×

နိုင်ငံတစ်ဝန်းမှ လူငယ်ကစားသမား ၅,၀၀၀ကျော် ပါဝင်ခဲ့သည့် MPT လူငယ်ဘောလုံးပွဲတော်များနှင့် အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲများ အောင်မြင်စွာကျင်းပပြီးစီးခဲ့

30 Oct 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် ၊ အောက်တိုဘာလ ၃၀ ရက်) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သည့် MPT သည် မြန်မာနေရှင်နယ်လိဂ် (MNL)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့နှင့် အတူပူးပေါင်း၍ ၂၀၁၉ ခုနှစ် MPT လူငယ်ဘောလုံးပွဲတော်များနှင့် အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံး ပြိုင်ပွဲများကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီဖြစ်သည်။

မြန်မာလူငယ်ဘောလုံးကစားသမားများအတွက် အနာဂတ်အခွင့်အလမ်းကောင်းများ ပိုမိုယူဆောင်လာပေးနိုင် ရန်နှင့် မျိုးဆက်သစ်လူငယ်လူရွယ်များအကြား ကျန်းမာကြံ့ခိုင်သည့် လူနေမှုဘဝကိုရရှိစေရန်ရည်ရွယ်၍ နိုင်ငံအနှံ့ ဘောလုံးအားကစားပြိုင်ပွဲများကိုကျင်းပခဲ့ရာ ယခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းမှ လူငယ်ကစားသမား ၅,၀၀၀ ကျော် ပါဝင်ဆင်နွဲခဲ့သည်။

နိုင်ငံတစ်ဝန်းတွင် ကျင်းပခဲ့သည့် MPT လူငယ်ဘောလုံးပွဲတော်များနှင့် အသက် ၁၄ နှစ်အောက် ဘောလုံး ပြိုင်ပွဲများကို ၂၀၁၉ ဇူလိုင်မှ စတင်၍ တိုင်းနှင့် ပြည်နယ် ၁၀ ခု ဖြစ်သည့် ( မန္တလေး၊ မုံရွာ၊ ပဲခူး၊ မော်လမြိုင်၊ စစ်တွေ၊ ပုသိမ်၊ ရန်ကုန်၊ တောင်ကြီး၊ မကွေး နှင့် ကရင်) တို့တွင် ကျင်းပခဲ့ရာ အသင်းပေါင်း ၁၂၀ကျော် ပါဝင်ခဲ့ပြီး ပွဲစဉ်များအတွင်း ၎င်းတို့၏ ဘောလုံးစွမ်းရည်များကို ပြသနိုင်ခဲ့သည်။ ထို့အပြင် MPT က ဘောလုံးအခြေခံ အားကစားနည်း သင်ကြားရေး (Basic Football Skill Drills and Exercises) ရုပ်သံစီးရီးအစီအစဉ် ပါဝင်သည့် ဒီဗွီဒီအချပ်ရေ ရာပေါင်းများစွာကိုလည်း ယမန်နှစ်ကမပါဝင်သည့် နောက်ထပ် ပြည်နယ်နှစ်ခုတွင် ယခုနှစ်အတွင်း ထပ်မံဖြန့်ဝေခဲ့ခြင်းကြောင့် လူငယ်ဘောလုံး ကစားသမားများအနေဖြင့် ဒီဗွီဒီအခွေကို ကြည့်ရှုပြီး ဘောလုံး စွမ်းရည်များကို လက်တွေ့လေ့ကျင့်နိုင်မည့် အခွင့်အရေးများ ရရှိလာမည်ဖြစ်သည်။ MPT ၊ MNL နှင့် MFF တို့ ပူးပေါင်းထုတ်လုပ်ခဲ့သည့် ဘောလုံးအခြေခံ အားကစားနည်း သင်ကြားရေး ရုပ်သံစီးရီးအစီအစဉ်ကို လွန်ခဲ့သည့်နှစ်က တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုရှိ ကလေးများထံသို့ ဖြန့်ဝေပေးခဲ့ပြီး ဖြစ်သည်။

အဆိုပါ ဗွီဒီယိုကို MPT ၏ လိုတရပေါ်တယ်ရှိ https://lotaya.mpt.com.mm/service/mnl/training_video တွင် MPT ကွန်ရက်ကို အသုံးပြု၍ ဒေတာ အခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

“ကျွန်တော်တို့ရဲ့ ဘောလုံးပွဲစဉ်တိုင်းမှာ ပါဝင်ခဲ့တဲ့ လူငယ်ကစားသမားအားလုံးကို ဒီကနေဂုဏ်ပြုလိုပါတယ်။ ငယ်ရွယ်တဲ့ အချိန်မှာ ဘောလုံးကစားခြင်းဟာ ကျွန်တော်တို့အားလုံးအတွက် ကိုယ်ကာယကျန်းမာကြံခိုင်စေတဲ့ အဓိကအချက်ပဲဖြစ်ပါတယ်။ လူငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုဆောင်ရွက်ခြင်းဟာ မြန်မာဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ ဒီလိုဘောလုံးပွဲတော်တွေကတစ်ဆင့် မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့လူငယ်တွေအနေနဲ့ အခြေခံဘောလုံးစွမ်းရည်တွေကို လေ့လာနိုင်မှာဖြစ်ပြီး ဘောလုံးအားကစားကိုလည်း ပိုမိုချစ်ခင် လာလိမ့်မယ်လို့ ကျွန်တော်တို့တကယ့်ကိုပဲ ယုံကြည်မိပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda ကပြောကြားသည်။

