×

မြန်မာနိုင်ငံရှိ တယ်လီကွန်းအော်ပရေတာများမှ မိုဘိုင်းလ်ဝန်ဆောင်မှုများ နှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်စေရန် ပံ့ပိုးကူညီ

09 Oct 2019

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ အူရီဒူးမြန်မာလီမိတက် (အူရီဒူး) ၊ တယ်လီနောမြန်မာ လီမိတက် (တယ်လီနော) ၊ တယ်လီကွန်းအင်တာနေရှင်နယ်မြန်မာကုမ္ပဏီလီမိတက် (MyTel) တို့နှင့် ပူးပေါင်း၍ မိုဘိုင်းလ်ဖုန်းသုံးစွဲသူများ မိုဘိုင်းလ်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်စွာ သိရှိနားလည်စေရေးအတွက် ပံ့ပိုးကူညီပေးနိုင်ရန် ရန်ကုန်မြို့ရှိ Pullman Yangon Centrepoint တွင် စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့ပါသည်။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်များနှင့် စည်းမျဉ်းစည်းကမ်းများပေါ်တွင် မူတည်၍ မြန်မာနိုင်ငံရှိ မိဘပြည်သူများ၏ အကျိုးအတွက် ဆက်သွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်တိုးတက်စေရေးကို ယခုလိုပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် သေချာစေမည် ဖြစ်ပါသည်။

အော်ပရေတာတစ်ခုချင်းစီသည် သုံးစွဲသူကျေနပ်မှုရှိစေရန် အလေးထားလုပ်ဆောင်သွားမည့် ခံယူချက်ကိုဖော်ပြခဲ့ပါသည်။ အော်ပရေတာများအနေဖြင့် သုံးစွဲသူများအား မိုဘိုင်းလ်ဖုန်းအသုံးပြုခြင်း အတွေ့အကြုံကို နားလည်လွယ်ကူစေရန် ဆောင်ရွက်ပေးထားသော ထင်ရှားသည့် အကူးအပြောင်းများ ဖြစ်သည့်  ယူနီကုတ်ဖောင့် ပြောင်းလဲဖော်ဆောင်ခြင်း၊ ဝန်ဆောင်မှုများ စာရင်းသွင်းရယူခြင်းနှင့် အသစ်ပြန်လည်ရယူခြင်းတို့တွင် သုံးစွဲသူများထံမှ အတည်ပြုချက်နှစ်ခါရယူခြင်း၊ ထပ်ဆောင်း ဝန်ဆောင်မှုများ အတွက် စည်းမျဉ်းစည်းကမ်းများ စသည်တို့ကို သုံးစွဲသူများအတွက်   အနှောက်အယှက်မဖြစ်စေရန် ဆောင်ရွက်ပေးထားပါသည်။ ဆက်လက်ပြီး အော်ပရေတာအသီးသီးမှ သုံးစွဲသူများစိတ်ကျေနပ်မှုရရှိစေရန် ဆောင်ရွက်ရာတွင် ရင်ဆိုင်ရသည့် စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ ၄င်းတို့၏ ဖုန်းခေါ်ဆိုခြင်းနှင့် ဒေတာအစီအစဉ်များ၊ ထပ်ဆောင်းဝန်ဆောင်မှုများနှင့် ဒီဂျစ်တယ်သုံးစွဲသူဝန်ဆောင်မှု အစရှိသည့် ဆက်သွယ်ရေးဝန်ဆောင်မှုဆိုင်ရာ အနာဂတ်မျှော်မှန်းချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

“တယ်လီကွန်းအော်ပရေတာတွေအနေနဲ့ သုံးစွဲသူတွေရဲ့လိုအပ်ချက်နဲ့ကိုက်ညီပြီး ဆန်းသစ်တီထွင် ဖန်တီးထားတဲ့ ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို ပေးအပ်နိုင်ဖို့ကအလွန်ပဲ အရေးကြီးလှပါတယ်။ မြန်မာပြည်သူလူထုအတွက် ရေရှည်အကျိုးဖြစ်ထွန်းနိုင်ဖို့ ဝန်ဆောင်မှုရဲ့အမြင့်ဆုံး အရည်အသွေးက အခြေခံအဆောက်အဦခိုင်မာအားကောင်းမှုပေါ်မှာမူတည်ပါတယ်။ အခြေခံခိုင်မာအောင် တည်ဆောက်ဖို့ အတွက် အားလုံးအတူ ပူးပေါင်းဆောင်ရွက်တာက အကောင်းဆုံးဖြစ်မှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်အသွင်ကူး​ပြောင်းရေး ကိုသာမက လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကိုပါ မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။” ဟု MPT-KSGM Joint Operation ၏ Chief Commercial Officer  ဖြစ်သူ Mr.Reizo Umeda မှ ပြောကြားပါသည်။

