×

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ရန်ကုန်မြို့ တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁) ဦး ၌ COVID-19 ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း အသိပေးခြင်း

07 Oct 2020

 

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၇ ရက်)

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ် ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မောင်ထော်လေးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁)ဦး ၌ COVID- 19 ရောဂါပိုး ထပ်မံ စစ်ဆေး တွေ့ရှိရကြောင်း နှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် ဝန်ထမ်းသည် သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိဘဲ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၇ ရက်တွင် ဆေးကုသမှု ခံယူနေပြီ ဖြစ်ကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။

အောက်တိုဘာလ ၇ ရက်အထိ MPT လုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်း စုစုပေါင်း ၂၇ ဦးမှာ ကိုဗစ်- ၁၉ ရောဂါပိုး ကူးစက်ခံရသူအဖြစ်ဓာတ်ခွဲအတည်ပြုခဲ့ပြီး ယခင်က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများအနက် ဝန်ထမ်း ၉ ဦး မှာ ဆေးရုံမှဆင်းခွင့် ရရှိခဲ့ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်ပါသည်။

ရောဂါပိုးတွေ့ရှိရသူဝန်ထမ်းနှင့် အတူတကွ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၊ အနီးကပ်ထိတွေ့မှုရှိသူ ဝန်ထမ်းများကို အလုပ်ခွင်တွင် အချိန်မည်မျှကြာကြာအတူတကွ အလုပ်လုပ်ခဲ့သည်ဖြစ်စေ နောက်ဆုံး ထိတွေ့ခဲ့သည့်ရက်မှစ၍ ၁၄ ရက်တိတိ အသွားအလာ ကန့်သတ်မှု ဆောင်ရွက်လျက်ရှိပါသည်။ မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီလိုက်နာကာ အဆိုပါဝန်ထမ်းနှင့် အနီးကပ်ထိတွေ့မှုရှိသည့် ဝန်ထမ်းများစာရင်းကို ပြုစုပြီး အဆိုပါ မောင်ထော်လေးရုံးကိုလည်း ပိုးသတ်ဆေးဖြန်းခြင်းကို ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းအတွင်းနှင့် လုပ်ငန်းပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် အခုလို COVID-19 ကူးစက်မှုအရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ယခုလိုဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။