×

နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ထာဝရငြိမ်းချမ်းရေးစေတီတော် အတွက် SMS မှ တစ်ဆင့်လှူဒါန်းမှုအစီအစဉ် MPT စတင်

28 Sep 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က သုံးစွဲသူ မိဘပြည်သူများအနေဖြင့် ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း တည်ထား ကိုးကွယ်မည့် ထာဝရငြိမ်းချမ်းရေး စေတီတော် တည်ဆောက်ရေးလုပ်ငန်းစဉ်၌ ငွေကြေးပါဝင်လှူဒါန်းမှု ပြုလုပ်နိုင်ကြရန်အတွက် SMS ဖြင့် လှူဒါန်းနိုင်မည့် အစီအစဉ်တစ်ခုကို ယနေ့ စတင်ပြုလုပ်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာသည်။

နိုင်ငံသားများနှင့် ပြည်ထောင်စုအသိုက်အဝန်းတစ်ရပ်လုံး အစဉ်ငြိမ်းချမ်းစေရန်ဟူသော ဆန္ဒဖြင့်တည်ထား ကိုးကွယ်မည့် ထာဝရငြိမ်းချမ်းရေးစေတီတော်အတွက် လှူဒါန်းမှုပြုလုပ်လိုသည့် MPT သုံးစွဲသူများအနေဖြင့် စက်တင်ဘာလ ၂၈ ရက်နေ့မှ စတင်၍ 9000 သို့ “500” ဟု ပေးပို့ရမည်ဖြစ်သည်။ တစ်ကြိမ်ပေးပို့ ခြင်းဖြင့် အလှူငွေကျပ် ၅၀၀ လှူဒါန်းပြီးမြောက်မည်ဖြစ်ပြီး သုံးစွဲသူများက အကြိမ်အရေအတွက် အကန့်အသတ် မရှိ ပေးပို့ပါဝင် လှူဒါန်းသွားနိုင်မည်ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဦးခင်မောင်ထွန်းက “ထာဝရငြိမ်းချမ်းရေးစေတီဟာ နောင်လာမယ့်မျိုးဆက်သစ်တွေကြားမှာ မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ ကြီးမြတ်တဲ့ ငြိမ်းချမ်းရေးသမိုင်းစဉ်တွေကို မပျောက်မပျက်နဲ့ ထိန်းသိမ်းပြသထားနိုင်မယ့် တန်ဖိုးကြီးမားတဲ့ ပြယုခ်ကြီးတစ်ခုဖြစ်ပါတယ်။ စေတီတော်ကြီး တည်ထားကိုးကွယ်ခြင်းအတွက် လိုအပ်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့ သက်ဆိုင်ရာဘုရားဂေါပကလူကြီးများအနေနဲ့ ရေရှည်တည်တံ့နိုင်စေရေးအတွက် ထိန်းသိမ်း စောင့်ရှောက် နိုင်ဖို့အတွက် MPT သုံးစွဲကြသူတွေအနေနဲ့လည်း မိမိတို့ရဲ့ မိုဘိုင်းလ် ဖုန်းတွေက တစ်ဆင့် SMS ပေးပို့ပြီး တတပ်တအားလှူဒါန်းကုသိုလ်ယူနိုင်ကြပါပြီ။ MPT အနေနဲ့ကတော့ ရရှိလာမယ့် လှူဒါန်းငွေအားလုံးကို ထာဝရငြိမ်းချမ်းရေး စေတီတော် တည်ဆောက်ရေး ဦးစီးကော်မတီကို လွှဲပြောင်းပေးအပ်သွားမှာပါ။ MPT သုံးစွဲသူတွေရဲ့ ထက်သန်တဲ့ စေတနာသဒ္ဒါတရားတွေနဲ့အတူ ကြိုးပမ်းအားထုတ်လှူဒါန်းမှုတွေကြောင့် မြင်သာတဲ့ အထောက်အပံ့ကောင်းတွေ အများကြီး ဖြစ်ပေါ်လာနိုင်မယ်ဆိုတာ အသေအချာပါပဲ။” ဟု ပြောကြားသည်။

ထာဝရငြိမ်းချမ်းရေးစေတီတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များကို ယခုနှစ်တွင်း အပြီးသတ်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့ပြီး စေတီတော်အုတ်မြစ်ချခြင်းအခမ်းအနားကိုမူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံ၏အထင်ကရကြည်ညိုလေးစားရသော သံဃာတော်များမှ တက်ရောက်ခဲ့ ကြသည်။ စေတီကို နိုင်ငံတွင်းအစဉ်တစိုက်ရှေးရှုလုပ်ဆောင်လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် အနာ ဂတ်ကာလများအတွက် အစဉ်တည်တံ့သောငြိမ်းချမ်းမှုများရရှိစေရေး အထိမ်းအမှတ်အမှတ်အသားအဖြစ် တည်ထားကိုးကွယ် သွားမည်ဖြစ်သည်။

ထာဝရငြိမ်းချမ်းရေးစေတီတည်ထားကိုးကွယ်ရာတွင် SMS ဖြင့် ပါဝင်လှူဒါန်းနိုင်မည့်အကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက MPT ၏ တရားဝင်ဝက်ဘ်ဆိုက် www.mpt.com.mm (သို့မဟုတ်) Facebook စာမျက်နှာ www.facebook.com/mptofficialpage တွင် ဝင်ရောက်လေ့လာနိုင် မည်ဖြစ်ပါသည်။