×

မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၈ အတွက် အနိုင်ရရှိသည့် အသင်း (၃) သင်းထွက်ပေါ်လာ

13 Feb 2018

(ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၈ ခုနှစ်) – MPT နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) တို့ ပူးပေါင်းကျင်းပနေသည့် “မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၈” ၏ နောက်ဆုံး အဆင့် ရွေးချယ်ပွဲ သို့တက်လှမ်းခဲ့သော အသင်း (၁၀) သင်းမှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်တွင် ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်နယ်မြေရှိ MICT Park တွင် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး ၎င်းတို့အနက်မှ အနိုင်ရရှိသူများကို အပြီးသတ်ကြေညာနိုင်ခဲ့ပြီဖြစ်သည်။ အနိုင်ရရှိခဲ့သည့် အကောင်းဆုံး အသင်း (၃) သင်းမှာ Secret Art, DigiSportal နှင့် Doctor Kyaw တို့ ဖြစ်ပါသည်။

လျှောက်လွှာများ လျှောက်ထားခြင်းနှင့် ပဏာမရွေးချယ်ပွဲအစီအစဉ်များမှတစ်ဆင့် အဆင့်ဆင့် တက် လှမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်းမှ ရွေးချယ်ခံခဲ့ရသည့် အသင်း (၁၀) သင်းမှာ ၎င်းတို့၏ အောင်မြင်မှုနှင့် အနိုင်ရရှိရေးအတွက် နောက်ဆုံးအဆင့် ရွေးချယ်သည့် ယခုပွဲအတွင်း အကာင်းဆုံး ယှဉ်ပြိုင် ဆောင်ရွက်ခဲ့ကြ ပါသည်။ MPT နှင့် MCF တို့ပူးပေါင်းကျင်းပသည့် ယခုအစီအစဉ်မှာ မြန်မာနိုင်ငံကို နည်းပညာစွမ်းအားဖြင့် ရှေ့သို့လှမ်းချီစေရန်ကြိုးပမ်းကြသည့် နည်းပညာကျွမ်းကျင်သူ စွန့်ဦးတီထွင်မျိုးဆက်သစ်လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးထောက်ပံ့မှုပြုရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။

အရွေးချယ်ခံခဲ့ရသည့် အသင်း (၃) သင်းအနေဖြင့် ၎င်းတို့၏ကုမ္ပဏီအသစ်များအတွက် ကနဦး စတင် အလုပ် လုပ်ကိုင်ကြမည့် ကာလအတွင်း အပိုဆောင်း ထောက်ပံ့မှုအဖြစ် ကုမ္ပဏီမှတ်ပုံတင်ခွင့်၊ ရန်ကုန်အခြေစိုက် Incubation centre တစ်ခုဖြစ်သော Kanaung Hub တွင် (၆) လတာ ရုံးခန်းနေရာ အသုံးပြုခွင့် ရရှိမည့်အပြင် လုပ်ငန်း စတင်လည်ပတ်နိုင်ရန်အတွက် အထောက်အကူဖြစ်စေမည့် ဆုကြေးငွေ ကျပ်သိန်းငါးဆယ်ကိုလည်း လက်ခံ ရရှိခဲ့ပါသည်။ ပြိုင်ပွဲအတွင်း အောင်မြင်မှုရရှိရန်အတွက် အဖွဲ့များမှာ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော စခန်းသွင်းလေ့ကျင့်မှု အစီအစဉ်တစ်ရပ်တွင် ပါဝင်ခဲ့ကြပြီး ၎င်းတို့အနေဖြင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် ရှိရမည့် အခြေအနေ၊ ခံယူချက်နှင့် ၎င်းတို့၏ လူမှုဆက်ဆံရေးအတွက် လိုအပ်သည်များကို အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ hackathon များ နှင့် ပညာရှင်များ ကိုယ်တိုင် လေ့ကျင့်သင်ကြားပေးမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြရပြီး ဖြစ်ပါသည်။

