×

မိုဘိုင်းလ်ဖုန်းအသုံးပြုသူများအပေါ် လိမ်လည်လှည့်ဖြားမှုများအတွက် သုံးစွဲသူကာကွယ်ရေးလှုပ်ရှားမှုကို မြန်မာ့ဆက်သွယ်ရေးအော်ပရေတာများ စုပေါင်းစတင်

09 Oct 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၉ ရက်) – မိုဘိုင်းလ်ဖုန်းအသုံးပြုသူများအပေါ် လိမ်လည်လှည့်ဖြားနေမှုအမျိုးမျိုး နှင့်ပတ်သက်၍ သုံးစွဲသူများ ပိုမိုသတိပြုမိစေရန်နှင့် ရှောင်ရှားနိုင်မည့် နည်းလမ်းအကြောင်းအရာ အသိပညာများ မျှဝေရန် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအော်ပရေတာများ ဖြစ်ကြသော MPT၊ Ooredoo၊ Telenor နှင့် MyTel တို့ အတူတကွပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ယနေ့ခေတ်တွင် မိုဘိုင်းလ်ဖုန်းများအတွင်း၌ အရေးကြီးသော အချက်အလက်များဖြစ်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များ၊ မိုဘိုင်းလ်ဘဏ်စနစ် အက်ပလီကေးရှင်း များနှင့် ဖုန်းအတွင်းလက်ကျန်ငွေများ စသောအချက်အလက်များစွာကို သိမ်းဆည်းထား နိုင်ပြီဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ မိုဘိုင်းလ်ဖုန်းများအား မည်ကဲ့သို့ လုံခြုံစွာထိန်းသိမ်းရမည်ဆိုသည့် အသိပညာသည် ပိုမိုအရေးပါလာခြင်းပင် ဖြစ်သည်။

မိုဘိုင်းလ်ဖုန်းအသုံးပြုမှုများ မြင့်တက်လာသည်နှင့်အမျှ မြန်မာနိုင်ငံသည် ပြည်တွင်း၊ ပြည်ပမှ ပြစ်မှုကျူးလွန် သူများ၏ ပစ်မှတ်တစ်ခု ဖြစ်လာနေပြီဖြစ်သည်။ ထိုသူများက မြန်မာလူမျိုးတို့၏ စိတ်ရင်းစေတနာ ကောင်းမွန်ပြီး အယုံအကြည်လွယ်သည့် သဘောသဘာဝကို အခွင့်ကောင်းယူ၍ ပြစ်မှုများကို ကျူးလွန်နေ ကြခြင်းဖြစ်သည်။ ထို့ကြောင့် သုံးစွဲသူများအား မိုဘိုင်းလ်ဖုန်းအသုံးပြုပြီး လိမ်လည်ခြင်းများအပေါ်မှ ကာကွယ်ရန်မှာ မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာများ၏ အဓိကဦးစားပေးရမည့် ကိစ္စတစ်ရပ်လည်း ဖြစ်ပါသည်။ တစ်ဆက်တည်း မှာပင် ထိုကဲ့သို့သော လိမ်လည်လှည့်ဖြားနေမှုမှုများကို ခွဲခြားသိရှိနိုင်စေရန်နှင့် ကာကွယ်ရန် ဆောင်ရွက်ရမည့် အချက်များကို သုံးစွဲသူများက သိရှိနားလည်ထားရန်မှာလည်း အရေးပါလှပါသည်။

လိမ်လည်လှည့်ဖြားခေါ်ဆိုမှုများအား ခွဲခြားသိရှိပါသလား။ လိမ်လည်လှည့်ဖြားခေါ်ဆိုသူများသည် သုံးစွဲသူ များအား မည်ကဲ့သို့ လိမ်လည်လှည့်ဖြားနိုင်သည်ကို သိနားလည်ပါသလား။
မိုဘိုင်းလ်ဖုန်းအသုံးပြုသူများအပေါ် လိမ်လည်လှည့်ဖြားသူများ၏ သွေးဆောင်သည့် နည်းလမ်းအများစုမှာ-
• အရည်အသွေးနိမ့်သော (သို့မဟုတ်) လုံခြုံမှုနည်းသော ဖုန်းနှင့်ဆက်စပ်ပစ္စည်းများအား ဝယ်ယူစေခြင်း။
• အထူးဝန်ဆောင်မှုများဖြစ်သည့် မိုဘိုင်းဖုန်းခေါ်ဆိုခအဆမတန်ကုန်ကျစေမည့် ဝန်ဆောင်မှုများအား မတော်တဆ ဖုန်းခေါ်ဆိုမိခြင်း။
• ကိုယ်ပိုင် PIN နံပါတ် သို့မဟုတ် လျှို့ဝှက်နံပါတ်များအား ရယူခြင်း။
• ဈေးနှုန်းမြင့်မားသောဝန်ဆောင်မှုများကို သုံးစွဲသူများ သတိမထားမိခင်တွင် ရယူမိစေခြင်း။

