×

မြန်မာဘောလုံးအားကစားဝါသနာရှင်များအတွက် MPT Myanmar National League 2019 ရာသီသစ်ပွဲစဉ်များကို ပျော်ရွှင်ဖွယ်အစီအစဉ်များဖြင့် စတင် ၂၀၁၉ ခုနှစ်ရာသီပွဲစဉ်များကို စတင်ခြင်းနှင့်အတူ နိုင်ငံတစ်ဝန်းမှ ဘောလုံးချစ်သူ လူငယ်များနှင့် ပရိသတ်များအတွက် ဘောလုံးပွဲစဉ်များနှင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်အစီအစဉ်များကို စောင့်မျှော်ကြည့်ရှုနိုင်ပြီဖြစ်

17 Jan 2019

၂၀၁၉ ခုနှစ်ရာသီပွဲစဉ်များကို စတင်ခြင်းနှင့်အတူ နိုင်ငံတစ်ဝန်းမှ ဘောလုံးချစ်သူ လူငယ်များနှင့် ပရိသတ်များအတွက် ဘောလုံးပွဲစဉ်များနှင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်အစီအစဉ်များကို စောင့်မျှော်ကြည့်ရှုနိုင်ပြီဖြစ်

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ နှင့် မိတ်ဖက် အဖွဲ့အစည်းဖြစ်သည့် မြန်မာနေရှင်နယ်လိဂ် MNL တို့ပူးပေါင်းဆောင်ရွက်မှုဖြင့် အများမျှော်လင့် တောင့်တလျှက်ရှိသည့် နိုင်ငံတွင်း ဘောလုံးရာသီသစ်ကို ဂုဏ်ယူစွာဖြင့် ပြန်လည်ကျင်းပနေပြီဖြစ်ပြီး ထိပ်တန်းအသင်းများ ပါဝင်ယှဉ်ပြိုင်မည့် ပွဲစဉ်များနှင့်အတူ လူငယ်ခြေတက်အသင်းများအနေဖြင့်လည်း ၎င်းတို့အတွက် အောင်ပွဲများကို အကြိတ်အနယ် ယှဉ်ပြိုင် ရယူသွားကြမည် လည်းဖြစ်သည်။

လွန်ခဲ့သည့် ဘောလုံးရာသီကပင်စတင်ကာ မြန်မာ့ဘောလုံးလောက တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် MPT မှ MNL နှင့်အတူ သုံးနှစ်တာ မဟာဗျူဟာကျ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ယခုရာသီတွင် ဘောလုံးအားကစားဝါသနာရှင်များ အတွက် ပိုမိုထူးခြားသော အစီအစဉ်များဖြစ်သည့် ဘောလုံးအားကစား တိုးတက်ရေး ဆွေးနွေးပွဲများ၊ တွေ့ဆုံပွဲ များ၊ ပြိုင်ပွဲအကြိုလှုပ်ရှားမှုများ၊ ပြိုင်ပွဲဝင်လက်ရွေးစင်ကစားသမားများ၊ နာမည်ကျော်ကြား လူကြိုက်များသော အနုပညာရှင်များနှင့် တွေ့ဆုံပွဲများအား တစ်နိုင်ငံလုံးတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

