×

မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ် ၂၀၁၉ အတွက် ဆန်ခါတင် ရွေးချယ်ပွဲကို MPT နှင့် MCF ပူးပေါင်း၍ မန္တလေးမြို့တွင် အောင်မြင်စွာ ကျင်းပပြီးစီး

28 Jan 2019

(မန္တလေး၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်) မြန်မာ့ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာ MPT က မြန်မာနိုင်ငံကွန်ပျူတာအဖွဲ့ချုပ် (MCF) နှင့် ပူးပေါင်းပြီး နိုင်ငံအတွင်း အနာဂတ်ကာလ၌ စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်များ ပိုမိုပေါ်ပေါက်လာစေရန် အထက်မြန်မာပြည်အတွက် ဆန်ခါတင်ရွေးချယ်ပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကာ အရွေးချယ်ခံရသည့် အဖွဲ့များက မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၉ ၏ နောက်ထပ်အဆင့်များတွင် ထပ်မံယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

မန္တလေးတွင် ရွေးချယ်ခံခဲ့ရသည့် အဖွဲ့ (၅) ဖွဲ့မှာ ရန်ကုန်တွင် ဇန်နဝါရီလ ၂၀ ရက်ကရွေးချယ်ခံခဲ့ရသည့် အဖွဲ့ (၅) ဖွဲ့ တို့နှင့်အတူ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး စုစုပေါင်း အဖွဲ့ ၁၀ ဖွဲ့မှ ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ၎င်းတို့၏ စွမ်းဆောင်ရည်ပိုမိုမြင့်တက်လာစေရန်အတွက် (၉) ရက် ကြာ စခန်းသွင်းလေ့ကျင့် ပေးသွားမည်ဖြစ်သည်။ အဆိုပါလေ့ကျင့်မှုမှတစ်ဆင့် နောက်ဆုံးအဆင့်ပြိုင်ပွဲအတွင်း မိမိတို့အသင်းများ၏ ရည်မှန်းချက်များ လက်တွေ့အကောင်အထည်ပေါ် ဖြစ်ထွန်း လာစေရန် စီးပွားရေးဆိုင်ရာ လုပ်ငန်းအဆိုပြုလွှာများကို စနစ်တကျ ရေးဆွဲတတ်စေရန် ကူညီသင်ကြားပေးမည်ဖြစ်ပြီး ၎င်းတို့အတွင်းမှ အကောင်းဆုံးအသင်း ၃ သင်းမှာ တစ်သင်းလျှင် ငွေကျပ် သိန်း ၈၀ ဆယ်နှင့်အတူ MCF ၏ business incubation စင်တာဖြစ်သော ကနောင်ဟဘ်တွင် လုပ်ငန်းလုပ်ကိုင်ရန်အတွက် နေရာကို ၆ လတာ အခမဲ့အသုံးပြုခွင့်ရရှိမည်လည်းဖြစ်သည်။

အထက်မြန်မာပြည်အတွက် အဖွဲ့(၁၅) ဖွဲ့မှ စီးပွားရေးလုပ်ငန်းဆိုင်ရာ အဆိုပြုလွှာများ ရေးသား၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၎င်းတို့အတွင်းမှ ဆန်ခါတင်အရွေးချယ်ခံရသည့် အဖွဲ့ (၅) ဖွဲ့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

စဉ် အဖွဲ့အမည် အကြောင်းအရာ
၁။ Domino Productivity Startup Project (အသေးစားအလတ်စား လုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှု အခက်အခဲများကို ကူညီဖြေရှင်းပေးမည့် အစီအစဉ်)
၂။ WMM Waste Managing Machine (လူမှုပတ်ဝန်းကျင်မှ ထွက်ရှိလာသည့် အမှိုက်များကို ပြန်လည်အသုံးပြုနိုင်အောင် ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်)
၃။ Team Trigo Visual Organic Engineer Project (သီးနှံဖျက်ပိုးမွှားတွေကို
ကူညီတိုက်ဖျက်ပေးမည့် အစီအစဉ်)
၄။ Twin Autoalart Project (အစားအသောက်နှင့်ပတ်သက်ပြီး မှာယူနိုင်ခြင်းနှင့်မှတ်ချက်ပြု နိုင်မည့် အစီအစဉ်)
၅။ Kyaukse EXO Upper Body Exoskeleton Suite Project (ခန္ဓာကိုယ်အထက်ပိုင်းကို အားဖြည့်ပေးမည့် စက်ရုပ်လက် အစီအစဉ်)

