×

နိုဝင်ဘာလအတွင်းကျင်းပမည့် ရိုးရာပွဲတော်များတွင် မြန်မာ့ဆက်သွယ်ရေးမှ လှူဒါန်းမှုများ ပြုလုပ်သွားမည်

19 Nov 2015

[:my]ရန်ကုန်၊ မြန်မာ၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က တန်ဆောင်မုန်းလ မီးထွန်းပွဲတော်ကာလအတွင်း မြန်မာပြည်သူပြည်သားများနှင့် အတူ လှူဒါန်းမှုများပြုလုပ်ကာ ပါဝင်ဆင်နွှဲသွားမည်ဖြစ်သည်။

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပေါ်၌ ဆီမီး ၉ ထောင်ပူဇော်မည်ဖြစ်ပြီး လာရောက် ဘုရားဖူးသူ အများပြည်သူကိုလည်း ဆီမီးပူဇော်နိုင်ရန် ဖယောင်းတိုင်များနှင့် ဘုရားရှိခိုးပူဇော်ရန် ယောဂီတဘက်များ ပေးလှူသွားမည်ဖြစ်သည်။ ထို့အပြင် သံဃာတော်များအား ဆွမ်းကပ်လှူခြင်းနှင့် မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရှိရာ ကျိုက်ထီးရိုးဘုရား ပြုပြင်တည်ဆောက်ရေးအတွက် အလှူငွေများကိုလည်း ဂေါပကအဖွဲ့သို့ ပေးအပ်လှူဒါန်းသွားမည်ဖြစ်သည်။ ထိုသို့သော လှူဒါန်းမှုများအပြင် နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း ကျင်းပပြုလုပ်မည့် ပြည်မြို့ ရွှေဆံတော်ဘုရားပွဲတော်နှင့် နိုဝင်ဘာလ ၂၂ ရက်နေ့ မှ ၂၆ ရက်နေ့အတွင်း ကျင်းပ ပြုလုပ်မည့် ကသာမြို့ သက်ပန်ဘုရားပွဲတော်များအတွင်းတွင်လည်း ဘုရားဖူးများပျော်ရွှင်စေရန်အတွက် MPT ပြခန်းများတွင် မျက်လှည့်ပွဲများ၊ ဉာဏ်စမ်းအမေးအဖြေများထည့်သွင်းပြုလုပ်မည်ဖြစ်သည်။

နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ပြည်မြို့ရှိ ရွှေဆံတော်ဘုရားပွဲအတွင်း ဗုဒ္ဓမြတ်စွယ်တော် လှည့်လည်အပူဇော်ခံပွဲ ကျင်းပမည် ဖြစ်ရာ MPT မှ ကျပ်သိန်း ၂၀ ကို စွယ်တော် လှည့်လည်အပူဇော်ခံမည့် ကရဝိတ်ဖောင်တော် မျက်နှာကြက် မွမ်းမံအလှဆင်ရန်အတွက် လှူဒါန်းမည်ဖြစ်သည်။ ထို့ပြင် ဖောင်တော်အား ရှေ့မှ ရွှေကြိုးငွေကြိုးများဖြင့် ဆွဲယူမည့် စည်တော်ဖောင် အလှဆင်မွမ်းမံ ရန်အတွက်လည်း ငွေကျပ် ၁၈ သိန်းကို ပါဝင်လှူဒါန်းသွားမည်ဖြစ်သည်။ ထိုလှူဒါန်းမှုများအပြင် နိုဝင်ဘာလ ၂၆ ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့ ညနေ ၅ နာရီအချိန်တွင် ပြည်မြို့ ရွှေဆံတော်ဘုရား၊ ရန်ကုန်မြို့ ရွှေတိဂုံဘုရားနှင့် မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးတို့၌ လာရောက်ဘုရားဖူးသူ အများပြည်သူအား ဆီမီးပူဇော်နိုင်ရန် ဖယောင်းတိုင်များနှင့် ယောဂီတဘက်များကို ဝေငှလှူဒါန်းမည်ဖြစ်သည်။

MPT-KSGM Joint Operation မှ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase က “ တန်ဆောင်မုန်းလ အတွင်းမှာ မြန်မာပြည်သူပြည်သားတွေကို ခုလို ယောဂီတဘက်တွေ၊ ဖယောင်းတိုင်တွေ လှူဒါန်းပြီး ဘုရားပွဲတော်အတွင်း ပျော်ရွှင်စရာတွေ ပြုလုပ်ပေးရတာက ကျွန်တော်တို့အတွက် အထူးဝမ်းသာစရာတစ်ခုပါ၊ ခုလို တစ်နိုင်ငံလုံးကျင်းပတဲ့ ရိုးရာပွဲတော်အတွင်းမှာ ပါဝင်ခြင်းဟာ ကျွန်တော်တို့ အားလုံးအတွက် ပီတိဖြစ်စေပြီး ကျွန်တော်တို့လုပ်ဆောင်ရမယ့် တာဝန်တစ်ခုလည်း ဖြစ်ပါတယ်၊” ဟု ပြောကြားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ဆောင်မှုများနှင့် ပရိုမိုးရှင်းအစီအစဉ်များသာမကဘဲ သုံးစွဲသူ မိဘပြည်သူများ၏ ပျော်ရွှင်မှုကိုလည်း အလေးထားဆောင်ရွက်လျက်ရှိသည်။ [:]