မှ စတင်၍ ဆောင်ရွက်နိုင်ပြီဖြစ် ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။

၂၀၁၆ ခုနှစ် သြဂုတ်လ (၁) ရက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားချက်အရ ဆင်းမ်ကတ်အားလုံးကို ၂၀၁၇ ခုနှစ်၊ မတ်လနောက်ဆုံးထား၍ မှတ်ပုံတင်ရမည်ဖြစ်သည့်အတွက် MPT သည် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များ ပိုမိုအဆင်ပြေ ချောမွေ့စွာလုပ်ဆောင်နိုင်စေရန် မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် CB Bank နှင့် ချိတ်ဆက်ခဲ့ပါသည်။ CB Bank သည် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို လက်ခံဆောင်ရွက်ပေးသည့် ပထမဆုံးဘဏ်ဖြစ်ပြီး သုံးစွဲသူများသည် ၎င်းတို့၏ ဆင်းမ်ကတ်များကို ချောမွေ့လွယ်ကူစွာဖြင့် မှတ်ပုံတင်နိုင်တော့မည်ဖြစ်သည်။

MPT အသုံးပြုသူများသည် ယခုအချိ်န်တွင် CB ဘဏ်ခွဲပေါင်း ၂၄ ခုတွင် သွားရောက်မှတ်ပုံတင်နိုင်ပြီး CB Bank ၏ ကျန်ရှိသောဘဏ်ခွဲများတွင်ပါ ဝန်ဆောင်မှုများပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် သတ်မှတ်ထားသော CB Bank ဘဏ်ခွဲများတွင် SIM Card Register ပြု လုပ်ပြီး Bank Account ပါ ဖွင့်ရင်း နှှင့် CB Bank မှပေးသော MPT ငွေဖြည့် ကဒ်လက်ဆောင်ကိုလည်းရယူနိုင်မည် ဖြစ်သည်။

တစ်နည်းအား ဖြင့်လည်း MPT Call Centre ၏ Customer Service ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍လည်း အွန်လိုင်းမှတစ်ဆင့် SIM ကတ်မှတ်ပုံတင်နိုင်မည့်  လုပ်ငန်းစဉ်များနှင့် လိုအပ်သည်များကို သိရှိနိုင်မည်ဖြစ် သည်။ ထို့အပြင် MPT အမှတ်တံဆိပ်ဆိုင်များတွင်လည်း သုံးစွဲသူများသည် ၎င်းတို့၏ ဆင်းမ်ကတ်များကို ရိုးရှင်းသည့်နည်းလမ်းဖြင့် မြန်ဆန်လွယ်ကူစွာ မှတ်ပုံတင်နိုင်ရန်အတွက် ဝန်ဆာင်မှုပေးလျက်ရှိပါသည်။

MPT-KSGM  Joint Operation မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “ကျွန်တော်တို့ အနေနဲ့ CB Bank နဲ့လက်တွဲဆောင်ရွက်ရတာကို တကယ့်ကိုပဲ ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ ဒီလိုပဏာမခြေလှမ်းကနေ အစပြုပြီး လုပ်ငန်းစဉ်များဆက်လက်တိုးချဲ့သွားနိုင်ရန် ပူးပေါင်းလက်တွဲဖို့ မျှော်လင့်လျက်ရှိပါတယ်။ ဒါမှလည်း ကျွန်တော်တို့ရဲ့သုံးစွဲသူတွေဟာ သူတို့ရဲ့ ဆင်းမ်ကတ်တွေကို သတ်မှတ်ရက်မတိုင်ခင် မှတ်ပုံတင်ဖို့အလွယ်တကူဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

CB Bank မှ Deputy Head of Consumer Banking Division ဖြစ်သူ ဦးဇော်မင်းသန့်က “ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းလုပ်ငန်းအတွက် MPT နဲ့ ပူးပေါင်းဆောင်ရွက်ရတာကို ကျွန်တော်တို့အနေနဲ့ ကျေနပ်မိပါတယ်။ ကျွန်တော်တို့ရဲ့ လက်ရှိသုံးစွဲသူတွေအတွက်လည်း ဆင်းမ်ကတ်မှတ်ပုံတင်တာတွေကို ကျွန်တော် တို့ရဲ့ ဘဏ်ခွဲတွေမှာ ပြုလုပ်နိုင်ပြီဆိုတော့ ပိုပြီးအဆင်ပြေပါတယ်။ဒီလိုပူးပေါင်းဆောင်ရွက်မှုကနေ တစ်ဆင့် သုံးစွဲသူအသစ်တွေ၊ ငွေစာရင်းဖွင့်သူတွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ပြောကြား သည်။

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့အပါအဝင် မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်မည့် ဘဏ်ခွဲစာရင်း အပြည့် အစုံကို CB Bank lists တွင် ကြည့်ရှုနိုင်ပြီး ဖို်င်ကို ရယူနိုင်ပါသည်။