အနိုင်ရရှိခဲ့သည့် (၃) သင်းအနက်မှ Secret Art အသင်းသည် မြန်မာ့ရသစာပေဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူဖြစ်စေရန်အတွက် ဓမ္မနှင့် ကလေးများအတွက် ပုံပြင်များပါဝင်သော audio book app ကို ရေးသားခဲ့ခြင်းဖြစ်သည်။ ဒုတိယဆုရရှိခဲ့သည့် DigiSportal သည် ကစားသူများကို ဆိုက်ဘာကဖေးများနှင့် ချိတ်ဆက်ပေးမည့် DiGicafe ကို ဖန်တီးထားခြင်းဖြစ်ပြီး တက္ကစီမောင်းသူများကို ခရီးသည်များနှင့် ချိတ်ဆက်ပေးမည့် ride-sharing app များနှင့် ပုံစံဆင်တူပါသည်။ အနီးစပ်ဆုံး ဆိုက်ဘာကဖေးကို အလွယ်တကူရှာဖွေနိုင်ပြီး မိမိအတွက်သာမက၊ သူငယ်ချင်းများအတွက်ပါ စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။ တတိယဆုရရှိခဲ့သည့် Dotctor Kyaw သည် စမတ်ဖုန်းအသုံးပြုသူတိုင်း သုံးစွဲနိုင်မည့် စျေးသက်သာသည့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု app တစ်ခုဖြစ်သည်။ အဆိုပါ app သည် သုံးစွဲသူများ၏ ကျန်းမာရေးကို AI စနစ်သုံး chatbot တစ်ခုမှ ခြေရာခံပေးနိုင်သည့်စနစ်ပါဝင်ပြီး အသုံးပြုသူများသည် ၎င်းတို့၏ကျန်းမာရေးနှင့် သက်ဆိုင်သည့် မေးခွန်းများကို ဖြေကြားပြီး (ဥပမာအားဖြင့် ဆေးဆိုင်သို့သွားရောက်ရန်လမ်းညွန်မှု) အကြံဉာဏ်များရယူနိုင်မည်ဖြစ်ပါသည်။