အူရီဒူးမြန်မာ၏   Chief Legal and Regulatory Officer, Mr. Chris Peirce က    “မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးနိုင်ဖို့နဲ့ မြန်မာပြည်သူလူထုရဲ့ ဒီဂျစ်တယ်အတွေ့အကြုံတွေနဲ့   လူနေမှုဘဝ ပြည့်စုံကောင်းမွန်အောင် ပံ့ပိုးပေးနိုင်ဖို့အတွက်  မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ရေရှည်တည်တံ့ ခိုင်မြဲစေရန် ဥပဒေပြုအဖွဲ့အစည်းတွေနဲ့ အော်ပရေတာတွေ အတူပူးပေါင်းဆောင်ရွက်ဖို့ အလွန်အရေးပါ ပါတယ်။” ဟု ပြောကြားပါသည်။

“ကျွန်တော်တို့အနေနဲ့ “သုံးစွဲသူများကို ဦးစားပေး” ဆိုတဲ့ ကတိတည်အောင် အမြဲဆောင်ရွက်ပြီး ကျွန်တော်တို့ရဲ့ ဆန်းသစ်တီထွင်ဖန်တီးထားတဲ့ ထုတ်ကုန်တွေကို အခက်အခဲမရှိ အသုံးပြုနိုင်ဖို့အတွက် သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို အမြဲနားစွင့်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ မိုဘိုင်းလ်ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး သုံးစွဲသူတွေ ပိုမိုနားလည်သိရှိလာအောင် ဆောင်ရွက်ပေးတဲ့ ဒီဆက်သွယ်ရေးလုပ်ငန်းတစ်ခုလုံးစုပေါင်းဆောင်ရွက်မှုမှာ တစ်စိတ်တစ်ပိုင်းက ပါဝင်နိုင်လို့ ကျေးဇူးတင်ပါတယ်။” ဟုတယ်လီနောမြန်မာ၏ Chief Corporate Affairs Officer ဖြစ်သူ Hans Martin Hoegh Henrichsen ကပြောကြားလိုက်သည်။

Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက “ခိုင်မာတဲ့ ဒီဂျစ်တယ်စီးပွားရေးစနစ်တစ်ရပ် တည်ဆောက်ရေးရဲ့အရေးကြီးမှုကို နားလည်ထားရှိမှုနဲ့ အတူ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ နိုင်ငံရဲ့ ဒီဂျစ်တယ်စနစ်ပြောင်းလဲဖော်ဆောင်ရေး လမ်းကြောင်းတွေကို ပြည့်ပြည့်ဝဝပံ့ပိုးပေးဖို့ဖြစ်ပြီး သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ အခြေခံအဆောက်အဦ အသင့်ဖြစ်နေခြင်း၊ ခေတ်မီပြီးထူးခြားတဲ့ ဆန်းသစ်တီထွင်ဖန်တီးမှုများကို ကမ်းလှမ်းပေးခြင်းနှင့် သုံးစွဲသူကျေနပ်သည့် အဆင့်ထက်ကျော်လွန်တဲ့ စင်းလုံးချောကောင်းမွန်တဲ့ဝန်ဆောင်မှုများကို ပေးအပ်ခြင်းတို့နဲ့ အကောင်အထည် ဖော်ဆောင်သွားမှာဖြစ်ပါတယ်။” ဟု ပြောကြားလိုက်ပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနတို့၏ ညွှန်ကြားချက်များနှင့် စည်းမျဉ်းစည်းကမ်းများပေါ်တွင်မူတည်၍ လိုင်စင်ရ ဆက်သွယ်ရေး အော်ပရေတာများ အနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ဆက်သွယ်ရေးဝန်ဆောင်မှု များကို အကောင်းဆုံး၀န်ဆောင်မှု ပေးအပ် လျှက်ရှိပါသည်။

———————————————-ပြီး ——————————————-

 

 

ဆက်သွယ်ရန်

MPT-KSGM Joint Operations

+95 9 423000171, +95 9 8630050

[email protected]; [email protected]

 

Mytel

+959781108816

[email protected]

 

Ooredoo Myanmar

+95 9 973333322

[email protected]

 

Telenor Myanmar – Corporate Affairs

+95 9 791 001 344

[email protected]