မန္တလေးမှ ရွေးချယ်ခံခဲ့ရသည့် အဖွဲ့များမှာ လာမည့် ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၈ ရက်အတွင်း အောက်မြန်မာပြည်မှ ပြိုင်ပွဲဝင် အဖွဲ့များနှင့်အတူ ၎င်းတို့၏စီမံချက်များအတွက် အကြံဉာဏ်များ၊ အစီအစဉ်များ နှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအဆင့်ဆင့်တို့အတွက် လိုအပ်သည့် လမ်းညွှန်ချက်နှင့် သင်ကြားပြသခြင်းများကို ဆောင်ရွက်ပေးမည်ဖြစ်သည်။ အထက်မြန်မာပြည်အတွက် ရွေးချယ်မှုကို ဆောင်ရွက်ရာတွင် နည်းပညာစွန့်ဦးတီထွင်မှုကဏ္ဍတွင် အားထားရသူများဖြစ်သော ဦးဥက္ကာကျော်၊ ဦးဘိုဘိုဇော်၊ ဦးမြတ်ခိုင်၊ ဦးဇော်မိုးထွန်း၊ ဒေါ်ချိုသီရိမောင်၊ ဒေါ်ခင်သက်မော်၊ ဦးဇော်မောင်မြင့်၊ ဦးအောင်ကျော်စိုး၊ ဦးထွန်းခိုင်၊ ဦးအောင်အောင်၊ နှင့် ဦးနေသူဝင်း တို့က ပါဝင် အကဲဖြတ် ရွေးချယ်ပေးခဲ့ကြခြင်းဖြစ်သည်။ အောက်မြန်မာ ပြည်အတွက် ရွေးချယ်ခံထားရသည့် အဖွဲ့ (၅) ဖွဲ့မှာ Idea Capsule, Innovation Group, Divers, Blue Frog နှင့် Nay Yar တို့ဖြစ်သည်။

