×

မြန်မာနိုင်ငံ၏ ပထမဆုံးတယ်လီသွန်ကို MPT မှ စတင်တော့မည်

22 Oct 2015

မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT မှ ရေဘေးသင့်ပြည်သူများနှင့် နိုင်ငံတဝှမ်း
ပြန်လည်ထူထောင်ရေးလုပ်ငန်းများအားကူညီရန် အလှူငွေကောက်ခံမှု နည်းလမ်းအသစ်ကို
လုပ်ဆောင်ပေးသွားမည်

ရန်ကုန်၊ မြန်မာ၊ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် အောက်တိုဘာ ၂၄ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သော မြန်မာနိုင်ငံ၏ ပထမဆုံးတယ်လီသွန်အစီအစဉ်အတွက် official partner တစ်ဦးအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေငြာလိုက်သည်။

အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ရ နာရီမှ ည ၁၀ နာရီအထိ MPT ဖုန်းနံပါတ် ၀၁ ၈၆၁၉၅၅၅ သို့ ဖုန်းဆက်၍ မြန်မာနိုင်ငံတဝှမ်းရှိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများသို့ ထောက်ကူပေးရန် လှူဒါန်းမှုပေးမည့်အကြောင်း ကတိကဝတ် ပြုလုပ်နိုင်မည်ဖြစ်သည်။ တယ်လီသွန်သည် ဒေသခံလှုပ်ရှားမှုအဖွဲ့များနှင့် ပူးပေါင်းကာ ရေဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေရှာဖွေသော သီတင်းကျွတ်ကိုကာကိုလာ ဂီတဖျော်ဖြေပွဲတော်၏ လှုပ်ရှားမှုတစ်ရပ်လည်းဖြစ်သည်။ MPT မှ ဂီတပွဲတော်နှင့် တယ်လီသွန်၏ ဆက်သွယ်ရေးကဏ္ဍ ၂ ခုစလုံးအတွက် official partner အဖြစ် ကူညီဆောင်ရွက်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ နာမည်ကြီး သရုပ်ဆောင်များဖြစ်ကြသော နေတိုး၊ ပြေတီဦး၊ ဝတ်မှုံရွှေရည်၊ နန်းစုရတီစိုး စသည့် တို့မှာ တယ်လီသွန် ပြုလုပ်ရာ ယာယီအဆောက်အဦတွင် ရှိနေကြမည်ဖြစ်ပြီး၊ ဖုန်းခေါ်ဆိုမှုများကိုဖြေဆိုခြင်းနှင့် လှူဒါန်းမှုကတိကဝတ်များလက်ခံခြင်းတို့အတွက် အလှမယ်များဖြစ်ကြသော ထက်ထက်ထွန်း (Miss Universe Myanmar 2016)၊ မေဘရဏီသော် (Miss Universe Myanmar 2015)၊ ဟန်လေး (1st Runner Up၊ Miss Universe Myanmar 2015) နှင့် ချိုချိုထွန်း (2nd Runner Up၊ Miss Universe Myanmar 2015) တို့က ဆောင်ရွက်ပေးကြမည် ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ ပထမဆုံးဖြစ်တဲ့ တယ်လီသွန်ရန်ပုံငွေရှာဖွေပွဲက နိုင်ငံတဝှမ်းမှာ ရေဘေးသင့်ဒေသတွေအတွက် ကူညီထောက်ပံ့မှုတွေကို ပြုလုပ်နေတဲ့ MPT ရဲ့ လှုပ်ရှားမှုတွေထဲက တစ်ခုဖြစ်ပါတယ်၊ ရန်ပုံငွေဖျော်ဖြေပွဲဟာဆိုရင်လည်း ပျော်ရွှင်စရာအချိန်အခါတွေ ဖန်တီးပေးမှာပါ။ မိသားစုတွေအများကြီး တစုတဝေးတည်းပျော်ရွှင်နိုင်မယ်၊ မတူညီတဲ့ ဂီတမျိုးဆက်တွေနဲ့ ဂီတအမျိုးအစား အကုန်လုံးကိုလည်း တစ်ပေါင်းတစ်စည်းတည်းခံစားနိုင်မယ်ဆိုတော့ ဒီလိုပွဲကြီးမှာ ပူးပေါင်းပါဝင်ခွင့်ရတဲ့အတွက် MPT က အရမ်းဝမ်းသာဂုဏ်ယူပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က ပြောသည်။

လှူဒါန်းမှုတစ်ခုပြုလုပ်ရန် ပြောကြားပြီးပါက ငွေသားများကို Rebuild Myanmar Fund သို့ မည်သည့်ရိုးမဘဏ် ဘဏ်ခွဲများမှမဆို လွှဲပေးနိုင်မည်ဖြစ်သည်။ တယ်လီသွန်ဖုန်းခေါ်ဆိုမှုများတွင် မှတ်ယူထားမည့် အချက်အလက်များတွင် ခေါ်ဆိုသူ၏ အမည်၊ လှူဒါန်းမည့်ပမာဏ၊ မှတ်ပုံတင်နံပါတ်၊ နေထိုင်သည့်မြို့နယ်နှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်များ ပါဝင်မည်ဖြစ်သည်။

မကြာသေးမီကလည်း ရေဘေးသင့်ဒေသများဖြစ်သော ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသများသိို့ု MPT မှ အလှူငွေကျပ်သိန်း ၁၀၀ စီပေးအပ်လှူဒါန်းခဲ့ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ ငွေကျပ်သိန်း ၂၀၀ နှင့် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီသို့ ငွေကျပ်သိန်း ၃၀၀ ပေးအပ်လှူဒါန်းခဲ့သည််။ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းများသို့လည်း ထောက်ပံ့ရေးပစ္စည်းထုပ် ၃ ထောင်ကျော်ကို ပေးပို့လှူဒါန်းခဲ့သည်။ ထို့အပြင် MPT သုံးစွဲသူ မြန်မာပြည်သူများ၏ လိုအပ်ချက်များ အဆင်ပြေသက်သာစေရန် ရည်ရွယ်ပြီး MPT မှ SMS မှတဆင့်လှူဒါန်းခြင်း အစီစဉ်အား လုပ်ဆောင်ခဲ့ရာ ယင်းအစီအစဉ်တွင် ငွေကျပ်သိန်း ၃၀၀၀ နီးပါး (၂၉၆,၅၃၀,၅၀၀ ကျပ်) ပေးအပ်လှူဒါန်းပေးခဲ့သည်။