×

ဘောလုံးအားကစားပြိုင်ပွဲများတွင် မြန်မာလူငယ်များ ပိုမိုပါဝင်လာနိုင်ရေးမဟာဗျူဟာစီမံကိန်းအတွက် MPT နှင့် မြန်မာနေရှင်နယ်လိဂ် တို့ပူးပေါင်းဆောင်ရွက်

26 Nov 2017

(ရန်ကုန်၊ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ ၂၅) – မြန်မာနိုင်ငံ၏ မျိုးဆက်သစ် လူငယ်ဘောလုံးသမားများ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်နိုင်ရန်နှင့် အားပေးကူညီထောက်ပံ့ပေးနိုင်ရန်အတွက် မြန်မာနေရှင်နယ်လိဂ် နှင့် MPT တို့ မဟာဗျူဟာစီမံကိန်းမိတ်ဖက် အဖြစ်ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ Novotel Hotel Max Yangon ၌ ယနေ့လက်မှတ်ရေးထိုး ခဲ့ကြပါသည်။

MNL လိဂ်-၁ နှင့် MNL လိဂ်-၂ များအပြင် အသက်အရွယ်လိုက်ကျင်းပသော လူငယ်အဆင့် ပြိုင်ပွဲများနှင့် General Aung San Shield ပြိုင်ပွဲများကို ဦးဆောင်ကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ် နှင့်MPT တို့သည် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ၃ နှစ်ကြာ ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်သွားမည်ဖြစ်ပြီး ” နိုင်ငံ၏ သည်းခြေကြိုက် အားကစား” ကို ရေရှည်အောင်မြင်တိုးတက်စေရေး အားပေးကူညီထောက်ပံ့ရန် နှင့် မြန်မာနိုင်ငံရှိ ကလေးငယ်များ နှင့် လူငယ်များအကြား ကျန်းမာသော လူနေမှုဘဝပုံစံတစ်ခု ဖြစ်ပေါ်လာရေးအတွက်အလေးထားတိုက်တွန်း ဆောင်ရွက်သွား မည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဆက်သွယ်ရေးအော်ပရေတာ MPT ၏ ပံ့ပိုး ကူညီမှုဖြင့် အသက် ၆ နှစ်မှ ၁၂ ထိ Grassroots Level ကလေးငယ်များအပြင် ယူ-၁၄ နှင့် တက္ကသိုလ်အဆင့် ပြိုင်ပွဲများအတွက် MPT မှ အခြေခံအဆင့်ဘောလုံးပြိုင်ပွဲများ အပါအဝင် အသက်အရွယ်အုပ်စုများအားလုံး ဘောလုံးလှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်လာဖို့အတွက်ကိုလည်း မြှင့်တင်ပေးဖို့အတွက် အဖွဲ့အစည်းနှစ်ခုစလုံးက ရည်ရွယ်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မြန်မာနေရှင်နယ်လိဂ် နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဌဖြစ်သူ ဦးဇော်ဇော်က “ ကျွန်တော်တို့နဲ့ အတူတူ စတင်လက်တွဲလုပ်ဆောင်သွားမယ့် MPT ရဲ့ ခိုင်မာတောင့်တင်းတဲ့ အထောက်အပံ့များအတွက် တကယ့်ကို နက်နက်ရှိုင်းရှိုင်းနဲ့ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းက မြန်မာဘောလုံးလောကဖွ့ံဖြိုးတိုးတက်မှုနဲ့အတူ ကျွန်တော်တို့တစ်တွေရဲ့ အမှတ်တံဆိပ်တွေပါမြင့်မားတဲ့ အောင်မြင်မှုတွေကို အတူတကွ ရယူနိုင်မှာဖြစ်သလို ဒေသတွင်းနဲ့လူမှုအသိုင်းအဝိုင်းအတွက်ပါ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်လာစေဖို့လည်း မျှော်လင့်ပါတယ်။ အခုလို နှစ်ဦးနှစ်ဖက် မိတ်ဖက်ဆက်ဆံရေး အခြေအနေကနေ ရေရှည်ပူးပေါင်းလုပ်ဆောင်သွားနိုင်မယ့် အနေအထား တစ်ခုဖြစ်လာမယ်လို့လည်း ကျွန်တော့်အနေနဲ့ယုံကြည်ပါတယ်။ ဒါ့အပြင် ဘောလုံးအားကစားကနေတစ်ဆင့် ကျွန်တော်တို့တစ်တွေရဲ့တန်ဖိုးတွေကိုလည်း ပိုမိုမြင့်မားတိုးတက်လာအောင် တည်ဆောက်နို်င်မယ်လို့ ကျွန်တော်တကယ့်ကိုပဲ
ယုံကြည်ထားပါတယ်” ဟု ပြောကြားပါသည်။

“ မြန်မာနေရှင်နယ်လိဂ် နဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့အတွက် MPT အနေနဲ့ စိတ်လှုပ်ရှားမိပါတယ်။ နိုင်ငံရဲ့နံပါတ်တစ်အားကစားဖြစ်တဲ့ ဘောလုံးကစားခြင်းကို အလွှာအသီးသီးက လူငယ်တွေက နှစ်သက်ကြပါတယ်။ရှေ့သို့လှမ်းချီ မြန်မာပြည်ဆိုတဲ့ကျွန်တော်တို့ရဲ့ဆောင်ပုဒ်အတိုင်း ဘောလုံးကနေတစ်ဆင့် ကျန်းမာတဲ့လူနေမှုဘဝပုံစံတစ်ခုရဲ့အရေးပါပုံကို မီးမောင်းထိုးပြဖို့နဲ့ ကစားသမားတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည့်စုံလုံလောက်တဲ့အခွင့်အလမ်းတွေကို ပေးစွမ်းဖို့ သေချာခိုင်မာစွာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြန်မာနေရှင်နယ်လိဂ်နဲ့ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံရဲ့လူငယ်လူရည်ချွန်တွေနဲ့ အကောင်းဆုံးလူငယ်ဘောလုံးအား ကစားသမားတွေကို မြေတောင်မြှောက် ပေးသွားနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief
Executive Officer ဖြစ်သူ Mr. Toshitake Amamiya က ပြောကြားပါသည်။

ယနေ့ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီမှုစာချွန်လွှာသည် MPT နှင့် မြန်မာနေရှင်နယ်လိဂ် တို့၏တရားဝင် ပူးပေါင်းဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်ကို မှတ်ကျောက်တင်နိုင်ခဲ့ပြီဖြစ်ပါသည်။ ယခု သဘောတူညီမှုအရ စုပေါင်းညှိနှိုင်းဆောင်ရွက်မှုမှရရှိလာမည့် အကျိုးရလဒ်များကိုအသုံးချကာ နှစ်ဖက် အဖွဲ့အစည်းများအနေဖြင့် တူညီစွမ်းအားနှင့်အတူ ပူးတွဲ ပြိုင်ပွဲများကို ကျင်းပနိုင်တော့မည်ဖြစ်ပါသည်။ ထို့အပြင် အများကမျှော်လင့်နေကြသည့် ကလေးသူငယ်များနှင့် လူငယ်လူရွယ်များ ပိုမိုပါဝင်လာနိုင်စေမည့် ဘောလုံးပွဲများနှင့် ဘောလုံးအားကစားဆိုင်ရာ လှုပ်ရှားမှုများကို ဖော်ဆောင်သွားနိုင်စေမည့် လုပ်ဆောင်ချက်များကိုလည်း များမကြာမီလများအတွင်း ထုတ်ပြန်သွားမည်ဖြစ်ပါသည်။