MPT-KSGM Joint Operations မှ လုပ်ငန်းလည်ပတ်မှုဌာန၏ အရာရှိချုပ်ဖြစ်သူ Mr. Yoshiaki Benino က ကျွန်တော်တို့ MPT အနေနဲ့အခုလို ရွေးချယ်ခံထားရတဲ့ အထက်မြန်မာပြည်က အဖွဲ့တွေကိုဦးစွာ ဂုဏ်ပြုချီးကျူး စကားပြောလိုပါတယ်။ သူတို့အကောင်းဆုံး ယှဉ်ပြိုင်ကြိုးစားခဲ့ကြတာနဲ့အတူ အနာဂတ်မှာ ထင်ရှား ကျော်ကြားတဲ့ စွန့်ဦးနည်းပညာလုပ်ငန်းရှင်တွေ ဧကန်မုချဖြစ်လာကြမှာပဲဖြစ်ပါတယ်။ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းတွေ တိုးတက်ထွက်ပေါ်လာစေရေးဟာ မြန်မာနိုင်ငံကိုကဏ္ဍအစုံမှာ ရှေ့ကိုလှမ်းချီ နိုင်ဖို့အတွက် သော့ချက်အဖြစ် အရေးကြီးတယ်ဆိုတာကို ကျွန်တော်တို့နဲ့အတူ မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ MCF တို့က ရှု့မြင်ထားပါတယ်။ အခုလိုဆောင်ရွက်ချက်တွေဟာ MPT ရဲ့ နှလုံးသားထဲက မြန်မာဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ထပ်တူကျ လုပ်ဆောင်နေတာဖြစ်ပြီးတော့ နိုင်ငံအတွင်းကလူမှုအဖွဲ့အစည်းတွေကို မြေတောင်မြှောက် ဆောင်ရွက် ပေးနေတာလည်း ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ သူတို့တွေကို နောက်တစ်ဆင့်မှာ အကောင်ဆုံးဆောင်ရွက်နိုင်ကြဖို့အတွက် ဆန္ဒပြုလိုပြီး အထူးလေ့ကျင့်သင်ကြားမှု အစီအစဉ်မှာလည်း မြန်မာနိုင်ငံက စီးပွားရေး၊ နည်းပညာ ကဏ္ဍတွေက နာမည် ထင်ရှားသူတွေ၊ ခေါင်းဆောင်တွေရဲ့ လေ့ကျင့်သင်ကြားပေးမှုတွေကို လက်ခံရရှိပြီး သူတို့ရဲ့ အခွင့်အလမ်းတွေကို အကောင်းဆုံး ဖမ်းဆုပ်နိုင်ပါစေ လို့လည်း ဆန္ဒပြုလိုက်ရပါတယ်။ ” ဟု ပြောကြားသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က “အခုလို MPT နဲ့ထပ်မံပူးပေါင်းပြီး မြန်မာနိုင်ငံထဲက အရည်အချင်းရှိသူ နည်းပညာစွန့်ဦး တီထွင်လူငယ်တွေကို ဖော်ထုတ်ရေးကို အတူတကွ ဆောင်ရွက်နိုင်တဲ့အတွက် အရမ်းကိုဂုဏ်ယူပါတယ်။ အခုလိုအထက်မြန်မာပြည် ၊ အောက်မြန်မာပြည်က ရွေးချယ်ခံခဲ့ရတဲ့ (၁၀) ဖွဲ့အနေနဲ့ လာမယ့်နောက်ဆုံးအဆင့်ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့အတွက် အရည်အသွေးတွေကို တိုးတက်လာအောင် ဆောင်ရွက်နိုင်ပြီး ယှဉ်ပြိုင်သွားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အနာဂတ်မှာ တိုင်းပြည်နဲ့မိမိတို့ရဲ့ လူမှုအဖွဲ့အစည်းကိုပြန်ပြီး ပေးဆပ်မယ့် လူငယ်လေး တွေအနေနဲ့ သူတို့ရဲ့ အိပ်မက်တွေတကယ်ဖြစ်လာစေမယ့် ကြိုးပမ်းမှုတွေကို အထောက်အပံ့ပေးခွင့်ရတဲ့အတွက် တကယ်ပဲ ဝမ်းသာ မိပါတယ်။ ဒါကြောင့်ပဲ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်သူတွေရဲ့ လေ့ကျင့်ပေးမှုတွေနဲ့ အခြား အထောက်အပံ့တွေနဲ့အတူ အခုအစီအစဉ်ကတစ်ဆင့် တိုးတက်အောင် ဆောင်ရွက်ပေးထားတာ ပဲဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ဖေဖေါ်ဝါရီလတွင်ကျင်းပမည့် နောက်ဆုံးအဆင့်ယှဉ်ပြိုင်ပွဲတွင် စခန်းသွင်းလေ့ကျင့်မှုပြီးမြောက်ထားပြီးသော အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်မှ ပြိုင်ပွဲဝင်အဖွဲ့များက ပိုမိုတိကျရှင်းလင်းသည့် တင်ဆက်မှုများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရရှိမည့် အဖွဲ့ (၃) ဖွဲ့မှာ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ စတင်လည်ပတ်နိုင် ရန်အတွက် ဆုကြေးငွေ ကျပ် သိန်း (၈၀) နှင့်အတူ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် MCF ၏ Incubation Center ဖြစ်သည့် ကနောင်ဟဘ်တွင် ရုံးခန်းနေရာ (၆) လစာကို အခမဲ့ အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။ ပြိုင်ပွဲဝင် လူငယ်များအနေဖြင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ရန်အတွက် အတွေ့အကြုံရှိ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များထံမှ အနီးကပ်ညွှန်ကြားချက်များ ရရှိခဲ့သည့်အပြင် ဆုမရှိခဲ့ကြသည့် ဆန်ခါတင် အဖွဲ့များကိုလည်း ၎င်းတို့၏ ကြိုးစားအားထုတ်မှုများကို အသိမှတ်ပြုသည့်အနေဖြင့် ငွေကျပ် (၅) သိန်းစီကို ဆု ချီးမြှင့် သွားမည်ဖြစ်သည်။

ပြိုင်ပွဲနှင့် ပတ်သက်၍ သိရှိလိုပါက (သို့) MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများအကြောင်းသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ခေါ်ဆို၍လည်းကောင်း၊ MPT ၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ထို့အပြင် MPT ၏ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာ www.facebook.com/mptofficialpage MCF ၏ ဖေ့စ်ဘွတ်စာမျက်နှာ www.facebook.com/mcf.myanmar.computer.federation/ နှင့် မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၏ ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/mmtechnopreneurship/ တွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။