×

ပညာရေးဝန်ကြီးဌာန၏ Myanmar Digital Education Platform (MDEP) ဝက်ဘ်ဆိုက်ကို အခမဲ့‌ဝင်ရောက်ကြည့်ရှုနိုင်ရန် MPT မှ ပံ့ပိုး

10 Jun 2020

(ရန်ကုန်၊ ၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လ ၁၀ ရက်) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် နိုင်ငံတစ်ဝန်းရှိဆရာ/ဆရာမများအတွက် ပညာရေးဝန်ကြီးဌာန၏ အွန်လိုင်းအခြေပြု သင်ကြားရေးပလက်ဖောင်းတစ်ခုဖြစ်သည့် Myanmar Digital Education Platform (MDEP) ဝက်ဘ်ဆိုက်ကို ၀င်ရောက်ကြည့်ရှုနိုင်ရန်အတွက် ၆ လတာ အခမဲ့ဒေတာအသုံးပြုခွင့်ဖြင့် ပံ့ပိုးကူညီဆောင်ရွက်လိုက်သည်။

မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း နိုင်ငံတစ်ဝန်းဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီး ကာကွယ်နိုင်ရန်အတွက် ကမ္ဘာအဝှမ်းရှိအခြားနိုင်ငံများကဲ့သို့ ပြင်းထန်သော စီမံဆောင်ရွက်မှုများထားရှိခဲ့ပြီး ကြိုတင်ကာကွယ်သည့်အနေဖြင့် တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများပိတ်ထားရခြင်းကြောင့် ပညာရေးကဏ္ဍ ကိုလည်း များစွာထိခိုက်စေခဲ့သည်။

ပညာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ပညာရေးစနစ်ကို သိသိသာသာ မြန်ဆန်စွာတိုးတက်စေရန် အခြေခံပညာကျောင်းများအတွက် သက်ဆိုင်ရာ အတန်းအလိုက် သင်ရိုးညွှန်းတမ်းစနစ်သစ်ကို ပြောင်းလဲ လုပ်ဆောင်ပေးလျက်ရှိပါသည်။ ၄ တန်း၊ ၇ တန်း နှင့် ၁၀ တန်းများ၏ သင်ရိုးညွှန်းတမ်းသစ်များကို ၂၀၂၀-၂၀၂၁ စာသင်နှစ်တွင် ပြောင်းလဲသင်ကြားသွားမည်ဖြစ်သည်။

သင်ရိုးညွှန်းတမ်းအသစ်များ အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံ ပညာဆရာ/ဆရာမများ ကို မူလက နွေရာသီကျောင်းပိတ်ရက်အတွင်း သင်ကြားမှုစနစ်အား တိကျခိုင်မာစွာ လေ့လာကျင့်သုံးနိုင်ရန် စီစဉ်ဆောင်ရွက်ထားခဲ့သော်လည်း လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေကြောင့် အဆိုပါအစီအစဉ်မှာ နှောင့်နှေးသွားခဲ့ပြီး တစ်ဦီးနှင့်တစ်ဦီးနီးကပ်ထိတွေ့ရသည့်ပုံစံ သင်တန်းအစီအစဉ်များ ကို ပြုလုပ်မည့်အစား ဆရာ/ဆရာမများအနေဖြင့် ပညာရေးဝန်ကြီးဌာန၏ အွန်လိုင်းအခြေပြု သင်ကြားရေး ပလက်ဖောင်းသို့ လွယ်ကူစွာဝင်ရောက်ကြည့်ရှုပြီး  အဆက်အသွယ် အချိတ်အဆက်မပြတ်ဘဲ သင်ရိုးသစ် သင်တန်းများကို အွန်လိုင်းမှတစ်ဆင့် အဝေးရောက်လေ့လာသင်ယူနိုင်မည်ဖြစ်သည်။

MPT သည် ယခင်ကထက်ပိုမိုအရေးပါလာသည့် အဝေးရောက်သင်ကြားရေးစနစ်၏အရေးပါမှုကို သိရှိနားလည်ထားပြီး “မြန်မာပြည်နှင့်အတူရှိနေမည်” ဟူသည့် ခံယူချက်အား ခိုင်မာစွာကျင့်သုံး ဆောင်ရွက်လျက်ရှိပါသည်။ ဆရာ/ ဆရာမများအတွက် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၀ ရက်နေ့တွင်စတင်ကာ ၎င်းတို့၏ သင်တန်းအစီအစဉ်များကို MDEP Website (http://mdep.moe.edu.mm)  တွင် ၆ လစာ အခမဲ့ ဒေတာအသုံးပြုခွင့်နှင့်အတူ မိမိတို့နေအိမ်မှတစ်ဆင့် ဆက်လက်လုပ်ဆောင်သွားနိုင်ရန်အတွက် ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်သည်။

“ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုဗစ်-၁၉ ၏ သက်ရောက်မှုဒဏ်ကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရပြီး ပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ထားတဲ့ အွန်လိုင်းအခြေပြု သင်ကြားရေး ပလက်ဖောင်း Myanmar Digital Education Platform (MDEP) ကို အသုံးပြုခြင်းဖြင့် လေ့လာသင်ယူမှု‌‌တွေကို ကွာဟမှုမရှိစေဘဲ နည်းနိုင်သမျှနည်းအောင် လွယ်ကူချောမွေ့စေမယ့် စနစ်တစ်ခုကို ကျွန်တော်တို့ ဆောင်ရွက်ဖို့လိုလာပါတယ်။ ကျွန်တော်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် ပညာရေးရဲ့အခန်းကဏ္ဍ နဲ့ လက်ဆင့်ကမ်းပညာပေးသူတွေရဲ့ အရေးပါမှုကို နားလည်သဘောပေါက် ာကြောင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ အခုလိုကာလမှာ အိမ်မှာပဲနေနေရတဲ့ တစ်နိုင်လုံးမှာရှိတဲ့ ဆရာ/ဆရာမတွေအတွက် ပညာရေးဝန်ကြီးဌာနရဲ့ အွန်လိုင်းပလက်ဖောင်းသို့ အင်တာနက် ဒေတာအခမဲ့ အသုံးပြုခွင့်လစာ ကို ပံ့ပိုးကူညီဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဆရာ၊ဆရာမတွေအနေနဲ့ နောက်ထပ် စာသင်နှစ်သစ် မရောက်ခင်အထိ ထိရောက်တဲ့ သင်ကြားမှုဆိုင်ရာအရင်းအမြစ်တွေကို စဥ်ဆက်မပြတ် လေ့လာဆည်းပူးသွားနိုင်ပြီး အခက်အခဲ အတားအဆီးတွေကို ကျော်လွှားနိုင်စေဖို့ အခုလိုမျိုး တစ်မူထူးခြားတဲ့ သင်ထောက်ကူ နည်းပညာအခွင့်အလမ်းကို အပြည့်အဝ အသုံးချနိုင်မှာပဲဖြစ်ပါတယ် ဟု MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီး မှ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးကိုကိုအောင် မှ ပြောကြားခဲ့သည်။

ပညာရေးကဏ္ဍသည် MPT ၏ လူမှုအသိုက်အဝန်းအတွက် တာဝန်သိလူမှုအကျိုးပြုလုပ်ငန်း၏ အဓိကမဏ္ဍိုင် များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံတစ်ဝန်း ပညာ‌‌ရေးဆိုင်ရာ အရင်းအမြစ်များနှင့် အရေးအကြီးဆုံး ဆက်သွယ်‌ရေးဆိုင်ရာ နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမီ ရရှိနိုင်စေရေးမှာ MPT ၏ မဟာဗျူဟာကျသည့်  ဦးစားပေး လုပ်ငန်းတစ်ရပ်ဖြစ်သည်။ MPT သည် သူနာပြုတက္ကသိုလ် (ရန်ကုန်) နှင့်အတူ ပူး‌‌ပေါင်း၍ ကျောင်းပြင်ပသူနာပြုသိပ္ပံ (ပေါင်းကူး) အစီအစဉ်အတွက် ဆန်းသစ်မှုများကို အ‌ကောင်အထည်ဖော်ဆောင်ရွက်ခြင်းအပါအဝင် မြန်မာနိုင်ငံ၏ ပညာ‌ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် သိသာထင်ရှားစွာ ပါဝင်ပံ့ပိုးပေးခဲ့သည်။ ပညာ‌‌ရေးကဏ္ဍကို ‌ထောက်ပံ့ရာတွင် သူနာပြုကျောင်းများနှင့် တက္ကသိုလ်များအကြား ဆက်သွယ်ရေး နှင့် သတင်းအချက်အလက်မျှဝေမှု ပိုမိုကောင်းမွန်လာစေရန်အတွက် MPT အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သူနာပြုသင်တန်းကျောင်းများတွင် လိုအပ်သော ဖိုင်ဘာ အင်တာနက်သွယ်တန်းမှု အထောက်အပံ့ကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ MPT သည် ၂၀၁၈ ခုနှစ်မှစ၍ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ နေရာဒေသပေါင်း ၅၀၀ ကျော်သို့ အင်တာနက် အခမဲ့အသုံးပြုနိုင်ရန် ထောက်ပံ့ပေးအပ်ထားပြီးဖြစ်ပြီဖြစ်သည်။

အသေးစိတ် ထပ်မံသိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုဒ်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

 

 

 

 

 

ကျောင်းပြင်ပ သူနာပြုသိပ္ပံ (ပေါင်းကူး) အစီအစဥ်တွင် ဗွီဒီယို စကားပြောဆိုခြင်း ခေတ်မီ ဗွီဒီယို ကွန်ဖရင့်ဆိုင်ရာ ပစ္စည်းကိရိယာများမှ တစ်ဆင့် web အခြေပြုစနစ်သင်ခန်းစာများကို သင်ယူရန် ပံပိုးခဲ့စဥ်