×

မြန်မာဆက်သွယ်ရေးလုပ်ငန်းသည် ပိုုမိုကောင်းမွန်သော ဆက်သွယ်မှုရရှိနိုင်ရန်အတွက် ရန်ကုန်နှင့် နေပြည်တော်တို့တွင် ကွန်ရက် တိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

14 Nov 2014

မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံး ဆက်သွယ်ရေးကွန်ရက် ရှိပြီး မြန်မာနိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဂျပန်ကုမ္ပဏီ KDDI ၊ Sumitomo Corporation တို့နှင့်ပူးပေါင်းပြီး သုံးစွဲသူ ပြည်သူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဆက်သွယ်ရေး ကွန်ရက်တိုးချဲ့ခြင်းလုပ်ငန်းတွင် များစွာ ရင်းနှီးမြုပ်နှံလျက်ရှိပါသည်။

မြန်မာဆက်သွယ်ရေးလုပ်ငန်းသည် ဆက်သွယ်ရေးကွန်ရက်ချဲ့ထွင်ခြင်းအစီအစဉ် ကို နိုဝင်ဘာလ (၆)ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ရန်ကုန်နှင့် နေပြည်တော်တို့ရှိ လိုင်းကြပ်သောနေရာများတွင် 3G စခန်းများ၌ လိုင်းအင်အားတိုးချဲ့ ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ အဆိုပါ စခန်းများရှိ လိုင်းအင်အားမှာ နိုဝင်ဘာ (၆) ရက်နေ့မတိုင်မီ ကထက် ၅၀ ရာခိုင်နှုန်းပို၍ အင်အားတိုးမြှင့်လာပြီဖြစ်ပါသည်။

ထိုသို့ဆက်သွယ်ရေးကွန်ရက်ချဲ့ထွင်ခဲ့ခြင်းကြောင့် ရန်ကုန်နှင့် နေပြည်တော်တို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တယ်လီဖုန်းသုံးစွဲသူများအနေနှင့် လိုင်းကြပ်နေကျဖြစ်သောနေရာများနှင့် ဖုန်းပြောဆိုမှု အများဆုံးအချိန်များတွင်ပင် ပိုမိုကောင်းမွန်ပြီး အရည်အသွေးရှိသော ဆက်သွယ်ရေးဝန်ဆောင်မှုကို ရရှိခံစားနိုင်ကြမည်ဖြစ်ပါသည်။

မြန်မ့ာဆက်သွယ်ရေးလုပ်ငန်း အနေနှင့် နိုင်ငံတစ်ဝန်းလုံးတွင် ဆက်သွယ်ရေး ကွန်ရက်ချဲ့ထွင်ခြင်းကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ကွန်ရက် ချဲ့ထွင်ခြင်း၏ ပထမအဆင့်အဖြစ်၊ ၂၀၁၅ခုနှစ် မတ်လကုန်တွင် 3G စခန်းများ၏ အရေအတွက်မှာ လက်ရှိအရေအတွက်၏ နှစ်ဆ ရှိလာမည်ဖြစ်ပါသည်။ အထူးသဖြင့် ရန်ကုန်ရှိ 3G ဆက်သွယ်ရေးကွန်ရက် အင်အားမှာ လက်ရှိအင်အား၏ သုံးဆနီးပါး ရှိလာမည်ဖြစ်ပါသည်။ ထို့အပြင် ပိုုမိုကောင်းမွန်သော အင်တာနက်ဝန်ဆောင်မှုပေးနိုင်ရန်အတွက် 3G ကွန်ရက်နည်းပညာသစ်ကို စမ်းသပ်လျက်ရှိပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပြည်သူ့အကျိုးပြုသည့် အပြောင်းအလဲများစွာကို မကြာသေးမီ ကာလများက ဆောင်ရွက်လျက်ရှိရာ SIM Card ရောင်းချဖြန့်ဖြူးရေးပုံစံသစ် အမှတ်တံဆိပ်အသစ်ပြုလုပ်ခြင်းတို့နှင့်အတူ ယခုအခါ ဆက်သွယ်ရေးကွန်ရက်တိုးချဲ့ခြင်းကိုပါ ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆောင်ရွက်ပေးမည့် ဝန်ဆောင်မှုများကို ပြည်သူများသို့ ဆက်လက်အသိပေးသွားမည်ဖြစ်ရာ သုံးစွဲအားပေးနိုင်ကြရန် တင်ပြလိုက်ရပါသည်။