×

မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၈၏ ဖိုင်နယ်အဆင့်သို့ အဖွဲ့(၁၀) ဖွဲ့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီဖြစ်

29 Jan 2018

(ရန်ကုန်၊ ၂၉ ဇန်နဝါရီ ၂၀၁၈) – မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၈ ၏ တစ်စိတ်တစ်ဒေသဖြစ်သော တစ်ပတ်တာ စခန်းသွင်းလေ့ကျင့်ခြင်း အစီအစဉ်အတွက် အောက်မြန်မာ ပြည်ကိုယ်စားပြု (ရန်ကုန်) နှင့် အထက်မြန်မာပြည်ကိုယ်စားပြု (မန္တလေး) မှ ယှဉ်ပြိုင်ကြသော အဖွဲ့များ ကို ဂုဏ်သရေရှိ အကဲဖြတ်ဒိုင်လူကြီးမင်းများ မှ ရွေးချယ်ပြီး ဖြစ်ပါသည်။ အဆိုပါ ပြိုင်ပွဲကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တို့ ပူးပေါင်းကျင်းပပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်မည့် လူငယ်များနှင့် နည်းပညာဆက်စပ်နယ်ပယ်များတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ကြမည့် လူငယ်များ၏ စွမ်းဆောင်ရည်ကို အဓိက အခန်းကဏ္ဍမှ ကူညီထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါသည်။

အောက်မြန်မာပြည်ကိုယ်စားပြု (ရန်ကုန်) အဖွဲ့ (၁၃) ဖွဲ့ နှင့် အထက်မြန်မာပြည် ကိုယ်စားပြု (မန္တလေး) အဖွဲ့ (၁၃) ဖွဲ့ တို့မှ ၄င်းတို့၏ ထုတ်ကုန် သို့မဟုတ် ၀န်ဆောင်မှု နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်မှုအပြင် သက်ဆိုင်ရာကဏ္ဍအလိုက် ဆန်းသစ်တီထွင်နိုင်မှု စသည့် အချက်များအပေါ်တွင် အခြေခံကာ ရွေးချယ်ရေးဘုတ်အဖွဲ့ရှေ့တွင် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါသည်။ အောက်မြန်မာပြည်ကိုယ်စားပြု မှ အဖွဲ့ (၅) ဖွဲ့ နှင့် အထက်မြန်မာပြည်ကိုယ်စားပြု အဖွဲ့ (၅) ဖွဲ့ ပဏာမရွေးချယ်ပွဲအခမ်းအနားများကို ဇန်နဝါရီ ၂၃ ရက်နေ့ နှင့် ၂၇ ရက်နေ့တို့တွင် Yangon MICT- Park နှင့် မန္တလေးမြို့ ရတနာပုံစူပါစင်တာရှိ Mandalay MICT-Park တွင် ရွေးချယ်ခံခဲ့ပါသည်။

မြန်မာလူငယ် စွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၈ ၏ ပဏာမရွးချယ်ခံခဲ့ရသည့် အဖွဲ့များမှာ သက်ဆိုင်ရာကဏ္ဍအလိုက် ၄င်းတို့ ထုတ်ကုန်များ (သို့မဟုတ်) ဝန်ဆောင်မှုများ အသုံးဝင်ပုံ အကြောင်း အရာများကို သရုပ်ပြရှင်းလင်းခဲ့ကြပါသည်။ အထက်မြန်မာပြည်ကိုယ်စားပြု (ရန်ကုန်) မှ အရွေးချယ်ခံရသည့် အဖွဲ့များမှာ My Player, Secret Art, Cyber E-Sports Portal, Butterfly and Doctor Kyaw နှင့် အထက်မြန်မာပြည်ကိုယ်စားပြု (မန္တလေး) အရွေးချယ်ခံရသည့် အဖွဲ့များမှာ Myanmar CNC, Baby Lovers, Team Liquid, Team Hexasky and Particles တို့ ဖြစ်ပါသည်။

စကာတင်ရွေးချယ်ခံရသည့် အဖွဲ့ (၁၀) ဖွဲ့ အနေဖြင့် ၄င်းတို့၏ စီးပွားရေး လုပ်ငန်းစီမံကိန်းများကို မွမ်းမံပြင်ဆင်နိုင်သည့်အခွင့်အလမ်း ရရှိမည်ဖြစ်သည့် အပြင် ၄င်းတို့၏ စိတ်ကူးအကြံဉာဏ်များကို အကဲဖြတ်ဒိုင်လူကြီးများ နှင့် မီဒီယာများရှေ့တွင် ပြသထုတ်ဖော်ခွင့် ရရှိမည်ဖြစ်ပါသည်။ ၄င်းတို့၏ စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက် စေရန်အတွက် တိုးတက်မှု ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးများ ၊ ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ အလုပ်ရုံ ဆွေးနွေးပွဲများ ၊ Hackathons၊ လူမှုဆက်ဆံရေးဆိုင်ရာ စွမ်းရည်နှင့် စီးပွားရေးဆိုင်ရာ အတွေးအမြင်များ တိုးတက်စေရေး ဆွေးနွေးပွဲများ ပါဝင်သည့် အထူးလေ့ကျင့်သင်ကြား မှုများကို တစ်ပတ်တာ စခန်းသွင်းလေ့ကျင့်ခြင်း ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။

