×

ဖုန်းခေါ်ဆိုခတစ်မိနစ်၂၃ကျပ်သို့ လျှော့ချ

05 Jul 2015

စျေးနှုန်းသစ်ပြင်ဆင်ခြင်းအထိမ်းအမှတ်အဖြစ် ဖုန်းငွေဖြည့်ကတ်များတွင်
အပိုထပ်ဆောင်းငွေ ၅၀% အထိ လက်ဆောင်ပေးသွားမည်

၂၀၁၅ ခုနှစ် ဇူလိုင် ၅ ရက်- ရန်ကုန်၊ မြန်မာ။ မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ဦးဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ဆွေသဟာအစီီအစဉ်နှင့် CDMA 450/800 အသုံးပြုသော မိဘပြည်သူများအတွက် တယ်လီဖုန်းခေါ်ဆိုခများကို တစ်မိနစ်လျှင် ၂၃ ကျပ်ဖြင့် စျေးနှုန်းအသစ်သတ်မှတ်လိုက်ကြောင်း ယနေ့ကြေငြာလိုက်သည်။ MPT သည်၄င်း၏ ဆောင်ပုဒ်ဖြစ်သော “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဆိုသည့်အတိုင်း MPT ကိုအားပေးနေသော မိဘပြည်သူများနှင့် ထပ်မံတိုးပွားလာမည့်သုံးစွဲသူများအတွက် စျေးနှုန်းသက်သာ၍ ယုံကြည်အားထားရသော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ထပ်မံမိတ်ဆက်လိုက်ခြင်းလည်းဖြစ်သည်။

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နံနက် 00:00:01 မှစ၍ MPT၏ ဆွေသဟာအစီအစဉ်ကို သုံးစွဲသူ မိဘပြည်သူများအတွက် ဖုန်းခေါ်ဆိုခြင်းများကို မူလ တစ်မိနစ်လျှင် ၃၅ ကျပ်မှ ယခု တစ်မိနစ်လျှင် ၂၃ ကျပ်သို့ ပြောင်းလဲကောက်ခံသွားမည်ဖြစ်သည်။ ထို့အပြင် CDMA 450/800 ကို သုံးစွဲသူများအတွက်လည်း ဖုန်းခေါ်ဆိုခ ယခင် တစ်မိနစ်လျှင် ၅၀ ကျပ်မှ ယခု တစ်မိနစ် ၂၃ ကျပ်သို့ပြောင်းလဲ သတ်မှတ်လိုက်ပြီဖြစ်သည်။ ဤစျေးနှုန်းသစ် သတ်မှတ်ချက်သည် MPT ၏ ဆွေသဟာအစီအစဉ်နှင့် CDMA 450/800 ကို သုံးစွဲသူများအားလုံးအတွက် အလိုအလျောက် အကျုံးဝင်သွားမည်ဖြစ်သည်။

“အခုသတ်မှတ်လိုက်တဲ့ သက်သာတဲ့စျေးနှုန်းအသစ်ဟာ ကျွန်တော်တို့ရဲ့ လက်ရှိသုံးစွဲသူ မိဘပြည်သူ တစ်ဦးချင်း တစ်ယောက်ချင်းစီကို ကျေးဇူးတုံ့ပြန်လိုက်တာပါပဲ” ဟု MPT ၏ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက ပြောသည်။

“ဒါ့အပြင် ဒီစျေးနှုန်းပြင်ဆင်သတ်မှတ်လိုက်တာနဲ့အတူ မြန်မာနိုင်ငံအနှံ့ မြို့ပြကျေးလက်မရွေး လွှမ်းခြုံထားတဲ့ ကျွန်တော်တို့ MPT ရဲ့ ယုံကြည်စိတ်ချရတဲ့ ဆက်သွယ်မှုကွန်ယက်ကို အသုံးပြုလိုတဲ့ မိဘပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပိုမိုများပြားလာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ဦးအနေနဲ့ မြန်မာနိုင်ငံထဲမှာ နေထိုင်ကြသူတိုင်းရင်းသားသွေးချင်းတွေအားလုံး အဆင်ပြေသက်သာစွာ ဆက်သွယ်ပြောဆိုနိုင်ဖို့ ကျွန်တော်တို့ အမြဲကြိုးစားဆောင်ရွက်နေပါတယ်။” ဟု MPT-KDDI-Sumitomo Joint Operations ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာ တကရှိ နာဂရှိမက ထပ်လောင်း ပြောကြားလိုက်သည်။