အထက်ပါနည်းလမ်းများကဲ့သို့ မိုဘိုင်းလ်ဖုန်းသုံးစွဲသူများအား ပစ်မှတ်ထားသည့် လိမ်လည်လှည့်ဖြားခြင်း အမျိုးမျိုး ရှိပါသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း “missed call များ ခေါ်ဆိုခြင်း” နှင့် “SMS မှ လင့်ခ်အမှားများ ပေးပို့ခြင်း” တို့ဖြင့် လိမ်လည်လှည့်ဖြားမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါသည်။

“Missed Call” ဖြင့် လိမ်လည်လှည့်ဖြားခြင်း
• သင်၏ ဖုန်းအတွင်းသို့ Missed call တစ်ခု ဝင်ရောက်လာပြီး (တစ်ခါတစ်ရံတွင် SMS ရရှိခြင်း) ၎င်း နံပါတ်ကို ပြန်လည်ခေါ်ဆိုလိုက်ခြင်းဖြင့် ဈေးနှုန်းမြင့်ဝန်ဆောင်မှုနှုန်းထား [xxx] ကျပ်အထိ ကျသင့်နိုင်မည့် ဝန်ဆောင်မှုတစ်ခုအား ရယူမိပြီး ဖြစ်နိုင်သည်။ သတိပြုရန်မှာ ပြည်တွင်းခေါ်ဆိုမှု အသွင်ဖြင့် ဖုန်းဝင်လာပါက သင်ဖုန်းကိုင်မိရန် အလားအလာပိုများသောကြောင့် လိမ်လည်လှည့်ဖြား သူများသည် ကွန်ပျူတာဆော့ဖ်ဝဲများဖြင့် Caller ID (နံပါတ်အတု) များဖန်တီးကာ ထိုအချက်ကို အသုံးပြု၍ ဖုန်းခေါ်ဆိုမှုအတုများ ပြုလုပ်ကြပါသည်။

“SMS မှတဆင့် link များ” ပေးပို့၍ လိမ်လည်လှည့်ဖြားခြင်း
• အဆိုပါကိစ္စရပ်တွင် ဘဏ်ကဲ့သို့သော တရားဝင်အဖွဲ့အစည်းတစ်ခုထံမှ ပေးပို့သည့်ပုံစံဖြင့် စာတိုတစ် စောင်ကို သင်လက်ခံရရှိမည် ဖြစ်ပြီး ၎င်းစာတိုတွင်ပါဝင်တတ်သောအကြောင်းအရာများမှာ အများအား ဖြင့် သင့်အကောင့်အချက်အလက်များအား ပိုမိုပြည့်စုံအောင်ဖြည့်စွက်ရန် (သို့) အထူးလက်ဆောင်များ ရယူနိုင်စေရန် (သို့) အခြားအရေးကြီးလုပ်ငန်းဆောင်တာများဆောင်ရွက်ရန်အတွက် ပေးပို့လိုက်သည့် link အား click နှိပ်၍ ဝင်ရောက်ရန် စသောတိုက်တွန်းသည့် အချက်အလက်များ ပါဝင်တတ်ပါသည်။ ထိုသို့ လုပ်ဆောင်ခိုင်းမှုအားလုံးမှာ သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လိမ်လည် လှည့်ဖြားသူများ/ပြစ်မှုကျူးလွန်သူများ ထံသို့ တိုက်ရိုက်ပေးပို့စေခြင်းပင် ဖြစ်သည်။ ဘဏ် နှင့် ဆက်သွယ်ရေးအော်ပရေတာာများ မှ သုံးစွဲသူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ တောင်းခံခြင်း မပြုကြသည်ကို သတိပြုမိကြရန် အရေးကြီးပါသည်။ သံသယရှိသည်ဆိုပါက သင်၏ ဝန်ဆောင်မှု ကုမ္ပဏီအား တိုက်ရိုက်ဖုန်းခေါ်ဆို၍ စစ်ဆေးခိုင်းသင့်ပါသည်။