ထိုမှတစ်ဆင့် မိမိတို့ မျှော်လင့်ထားသည့် စီးပွားရေးလုပ်ငန်း အိမ်မက်များကို အကောင်အထည်ဖော်နိုင်ရန် အတွက် အကောင်းဆုံးအဖွဲ့ (၃) ဖွဲ့ကို ဖိတ်ကြားထားသော ဂုဏ်သရေရှိ အကဲဖြတ်ဒိုင်လူကြီးမင်းများ ၏ အကူအညီဖြင့် စီစစ်ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရွေးချယ်ခံရမည့် အဖွဲ့ (၃) ဖွဲ့ကို ၂၀၁၈ ဖေဖေါ်ဝါရီလတွင် နောက်ဆုံးယှဉ်ပြိုင်စေပြီး အဆုံးဖြတ် ပေးသွားမည်ဖြစ်သည်။ ဆုကြေးငွေ ကျပ်သိန်းငါးဆယ် (၅,၀၀၀,၀၀၀) နှင့့်အတူ ၂၀၁၈ မတ်လတွင် စတင်ကာ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု စင်တာဖြစ်သည့် Kanaung Hub တွင် အခြားသော အောင်မြင်မှုရရှိနေသည့် လုပ်ငန်းငယ်များနှင့်အတူ အနီးကပ် အလုပ်လုပ်ကိုင် နိုင်မည့် ရုံးခန်းနေရာတစ်ခုကို ၆လ တိတိ အခမဲ့ အသုံးပြုခွင့်ကိုလည်း ရရှိမည် ဖြစ်ပါသည်။ အနိုင်ရရှိသော အဖွဲ့သည် လမ်းညွှန်ပြသပေးနိုင်မည့်သူများ၏ အနီးကပ်ကူညီထောက်ပ့ံမှုကို ရရှိမည်ဖြစ်ပြီး လုပ်ငန်း နယ်ပယ် အသီးသီးတွင် အောင်မြင်နေသည့် ကြီးကြပ်သူများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးမှုဖြင့် ၄င်းတို့၏ လုပ်ငန်းကို အကောင်းဆုံးတိုးတက်စေမည့် အခွင့်အလမ်းများကိုလည်း ရရှိမည်ဖြစ်ပါသည်။

“မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အနေနဲ့ အခုလို မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွ့ံဖြိုးရေးအစီအစဉ် ၂၀၁၈ ကို MPT နဲ့အတူ ပူးပေါင်းပြီး လူငယ်တွေရဲ့ စီးပွားရေးလုပ်ငန်း စိတ်ကူးအတွေးတွေကို အကောင် အထည်ဖော် လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အထူးပဲ ဝမ်းမြောက်မိပါတယ်။ အနိုင်ရရှိမယ့် အဖွဲ့ (၃) ဖွဲ့ နဲ့အတူ ပါဝင်ယှဉ်ပြိုင်ကြမယ့် အဖွဲ့ (၁၀) ဖွဲ့ရဲ့ စိတ်အားထက်သန်မှုတွေ၊ ဆုကြေးငွေ နဲ့ ထောက်ခံမှုတွေအတွက် ဒီအချိန်ဟာ စိတ်လှုပ်ရှားဖွယ် အချိန်ကာလတစ်ခုလည်း ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဌ ဖြစ်သူ ဦးခွန်ဦး မှ ပြောကြားပါသည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Yoshiaki Benino က “နည်းပညာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စီးပွားရေးနဲ့ စိုက်ပျိုးရေးနယ်ပယ်တွေမှာ အကျိုးရှိမယ့် အရမ်းကို ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းအမျိုးမျိုးကို ကျွန်တော်တို့ မြင်တွေ့ခဲ့ပါတယ်။ Audio book တွေကနေ patient queue flow စနစ်တစ်ခုအထိ စီးပွားရေး နဲ့ လူ့အဖွဲ့အစည်း နှစ်ခုစလုံးအတွက် လိုအပ်တဲ့ နည်းစနစ်တွေကို လေ့လာဆန်းသစ်မှုတွေကို တွေ့မြင်ခဲ့ရပါတယ်။ MPT အနေနဲ့ စွန့်ဦးတီထွင်မှု ဖွံ့ဖြိုးရေးအတွက် အထူးသဖြင့် နိုင်ငံရဲ့ လူငယ်တွေအကြားမှာ တိုးတက်လာစေရေးအတွက် ထောက်ပံ့ပေးဖို့ သံန္နိဋ္ဌာန် ချထားပါတယ်။ နောက်ပြီး အနာဂတ်မှာ ဒီအစီအစဉ် ပိုမိုကျယ်ပြန့်လာစေဖို့နဲ့ MCF နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ပါတယ်။ ဒီလိုအတူတကွပူးပေါင်းဆောင်ရွက်တာကြောင့် အလျင်အမြန်ဖွံ့ဖြိုး တိုးတက်နေတဲ့ စျေးကွက်နေရာတစ်ခုမှာ လူငယ်တွေ အောင်မြင်မှုအလားအလာရရှိစေဖို့အတွက် ကျော ထောက်နောက်ခံဖြစ်စေမယ့် စီးပွားရေးစီမံကိန်းရေးဆွဲခြင်းနဲ့ ဒစ်ဂျစ်တယ်နည်းပညာ အရည်အသွေးတွေ ကို မြန်မာနိုင်ငံရဲ့ လူငယ်စွန့်ဦးတီထွင်သူတွေက လေ့လာသင်ယူနိုင်စေဖို့အတွက် ခွန်အားရရှိစေဖို့မျှော်လင့်ပါတယ်” ဟု ပြောကြားပါသည်။

အဆိုပါပြိုင်ပွဲနှင့်ပတ်သတ်၍ ပိုမိုအသေးစိတ်သိရှိလိုပါက www.mmtechnopreneurship.com (သို့မဟုတ်) MPT နှင့် MCF တို့၏ တရားဝင် Facebook စာမျက်နှာများတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။