MPT အနေနှင့် မြန်မာလူငယ်များအတွက် ပိုမိုကောင်းမွန်သည့် အကျိုးရလဒ်များဖြစ်ထွန်းစေမည့် အခန်းကဏ္ဍ များတွင် စွမ်းစွမ်းတမံဖြင့် ပါဝင်ကူညီပေးလျက်ရှိနေပြီး ယခုစီစဉ်ပြုလုပ်သော လူငယ်နည်းပညာစွန့်ဦးတီထွင် ပြိုင်ပွဲမှာလည်း နိုင်ငံတွင်း သိပ္ပံနှင့် နည်းပညာဖွ့ံဖြိုးတိုးတက်ရေးအတွက် များစွာသော အထောက်အကူပြုရရှိ စေနိုင်ရေးအတွက် MPT မှ အခြေခံအုတ်မြစ်ချ ပူးပေါင်းဆောင်ရွက်မှုတစ်ခုလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း နေထိုင်သူများအနေဖြင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် စီးဆင်းရရှိမှု အနေအထားမှာ မြန်ဆန်ကောင်းမွန်သည့် အရှိန်အဟုန်တစ်ခုဖြင့် တိုးတက်လာမည်ဟု MPT အနေဖြင့် ယုံကြည်ထားပြီး လူမှုအဖွဲ့အစည်းများစွာကို ထောက်ပံ့ပေးခြင်းဖြင့် မြန်မာပြည်သူများ၏ လူမှုဘဝများကို ပိုမိုတိုးတက်လာစေမည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ COO ဖြစ်သူ Mr. Yoshiaki Benino က “MPT အနေနဲ့ မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၈ မှာ နောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်ခဲ့သူ တွေအတွက် အလွန်ဂုဏ်ယူမိပါတယ်။ ဒီအစီအစဉ်ရဲ့ အဓိကပံ့ပိုးပါဝင်သူ ဖြစ်တာနဲ့အညီ ကျွန်တော်တို့က နိုင်ငံတစ်ဝန်းက ပြည်သူတွေ ကြုံတွေ့နေတဲ့ ဒေသတွင်း ပြဿနာတွေကို ဖြေရှင်းပေးမယ့် တီထွင် ဆန်းသစ်မှုတွေ တိုးတက်စေဖို့အတွက် မြန်မာလူငယ်တွေက ကမ္ဘာ့အဆင့်မီ နည်းပညာတွေကို သုံးစွဲဆောင်ရွက်မှုကို တွေ့မြင်နေရတဲ့အပေါ် တကယ်ပဲသဘောကျနှစ်သက်မိပါတယ်။ ဒီယှဉ်ပြိုင်သူတွေက ပြိုင်ပွဲ တစ်လျှောက်မှာ အံ့အားသင့်ဖွယ်ရာ တိုးတက်မှုတွေကို ပြသနိုင်ခဲ့သလို သူတို့ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုကို လည်း ပိုကောင်းအောင် မွမ်းမံခဲ့ပါတယ်။ အနိုင်ရရှိသူတွေက သူတို့ရဲ့ စီးပွားရေးအစီအစဉ်တွေ ဖွံ့ဖြိုးတိုးတက် မှုတွေ ဖြစ်ပေါ်စေဖို့ အံ့အားသင့်ဖွယ်ရာ အခွင့်အလမ်းတွေကို ဘယ်လိုအသုံးချမလဲဆိုတာကို မြင်တွေ့ရဖို့ တကယ့်ကိုမစောင့်နိုင်လောက်အောင် ဖြစ်မိပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာပါဝင် ယှဉ်ပြိုင်ခဲ့သူအားလုံးကို သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ဂုဏ်ယူပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နောက်ဆုံးအဆင့်ပြိုင်ပွဲဝင် ကျန်အသင်းများမှာ Baby Lover, Myanmar CNC, Team Liquid, Particles, Team Hexasky, Butterfly နှင့် My Player တို့ ဖြစ်ပါသည်။

