×

နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော် အတွက် MPT သုံးစွဲသူများ၏ SMS မှ တစ်ဆင့် လှူဒါန်းသည့် ငွေများကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သို့လွှဲပြောင်းလှူဒါန်း

02 May 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် မေလ ၂ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း တည်ထား ကိုးကွယ်မည့် ထာဝရငြိမ်းချမ်းရေး စေတီတော် တည်ဆောက်ရေးလုပ်ငန်းတွင် သုံးစွဲသူ မိဘပြည်သူများပါဝင် ကုသိုလ်ယူနိုင်ရန်အတွက် SMS ဖြင့် လှူဒါန်းနိုင်မည့် အစီအစဉ်ကို ပြုလုပ်ခဲ့ရာ ပါဝင်လှူဒါန်းသည့် အလှူရှင်များထံမှ စုစုပေါင်း အလှူငွေကျပ် (၅၄,၃၂၇,၅၀၀) တိတိလက်ခံရရှိခဲ့ကြောင်း ဝမ်းမြောက်စွာဖြင့် သတင်းထုတ်ပြန်ကြေညာလိုက်သည်။

SMS မှတစ်ဆင့် လှူဒါန်းမှုအစီအစဉ်ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက် မှ စတင်ခဲ့ကာ MPT သုံးစွဲသူများမှ စုစုပေါင်း (၁၀၈,၆၅၅) ကြိမ် ပါဝင်လှူဒါန်းခဲ့ကြပါသည်။ MPT သုံးစွဲသူများ၏ သဒ္ဒါတရားထက်သန်စွာဖြင့် SMS မှတစ်ဆင့် ပါဝင်လှူဒါန်းခဲ့ကြသည့် လှူဒါန်းငွေများအား နေပြည်တော်ရှိ သာသာနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သို့ ၂၀၁၉ ခုနှစ်၊ မေ လ (၂) နေ့ရက်တွင် MPT က လွှဲပြောင်း လှူဒါန်းခဲ့ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး (MPT-KSGM Joint Operations ၏ ဒုတိယ အမှုဆောင်အရာရှိချုပ်) ဖြစ်သူ ဦးခင်မောင်ထွန်းက “အခုလို MPT သုံးစွဲသူ မိဘပြည်သူများရဲ့ အများကောင်းမှုအဖြစ် ငြိမ်းချမ်းရေးသမိုင်းစဉ်မှာ တန်ဖိုးကြီးမားတဲ့ပြယုဂ် ဖြစ်စေမယ့် ထာဝရ ငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်နိုင်စေရေးအတွက် အလှူတော်ငွေတွေကို လက်ခံပေးနိုင်ဖို့ တစ်ဖက်တစ်လမ်းက ဆောင်ရွက်ပေးခွင့် ရတဲ့အပေါ် အထူးပဲဝမ်းသာမိသလို လှူဒါန်းခဲ့ကြသူ တစ်ဦးချင်းစီကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ MPT သုံးစွဲသူတွေရဲ့ ထက်သန်တဲ့ စေတနာ သဒ္ဒါတရားတွေကိုလည်း အံ့သြဝမ်းမြောက်ခဲ့ရပါတယ်။” ဟု ပြောကြားသည်။

MPT အနေဖြင့် သုံးစွဲသူပြည်သူများမှ SMS ဖြင့်လှူဒါန်းနိုင်မည့် အစီအစဉ်များကို ဆောင်ရွက်ပေးခဲ့ရာတွင် လွန်ခဲ့သော ၂၀၁၅ ခုနှစ် အတွင်း ရေဘေးသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက်လည်းကောင်း၊ ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသော ပုဂံဒေသနှင့် ရခိုင်ဒေသမှ ရှေးဟောင်းစေတီပုထိုးများအတွက် လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူများ အတွက်လည်းကောင်း အများပြည်သူတို့က လှူဒါန်းမှုများ ပြုလုပ်နိုင်စေရန်အတွက် ဆောင်ရွက်ပေးခဲ့ပါသည်။