“သုံးစွဲသူဝန်ဆောင်မှု” သို့မဟုတ် “ကံစမ်းမဲပေါက်သည်ဟု အကြောင်းကြားခြင်း”
• ဤအမျိုးအစားတွင် နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်သည်ဟု ပြောသည့် လူတစ်ဦးက သင့်ကို ဆက်သွယ် လာမည်ဖြစ်သည်။ ဖုန်းခေါ်ဆိုမှုအတွင်း သင်၏ လျှို့ဝှက်နံပါတ် သို့မဟုတ် PIN နံပါတ်အား ရယူနိုင်ရန် လိမ်လည်လှည့်ဖြားပြောဆိုမည် ဖြစ်သည်။ လိမ်လည်လှည့်ဖြားနည်းဥပမာတစ်မျိုးမှာ နည်းပညာပိုင်း ဆိုင်ရာ ပြဿနာများရှိသဖြင့် သင့်အကောင့်ကို စစ်ဆေးရန် လျှို့ဝှက်စကားလုံးတောင်းခံခြင်း ဖြစ်ပြီး အခြားသောနည်းမှာ သင်သည် ဆုလက်ဆောင်ကံထူးသဖြင့် သင့်အကောင့်အချက်အလက် အသေးစိတ်များအား ပေးပို့ခြင်းဖြင့် ဆုလက်ဆောင်ကို လွှဲပြောင်းပေးမည်ဟု လိမ်လည်ခြင်းဖြစ်သည်။ လိမ်လည်သူများက အချက်အလက်များရလျှင်ရခြင်း သင့်အကောင့်အတွင်းရှိ ငွေပမာဏအားလုံးအား လွှဲပြောင်းရယူ သွားမည် ဖြစ်သည်။

သင်နှင့် သင့်ဖုန်းကို လိမ်လည်လှည့်ဖြားမှုများမှ ကာကွယ်ပါ
သင်နှင့် သင့်မိုဘိုင်းလ်ဖုန်းကို မိုဘိုင်းလ်ဖုန်းအသုံးပြု၍ လိမ်လည်ခြင်းများ၊ အခြားသောလိမ်လည်မှုများမှ မည်သို့ ကာကွယ်ရမည်ဆိုသည့် အသိပညာများ မိုဘိုင်းလ်ဖုန်းအသုံးပြုသူများအကြားတွင် ပိုမိုပျံ့နှံ့လာရေးသည် အရေး ကြီးလာပါသည်။ မိမိတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ လုံခြုံစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် သုံးစွဲသူတိုင်းထံတွင်လည်း တာဝန်ရှိပါသည်။ သုံးစွဲသူများကိုကူညီရန်အတွက် မြန်မာနိုင်ငံရှိဆက်သွယ်ရေး အော်ပရေတာများအားလုံး အတူတကွ ပူးပေါင်းကာ အောက်ပါအကြံပြုချက်များကို မျှဝေခဲ့ပါသည်။

၁။ သင့်ဖုန်းစနစ်အတွင်းသို့ အန္တရာယ်ရှိနိုင်သည့်အရာမျုားဝင်ရောက်စေနိုင်သောကြောင့် မယုံကြည်ရသော (သို့မဟုတ်) မိမိမသိသည့် အရင်းမြစ်များမှ အက်ပလီကေးရှင်းနှင့် ဖိုင်များ ထည့်သွင်းခြင်းကို ခွင့်မပြုပါနှင့်။ ဝင်ရောက် လာသည့်အရာသည် သင့်ကိုယ်ရေးကိုယ်တာအချက်များကို ခိုးယူခြင်းဖြင့် လိမ်လည်သူများက သင်၏ မိုဘိုင်းလ်ဘဏ်စနစ်ကို ဝင်ရောက်ခြင်း (သို့မဟုတ်) အဆင့်မြင့်ဝန်ဆောင်မှုများရယူသည့် ဖုန်းခေါ်ဆိုခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

၂။ သင်မသိသော ပြည်ပမှဖုန်းနံပါတ်နှင့် ဖုန်းခေါ်ဆိုခြင်း၊ အထူးသဖြင့် မျှော်လင့်မထားသော ပြည်ပမှ ဖုန်း ခေါ်ဆိုခြင်းများကို ဖြေကြားခြင်းမပြုပါနှင့်။ ထိုကဲ့သို့ ဖုန်းခေါ်ဆိုမှုမျိုးကို လက်ခံရရှိပါက ချက်ချင်း ဖုန်းချပါ။