(ပြိုင်ပွဲဝင်များ၏ အချို့သော ဝန်ဆောင်မှု၊ထုတ်ကုန်များတွင် မိဘအသစ်စက်စက်များအတွက် ကလေးငယ်အား အကောင်းမွန်ဆုံး ပြုစု စောင့်ရှောက်နည်း၊ စက်မှုလုပ်ငန်းများတွင် သစ်သားနှင့် သံ ထည်ပစ္စည်းများအား အလိုအလျောက်ပုံသွင်း ဖြတ်တောက်ပေးခြင်း စနစ်၊ လယ်သမားများအတွက် လယ်ယာထွက်ကုန်များ ရောင်းချ ရန်နည်းလမ်းများ၊ နည်းပညာပေါ်မှတစ်ဆင့် ယုံကြည်စိတ်ချစွာ လှူဒါန်းနိုင်မည့် ပရဟိတစနစ်များ နှင့် ခရီးသွားခြင်းကို ခုံမင်သူများအတွက် ခရီးစဉ်များကြည့်ရှုလေ့လာ စီစဉ်နိုင်မည့် စနစ်များ၊ Voice ကိုအခြေခံထားသည့် Home Control System၊ My Player များ ပါဝင်သည်။ ) ၎င်းအသင်းများကိုလည်း နှစ်သိမ့်ဆုအဖြစ် တစ်သင်းလျှင် ဆုငွေကျပ် (၅)သိန်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ပြိုင်ပွဲတွင် အကောင်းဆုံးအသင်းတစ်သင်းအဖြစ် အနိုင်ရရှိထားသည့် Dr.Kyaw အသင်းက “အခုလို စိတ်လှုပ်ရှားဖို့ကောင်းလွန်းတဲ့ ပြိုင်ပွဲမှာ အနိုင်ရရှိတဲ့ အသင်းတစ်သင်းဖြစ်ခွင့်ရတာ ကျွန်တော်တို့အတွက် တကယ့်ကိုပဲ ပြောမပြတတ်အောင် ဝမ်းသာမိနေပါတယ်။ ဒီလိုပြိုင်ပွဲကြီးဖြစ်မြောက်အောင် စီစဉ်ပြုလုပ်ပေးတဲ့ MPT နဲ့ MCF ကိုလည်း ကျေးဇူးအများကြီး တင်တယ်ဆိုတာလည်း ထပ်ပြီးတော့ ပြောချင်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက လေ့ကျင့်သင်ကြားထားတဲ့ ကျွန်တော်တို့ရဲ့အရည်အချင်းတွေကို ဒီလိုနေရာမှာ အရည်အသွေးတစ်ခုအဖြစ် ချပြခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါတယ်။ ကျွန်တော်တို့ရဲ့အဖွဲ့ရဲ့  စီမံကိန်းနံမည်ကတော့ Dr.Kyaw ဖြစ်ပြီးတော့ ဒီပြိုင်ပွဲမှာ MPT က ပေးအပ်တဲ့ ဆုကြေးငွေ သိန်းငါးဆယ်နဲ့ Kanaung Hub မှာ (၆) လကြာလုပ်ငန်းနေရာကို အခမဲ့အသုံးပြုပြီး မြန်မာနိုင်ငံထဲမှာ နေထိုင်ကြတဲ့ နိုင်ငံသားတွေအတွက် သူတို့ရဲ့ နေ့စဉ်လူနေမှုဘဝတွေ ပိုပြီးဖွံ့ဖြိုးနိုင်ဖို့ ကျွန်တော်တို့ ဝန်ဆောင်မှုတွေက တစ်ဆင့် အကောင်းဆုံးလုပ်ဆောင် သွားမှာပါ။ ဒါ့အပြင် ကျွန်တော်တို့နဲ့အတူတူ ပြိုင်ပွဲဝင်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေ၊ အသင်းတွေ အားလုံးနဲ့ တွေ့ဆုံခွင့်ရတာ တကယ်ကို ကျေနပ်ဖို့ ကောင်းသလို သူတို့အတွက်လည်း တကယ်ကိုပဲ ဝမ်းသာဂုဏ်ယူမိတယ် လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဌ ဖြစ်သူ ဦးခွန်ဦး ကလည်း “MPT နဲ့ MCF တို့ ပထမဆုံးပူးပေါင်းလုပ်ဆောင်တဲ့ မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ်မှာ ထူးခြားတဲ့

ပြိုင်ပွဲဝင်တွေကို ရရှိထားပါတယ်။ MPT နဲ့အတူ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံအတွက် အကောင်းဆုံး အသစ်ဆုံးသော နည်းပညာစွန့်ဦးတီထွင်သူတွေ ပေါ်ထွက်လာစေဖို့ ရှာဖွေရတာဟာ အလွန်ပဲ ကောင်းမွန်လှ ပါတယ်။ ဒီပြိုင်ပွဲမှာ အကောင်းဆုံးကြိုးစားခဲ့ကြတဲ့ ပြိုင်ပွဲဝင်များအားလုံးအတွက် ဂုဏ်ယူပါကြောင်းနဲ့ အခုအရွေး ချယ်ခံခဲ့ရသူတွေကိုလည်း Kanaung Hub မှာ (၆)လကြာ အတူတူအလုပ်လုပ်ကိုင် နိုင်ကြဖို့အတွက် လည်းမျှော်လင့်နေပါတယ်” ပြောကြားခဲ့ပါသည်။