လက်ရှိ ဆွေသဟာကို သုံးစွဲနေသူများအနေဖြင့် ဤစျေးနှုန်းသတ်မှတ်ချက်အသစ် တစ်မိနစ် ၂၃ ကျပ်ဖြင့်သုံးစွဲရန် မည်သည့် ထပ်ဆောင်းဝန်ဆောင်ခမှ ပေးရန်မလိုအပ်ဘဲ MPT ဖုန်းအချင်းချင်း ခေါ်ဆိုမှုရော MPT ဖုန်းမှ အခြားအော်ပရေတာများ၏ ဖုန်းများအား ခေါ်ဆိုမှုကိုပါ အဆိုပါစျေးနှုန်းဖြင့် တပြေးညီသတ်မှတ်ပေးထားသည်။ GSM/WCDMA သုံးစွဲသူများအနေဖြင့် ဆွေသဟာစနစ်ကို ရယူရန် ၁၃၃၂ သို့ SWE ဟု အခမဲ့ စာတိုတစ်စောင်ပေးပို့ခြင်းဖြင့် စတင်အသုံးပြုနိုင်မည်ဖြစ်သည်။ ဆွေသဟာရှိ အခြားသောဝန်ဆောင်မှုစျေးနှုန်းများနှင့် ဆွေသဟာကိုု မရယူထားသော

GSM နှင့် WCDMA သုံးစွဲသူများ၏ အခြေခံသုံးစွဲမှုနှုန်းထားများမှာလည်း ယခင်အတိုင်းပင်ဖြစ်သည်။

CDMA 450 နှင့် CDMA 800 ဖုန်းများကို သုံးစွဲနေသူများအတွက်လည်း ခေါ်ဆိုနှုန်းထားအသစ်ကို ထပ်မံလျှောက်ထား ရယူရန် မလိုအပ်ဘဲ MPT ဖုန်းအချင်းချင်း ခေါ်ဆိုမှုရော MPT ဖုန်းမှ အခြားအော်ပရေတာများ၏ ဖုန်းများအား ခေါ်ဆိုမှုကိုပါ အဆိုပါစျေးနှုန်းဖြင့် တပြေးညီသတ်မှတ်ပေးထားသည်။ CDMA သုုံးစွဲသူများအတွက် အခြားသောဝန်ဆောင်မှု နှုန်းထားများမှာ ယခင်အတိုုင်းပင်ဖြစ်သည်။

စျေးနှုန်းအသစ်သတ်မှတ်ခြင်း အထိမ်းအမှတ်အဖြစ် MPT မှ သုံးစွဲသူမိဘပြည်သူများအားလုံးကို ငွေဖြည့်ကတ်ဖြည့်ရာတွင် အပိုထပ်ဆောင်းငွေများ ထည့်သွင်းလက်ဆောင်ပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၅ ရက်နေ့မှ ရ ရက်နေ့အတွင်း ငွေဖြည့်သော သုံးစွဲသူမိဘပြည်သူများအနေဖြင့် ၅၀% အထိ အပိုထပ်ဆောင်းငွေများကို လက်ဆောင်အဖြစ်ရရှိမည်ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် အဆိုပါ အပိုထပ်ဆောင်းငွေများကို ဇူလိုင်လ ၃၁ ရက်မတိုင်မီ MPT ဖုန်းအချင်းချင်းခေါ်ဆိုမှုနှင့် အင်တာနက်အသုံးပြုခြင်းအတွက် သုံးစွဲနိုင်မည်ဖြစ်သည်။.