×

နိုင်ငံတစ်ဝှမ်းရှိ စာတိုက်များ၌ MPT ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဝန်ဆောင်မှု စတင်ရရှိ

23 Dec 2016

သုံးစွဲသူများသည် မိမိတို့နှင့်နီးစပ်ရာစာတိုက်များသို့ သွားရောက်၍ အဆင်ပြေချောမွေ့စွာဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်နိုင်ပါပြီ
(ရန်ကုန်၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်) – ဆက်သွယ်ရေး အော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ စာတိုက်ပေါင်း ရ၈၂ ခုတွင် MPT ၏ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း လုပ်ငန်းများကို လွယ်ကူချောမွေ့စွာ လုပ်ဆောင်ပေးနေပြီဖြစ်ကြောင်း သတင်း ထုတ်ပြန် ကြေညာလိုက်ပါသည်။

မြန်မာ့စာတိုက်လုပ်ငန်းနှင့် ယခုကဲ့သို့ ပူးပေါင်းကာ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ပြုလုပ်နိုင်မည့်နေရာများ ထပ်မံတိုးချဲ့လိုက်ခြင်းမှာ ၂၀၁၇ ခုနှစ် မတ်လမတိုင်မီ ဆင်းမ်ကတ်များအားလုံး မှတ်ပုံတင်ပြီးစီးရေးဟူသော ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်နှင့် အညီ MPT ၏ ၂၁ သန်းကျော်သော သုံးစွဲသူများအားလုံး သတ်မှတ်ချိန်အတွင်း မှတ်ပုံတင် ပြီးစီးစေရေး ဆိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသည့် MPT ၏ ကြိုးပမ်းမှုများထဲမှ တစ်ခုပင် ဖြစ်ပါသည်။

MPT-KSGM မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “အမြို့မြို့အနယ်နယ်တိုင်းမှာ ဖြန့်ကျက်တည်ရှိတဲ့ စာတိုက်များမှာ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ၀န်ဆောင်မှုကို ခုလိုသက်ဆိုင်ရာနဲ့ ပူးပေါင်း ပေးအပ်နိုင်ခဲ့အတွက် ၀မ်းသာမိပါတယ်။ ကျွန်တော်တို့သုံးစွဲသူတွေဟာ ဒီလိုနေရာတွေကို သူတို့ရဲ့ နေ့စဉ်အလုပ်ကိစ္စတွေအတွက်နဲ့ မကြာခဏရောက်ရှိတတ်တဲ့အတွက် တကူးတကသွားဖို့ မလိုတော့ဘဲ သူတို့ရဲ့ MPT ဆင်းမ်ကတ်တွေကိုလည်း သက်သောင့်သက်သာနဲ့ အလွယ်တကူမှတ်ပုံတင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဆိုပါသည်။
စာတိုက်များတွင် ဆင်းမ်ကတ်မှတ်ပုံတင်နိုင်ရန်အတွက် MPT သုံးစွဲသူများသည် ၄င်းတို့မှတ်ပုံတင်မည့် လက်ရှိဆင်းမ်ကတ်နှင့် နိုင်ငံသားမှတ်ပုံတင်ကတ်၊ ကျောင်းသားကတ် သို့မဟုတ် ယာဉ်မောင်းလိုင်စင် အစရှိသည့် အထောက်အထားတစ်ခုခု၊ နိုင်ငံခြားသားများအနေဖြင့် နိုင်ငံကူးလတ်မှတ်တို့ကို ယူဆောင်လာရန် လိုအပ်ပါသည်။

မြန်မာ့စာတိုက်လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာဖြစ်သူ ဒေါ်ငုသီတာမှလည်း “မြန်မာ့စာတိုက်လုပ်ငန်း အနေနဲ့လည်း ညီအစ်ကိုဌာနဖြစ်တဲ့ MPT ရဲ့ ဆင်းမ်ကတ်မှတ်ပုံတင်တဲ့ လုပ်ငန်းတွေမှာ တစ်တပ်တစ်အား ပါဝင်ကူညီခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တစ်နိုင်ငံလုံးအနှံ့ရှိတဲ့ စာတိုက်တွေကနေပြီးတော့ ပြည်သူတွေကို ဝန်ဆောင်မှုပေးနေရတဲ့ဌာန ဖြစ်တဲ့အလျောက် MPT နဲ့လက်တွဲပြီး ဒီလုပ်ငန်းကို အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ မြန်မာ့စာတိုက်လုပ်ငန်းကလည်း အခုအချိန်မှာ ပြည်သူတွေရဲ့ယုံကြည်မှုရအောင် ပြောင်းလဲဆောင်ရွက်နေတဲ့ အချိန်အခါဖြစ်တာမို့ မြန်မာ့စာတိုက်လုပ်ငန်း ဝန်ထမ်းများအားလုံးက ပြည်သူလူထုအပေါ် အပြည့်အဝ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

ဆင်းမ်ကတ်မှတ်ပုံတင်ပြုလုပ်ခြင်းကို မြန်မာ့စာတိုက်ပေါင်း ရ၈၂ တွင် ပြုလုပ်နိုင်ရုံမက မြန်မာနိုင်ငံတစ်ဝှမ်းရှိ အိတ်ချိန်းရုံးပေါင်း ၃၀၀ ကျော်တွင်လည်း ဆောင်ရွက်နိုင်ပြီး MPT လက်လီအရောင်းဆိုင်ပေါင်း ၃၅,၀၀၀ တွင်ပါ မှတ်ပုံတင်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် CB ဘဏ် ၊ KBZ ဘဏ်နှင့် Bestone မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင်လည်း ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းများ ဆောင်ရွက်နိုင်ရန် MPT မှ စီစဉ်ပေးထားပြီးဖြစ်ပါသည်။

အွန်လိုင်းမှမှတ်ပုံတင်ခြင်းနည်းလမ်းအပါအဝင် MPT အမှတ်တံဆိပ် အရောင်းဆိုင်များ၊ ဆင်းမ်ကတ်မှတ်ပုံတင် ပွဲတော်များ၊ ကျေးလက်ဒေသအရောက် ၀န်ဆောင်မှုပေးနေသော မော်တော်ယာဉ်များအပါအဝင် အခြားသော ဆင်းမ်ကတ်မှတ်ပုံတင်နိုင်မည့်နေရာများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက http://mpt.com.mm/en/sim-registration/ တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။