MPT သည် ၂၀၁၈ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံ၏ဘောလုံးအားကစားတိုးတက်စေရေး ရည်ရွယ်၍ အသက်အရွယ်လိုက်ကျင်းပသော လူငယ်အဆင့်ပြိုင်ပွဲများ၊ တက္ကသိုလ်အဆင့် ဘောလုံးပြိုင်ပွဲများ နှင့် လူငယ်များအတွက် ဦးတည်သည့် လှှုပ်ရှားမှုများဖြစ်သော အသက် ၆ နှစ်မှ ၁၂ နှစ်ရှိ ကလေးများအတွက် လူငယ်ဘောလုံးပွဲတော်များကို MNL နှင့်အတူ အောင်မြင်စွာ ပူးပေါင်းကျင်းပခဲ့ပါသည်။ ယခု ၂၀၁၉ ခုနှစ်တွင်လည်း ပွဲစီစဉ်သူများ၊ မိတ်ဖက်အဖွဲ့အစည်းများတို့နှင့်ပူးပေါင်းကာ ပြိုင်ပွဲဝင်အသင်းများနှင့် ဝါသနာရှင် ပရိသတ်များအတွက် ယခင်နှစ်များထက် ပိုမိုကောင်းမွန်သော ပွဲစဉ်များဖြစ်လာစေရန် ကြိုးပမ်း သွားကြမည် ဖြစ်သည်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က “တစ်နိုင်ငံလုံးက ဘောလုံးအားကစားဝါသနာရှင်တွေအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ MPT-MNL ၂၀၁၉ ရာသီ ပွဲစဉ်သစ်တွေ စတင်လိုက်ပါပြီ။ ၂၀၁၈ ခုနှစ်ပွဲစဉ်တွေတုန်းက အောင်မြင်မှုရရှိခဲ့တာနဲ့အတူ MPT နဲ့ MNL တို့ ပူးပေါင်းပြီးတော့ MNL-1, MNL-2 ပွဲစဉ်တွေကိုသာမကဘဲ ကလေးတွေအတွက် လူငယ်ဘောလုံး ပြိုင်ပွဲတွေနဲ့ လူငယ်ဘောလုံးပွဲတော်တွေကိုပါ ဆက်ကျင်းပသွားပြီး မြန်မာ့ဘောလုံးအားကစား တိုးတက်စေဖို့ရည်ရွယ်ပြီး မျိုးဆက်သစ်တွေအတွက် ဆက်လက်ဆောင်ရွက်ပေးသွားမှာလည်း ဖြစ်ပါတယ်။ ဒီနှစ်မှာ ဆိုရင်တော့ ဘောလုံးကစားပွဲတွေသာမကဘဲ တခြားပျော်ရွှင်စရာအစီအစဉ်တွေဖြစ်တဲ့ အနုပညာရှင်တွေ ပါဝင်မယ့် ဖျော်ဖြေရေးပွဲတွေ၊ ကစားသမားတွေနဲ့ ပရိသတ်တွေ တွေ့ဆုံပွဲတွေကိုပါ ကျင်းပနိုင်ဖို့ စီစဉ်ထားပါတယ်။ ပါဝင်ယှဉ်ပြိုင်ကြမယ့် အဆင့်အလိုက် အသင်းတွေအားလုံးကို ကံကောင်းပါစေလို့လည်း ဆုတောင်းပေးချင်ပါတယ်။ ပရိသတ် တွေအတွက်လည်း ပျော်ရွှင်စရာကောင်းတဲ့ ဘောလုံးရာသီသစ်တစ်ခုဖြစ်စေဖို့ မျှော်လင့်ပါတယ်။” ဟု ပြောကြားခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်၏ စီအီးအိုဖြစ်သူ ဦးစိုးမိုးကျော် က “ MPT နဲ့ ပူးပေါင်းပြီး လူငယ်ဖွံ့ဖြိုးရေးလှုပ်ရှားမှု တွေအပြင် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကိုပါ ဒီနှစ်အတွက် ထပ်မံပူးပေါင်းပြီး ကျင်းပနိုင်ခဲ့တဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ ပြိုင်ပွဲဝင်အသင်းတွေ စိတ်အားတက်ကြွစေဖို့အတွက် မြန်မာ့ဘောလုံး ပရိသတ်တွေအားလုံး ကွင်းထဲအရောက်လာအားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ပရိသတ်တွေ တစ်ခဲနက် အားပေးမှသာ ပြိုင်ပွဲတွေက ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာမှာ ဖြစ်ပြီး ဒါမှသာ လိဂ်ရဲ့ အဆင့်အတန်းက ပိုမို တိုးတက်လာမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့လာမယ့် MPT MNL ၂၀၁၉ ပွဲစဉ်တွေမှာ ပရိသတ်တွေ တစ်ခဲနက် လာရောက်အားပေးကြ မယ်လို့ ယုံကြည်စိတ်လှုပ်ရှားနေပါတယ်။” ဟုပြောကြားသွားခဲ့သည်။

ယခုလာမည့် MNL-1 ပွဲစဉ်များကို ဇန်နဝါရီလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် ရန်ကုန်၊ မန္တလေး၊မုံရွာနှင့် စစ်တွေမြို့တို့၌ အသီးသီး ကျင်းပသွားမည်ဖြစ်ကာ အသင်း ၁၂ သင်းအနေဖြင့် ယခုနှစ်အတွက် ချန်ပီယံဆုဖလား ရရှိရန်အတွက် အရေးကြီးသော ရမှတ်များရရှိစေရန် အကြိတ်အနယ် ယှဉ်ပြိုင် သွားရမည် ဖြစ်ပါသည်။ ပြိုင်ပွဲကျင်းပမည့်ရက်များတွင် ပြိုင်ပွဲမစတင်မီ မြန်မာနိုင်ငံ၏ နာမည်ကြီးအနုပညာရှင်များ ဖြစ်ကြသော နေမင်းနှင့် ရှင်ယွန်းမြတ်တို့မှ ဘောလုံးချစ်ပရိသတ် များနှင့် တွေ့ဆုံမှုအဖြစ် မန္တလေးတွင် ဇန်နဝါရီလ ၁၉ ရက်နေ့နှင့် မုံရွာတွင် ဇန်နဝါရီလ ၂၀ ရက်နေ့တို့တွင် ဘောလုံးပွဲ များမစတင်မီ ပျော်ရွှင်ဖွယ်ရာ တွေဆုံမည်ဖြစ်ပြီး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးသွားကြမည်ဖြစ်ပါသည်။ ယခုနှစ်တွင် သတ်မှတ်ထားသော ပွဲစဉ်များအတွက် ပရိသတ်များနှင့်တွေ့ဆုံပွဲများအပြင် အနုပညာရှင်များ ကိုယ်တိုင် တက်ရောက်မည့် အစီအစဉ်များကိုလည်း ပါရှိမည်ဖြစ်သည်။

အသေးစိတ်ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဆက်သွယ်၍ လည်းကောင်း၊ MPT ၏ တရားဝင်ဝက်ဘ်ဆိုက် ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ်ဘွတ်၏စာမျက်နှာ https://www.facebook.com/mptofficialpage သို့ လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ပွဲစဉ်များအကြောင်း အသေးစိတ်သိရှိလိုပါက MNL ၏ တရားဝင်စာမျက်နှာဖြစ်သော https://m.facebook.com/theMPTMNL/ တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။