၃။ အခြားတစ်ဖက်မှ ပြန်လည်ဖြေကြားသူမရှိဘဲ ဖုန်းကိုင်ထားရန်သာ ပြောကြားသည့် ခေါ်ဆိုမှုများအား ချက်ချင်း ဖုန်းချပါ။

၄။ သင်၏ Password (သို့) တစ်ခါသုံး Password (သို့) PIN နံပါတ်များကို မိမိမသိသော ဖုန်းခေါ်ဆိုသူများအား မပေးပါနှင့်။ ဝန်ဆောင်မှုကုမ္ပဏီအစစ်အမှန်များသည် မည်သည့်အခါမှ ထိုအချက် အလက်များကို တောင်းခံခြင်းမရှိပါ။ ဘဏ်အကောင့်/ချေးငွေကတ်/အမည်နှင့်လိပ်စာ စသည့် ကိုယ်ရေး ကိုယ်တာ အချက်အလက်အသေးစိတ်ကို မိမိမသိသော ဖုန်းခေါ်ဆိုသူများအား မပေးပါနှင့်။

၅။ အကယ်၍ သင့်အနေနှင့် သံသယရှိပါက သင့်ဝန်ဆောင်မှုကုမ္ပဏီ၏ တရားဝင်ရုံးလိပ်စာ သို့မဟုတ် သုံးစွဲ သူဝန်ဆောင်မှုဌာနသို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းပါ။ အချက်အလက်အမှန်များကို ကုမ္ပဏီဝက်ဘ်ဆိုက် များတွင် တွေ့နိုင်ပါသည်။

၆။ သင့်ဖုန်း သို့မဟုတ် tablet တွင် လျှို့ဝှက်စကားလုံး (Password) သို့မဟုတ် လျှို့ဝှက်ကုတ်နံပါတ်များ ထားရှိပြီး အသုံးမပြုသည့်အချိန်တိုင်းတွင် လော့ခ်ချထားပါ။

၇။ သင်၏ဖုန်းအခိုးခံရပါက သင်အသုံးပြုနေသည့် ဆက်သွယ်ရေးအော်ပရေတာကို ချက်ချင်းအသိပေး အကြောင်းကြားပါ။ အော်ပရေတာမှ သင်၏ SIM ကတ်ကို အချိန်မီ ပိတ်လိုက်နိုင်ပါလိမ့်မည်။

၈။ မူလက မည်သူအသုံးပြုထားမှန်းမသိရသော SIM ကတ်များအသုံးပြုခြင်းသည် မိုဘိုင်းလ်ဖုန်းအသုံးပြု၍ လိမ်လည်ခြင်းကဲ့သို့သော ရာဇဝတ်မှုအမျိုးမျိုးကို ကျူးလွန်ရန် လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်လာစေနိုင်ပါသည်။

၉။ SIM ကတ်မှတ်ပုံတင်ခြင်း၏ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ခြင်းသည် မိုဘိုင်းလ်သုံးစွဲသူ အားလုံး၏ လုံခြုံရေးကို မြှင့်တင်ပေးနိုင်ပါသည်။

၁၀။ သင်၏ ဖုန်းကို ရောင်းချခြင်း (သို့မဟုတ်) အခြားသူကို ပေးခြင်းတို့ ပြုလုပ်မည်ဆိုပါက သင်၏ အချက်အလက်များ အားလုံးကို factory reset ချ၍ ရှင်းလင်းပြီးမှသာ ပေးအပ်ရန် သတိထားပါ။

၁၁။ သင်ကိုင်ဆောင်သည့် ဖုန်းကတ်မှလွဲ၍ အခြားသောကတ်များအား သင့်မှတ်ပုံတင်အသုံးပြု၍ မှတ်ပုံတင် ခြင်းမပြုရန် သတိပြုပါ။ အကယ်၍ သင့်မှတ်ပုံတင်ဖြင့် မှတ်ပုံတင်ထားသော SIM ကတ်ကို အသုံးပြု၍ ရာဇဝတ်မှုများ ကျူးလွန်ပါက သင့်တွင်လည်း တာဝန်ရှိပါသည်။

အထက်ပါအကြောင်းအရာများနှင့် ပတ်သက်၍ ပိုမိုပြည့်စုံစွာသိရှိလိုပါက ဆက်သွယ်ရေးအော်ပရေတာများ၏ တရားဝင်ဝက်ဘ်ဆိုက် သို့မဟုတ် တရားဝင် Facebook စာမျက်နှာများတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။