×

ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးအတွက် SMS ပေးပို့ခြင်းဖြင့် အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ကြပြီ

25 Sep 2019

(ရန်ကုန် – ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက် ) MPT ၏ သုံးစွဲသူများအတွက် စာတိုပေးပို့ခြင်း(SMS) မှတစ်ဆင့် လှူဒါန်းနိုင်မည့် အစီအစဉ်တစ်ရပ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ ၎င်းအစီအစဉ်မှတစ်ဆင့် မြန်မာနိုင်ငံသားများအနေဖြင့် သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးမှုအား ထောက်ပံကူညီ လှူဒါန်းသွားနိုင်ကြမည် ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်သည် နိုင်ငံတော်အတွက်၊ လွတ်လပ်ရေးအတွက်၊ အသက်ပေးကြိုးပမ်းခဲ့သည့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား သမိုင်းဝင်ဂုဏ်ပြုသည့်အနေဖြင့် ရိုက်ကူးပုံဖော်သွားမည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေးတွင် ထောက်ပံ့ငွေများကို နိုင်ငံသားများကိုယ်တိုင် အတူတကွ ဝင်ရောက်ပါဝင် ကူညီနိုင်စေရေးအတွက် ရည်ရွယ်ဖန်တီးထားခြင်း ဖြစ်ပါသည်။

SMS မှတစ်ဆင့်လှူဒါန်းရာတွင် MPT သုံးစွဲသူများအနေဖြင့် မည်သည့် ဝန်ဆောင်ခကိုမျှ ပေးရန် မလိုအပ်ဘဲ၊ 9000 သို့ 500 ဟု စာတို(SMS) ပေးပို့ခြင်းမှတစ်ဆင့် လှူဒါန်းနိုင်မည်ဖြစ်ကာ လှူဒါန်းသည့်ငွေပမာဏ အားလုံးကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီသို့ လွှဲပြောင်းပေးအပ် လှူဒါန်းသွားမည် ဖြစ်ပါသည်။ တစ်ကြိမ်ပေးပို့ခြင်းဖြင့် အလှူငွေကျပ် ၅၀၀ လှူဒါန်းပြီးမြောက်မည်ဖြစ်ပြီး သုံးစွဲသူများက အကြိမ်အရေအတွက် အကန့်အသတ်မရှိ ပေးပို့ပါဝင် လှူဒါန်းသွားနိုင်မည်ဖြစ်သည်။

ယင်းသို့ SMS မှတစ်ဆင့် လှူဒါန်းခြင်းအတွက် လှူဒါန်းမှုဆောင်ရွက်ရာတွင် ပုံတွင်ပြထားသည့် နမူနာအတိုင်း ရေးသားပြီး ဖုန်းနံပါတ် 9000 သို့ 500 ဟု SMS ရေးသားပေးပို့ခြင်းဖြင့် လွယ်ကူစွာလှူဒါန်းနိုင်မည်ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးရာတွင် ဇာတ်ညွှန်းရေးသားရာ၌ သမိုင်းအချက်အလက်များ မှန်ကန်စေရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဌအဖြစ် ဆောင်ရွက်ကာ လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပြီး၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို အမြန်ဆုံးအကောင်အထည်ဖော် ရိုက်ကူးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားကို သားစဉ်မြေးမြစ် ပြောထုံးဖြစ်အောင် အတုယူစရာ၊ အားကျစရာ၊ ဆင်ခြင်တွေးတောစရာများနှင့် တန်ဆာဆင်ပြီး အနုပညာ သဘောအရ ရသလည်းမြောက်အောင် အားထုတ်ကြိုးပမ်း ရိုက်ကူးလိုခြင်း၏ အဓိကရည်ရွယ်ချက်သည် သမိုင်းတစ်ခုကို မှတ်တမ်း ပြုရုံ သက်သက်မျှမဟုတ်ဘဲ နောင်လာလတ္တံ့သော တိုင်းပြည်၏ အနာဂတ်ပေါင်းများစွာတွင် ဗိုလ်ချုပ်အောင်ဆန်းပေါင်း များစွာ ပေါ်ထွန်းရေးအတွက် ရည်မှန်းရိုက်ကူးခြင်း

ဖြစ်ကြောင်းကိုလည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဖြစ်သည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကလည်း ဧကာဒဿမ အကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအတွက် လှူဒါန်းမှုများ အပါအဝင် MPT ၏အခြားသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ အတွက် ပိုမိုသိရှိလိုပါက www.mpt.com.mm သို့မဟုတ် www.facebook.com/mptofficialpage သို့ဝင်ရောက် ကြည့်ရှု၍ သော်လည်းကောင်း၊ MPT ၏ 106 Call Center သို့ ဖုန်းခေါ်၍လည်းကောင်း လေ့လာနိုင်ပါသည်။