MPT အနေဖြင့် “နှလုံးသားထဲက မြန်မာ” ဟူသော ဆောင်ပုဒ် အတိုင်း နိုင်ငံတစ်ဝန်းလုံးတွင် ဘောလုံးအားကစားဖွံ့ဖြိုး တိုးတက်စေရန်အတွက် လူငယ်ဘောလုံးပွဲတော်များ၊ လူငယ်နှင့် တက္ကသိုလ်အဆင့် ဘောလုံးပြိုင်ပွဲများကို ဆောင်ရွက်ကာ အနာဂတ်တွင် အရည်အချင်းရှိသည့်လူငယ်ဘောလုံးသမားများကို မွေးထုတ်ပေးနိုင်ရန်အတွက် MNL နှင့်အတူ လိုအပ်သည်များကို အထောက်အပံ့ပြုကာ တက်တက်ကြွကြွ ဆောင်ရွက်သွားရန် သန္နိဌာန်ချ လုပ်ဆောင်နေပါသည်။

ထို့အပြင် အဆိုပါပွဲများမှတစ်ဆင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အနေဖြင့် တစ်နိုင်ငံလုံးရှိ ဘောလုံးစွမ်းရည် ပါရမီရှိသူများကို ဖော်ထုတ်စုဆောင်းနိုင်မည့် အခွင့်အရေးရရှိမည်ဖြစ်ပြီး အရည်အချင်းရှိသူများက နိုင်ငံ့ကိုယ်စားပြုအသင်းများအတွက် သက်တမ်းအလိုက် ပါဝင်နိုင်ခွင့် ရရှိလာမည် ဖြစ်သည်။ အလားတူပင် နည်းပြများနှင့် ထိုဘောလုံးပွဲတော်များတွင် လေ့ကျင့်သင်ကြားပေးသူများအနေဖြင့်လည်း ၎င်းတို့၏ အရည်အသွေးကို ပိုမိုကောင်းမွန်လာစေရန် မြှင့်တင်နိုင်မည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ကာ နိုင်ငံတွင်းရှိ အခြားကျောင်းများမှ နည်းပြများနှင့်လည်း အတွေ့အကြုံ ဗဟုသုတများကို ဖလှယ်ခွင့်ရမည် ဖြစ်သည့်အပြင် မြန်မာဘောလုံးလောက၏ အနာဂတ်ကြယ်ပွင့်များ၏ အခြေခံအဆင့်အတွက်လိုအပ်သည့် ဘောလုံးစွမ်းရည် များကို ဝေမျှနိုင်မည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်၏ Chief Executive Officer ဖြစ်သူ ဦးစိုးမိုးကျော်က “အခုနှစ်မှာ MPT နဲ့ ထပ်မံပြီးပူးပေါင်းဆောင်ရွက်ရတာဟာ MFF နဲ့ MNL တို့အတွက် အလွန်ကျေနပ်အားရစရာဖြစ်ပါတယ်။ ထောင်ပေါင်းများစွာသော လူငယ်ကစားသမားတွေအဖို့ သူတို့ရဲ့စွမ်းရည်ကို ထုတ်ဖော်ပြသနိုင်ဖို့ အခွင့်အရေး ရလာပြီးတော့ ကျွန်တော်တို့နိုင်ငံလက်ရွေးစင်အသင်းရဲ့ အဆင့်တွေတိုင်းမှာပါဝင်နိုင်ဖို့ အခွင့်အလမ်းကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းမှာ ကျင်းပနေတဲ့ MPT လူငယ်ဘောလုံးပွဲတော်တွေဟာ မြန်မာဘောလုံးလောကရဲ့ အနာဂတ်အတွက် တကယ့်ကိုအရေးပါပြီး MPT ရဲ့တစိုက်မတ်မတ် အားပေး ထောက်ပံ့မှုတွေအပြင် အားကစားသမားတွေ၊ အားကစားနည်းပြတွေ၊ လေ့ကျင့်ပေးသူတွေ၊ ဆရာတွေ၊ မိဘတွေနဲ့ ပံ့ပိုးပေးသူတွေအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။” ဟု ပြောကြားခဲ့သည်။

MPT ၏ လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်မှုများနှင့် လူငယ်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ချက်များကို အသေး စိတ်သိရှိလိုပါက MPT ၏ တရားဝင် Facebook စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage/ နှင့် MPT ၏ တရားဝင် website ဖြစ်သည့် https://mpt.com.mm တို့တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။