×

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရှိ ဝန်ထမ်း (၃) ဦး ၌ COVID-19 ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း အသိပေးခြင်း

09 Oct 2020

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၉ ရက်) ကရင်ပြည်နယ်၊ ဘားအံရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁) ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး လမ်း (၄၀) ရုံးနှင့် ပန်းဘဲတန်းရုံးတို့တွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်း (၂) ဦး၊ စုစုပေါင်း ဝန်ထမ်း (၃)ဦး တို့တွင် COVID-19 ရောဂါပိုး ထပ်မံ စစ်ဆေး တွေ့ရှိရကြောင်း နှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် အဆိုပါ ဝန်ထမ်းများ သည် Facility Quarantine ဝင်ထားသူ ဖြစ်သောကြောင့် သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။

ယခင်က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများအနက် ဝန်ထမ်း ၁၀ ဦး မှာ ဆေးရုံမှဆင်းခွင့် ရရှိခဲ့ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်ပါသည်။

ယခုလို ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိရသည့် ဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များအတိုင်း လျင်လျင်မြန်မြန် ထိထိရောက်ရောက် လိုက်နာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းအတွင်းနှင့် လုပ်ငန်းပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် အခုလို COVID-19 ကူးစက်မှုအရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ယခုလိုဖြစ်ရပ်များအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။