×

မြေငလျင်သင့်ဒေသများတွင် ပြန်လည်မွမ်းမံမှုများပြုလုပ်ရန် MPT သည် SMS မှတစ်ဆင့် လှူဒါန်းငွေများလက်ခံ

08 Sep 2016

(ရန်ကုန်မြို့၊ စက်တင်ဘာလ ၈ ရက်၊ ၂၀၁၆ ခုနှစ်) – MPT သည် မကြာသေးမီရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သော မြေငလျင်ကြောင့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် စေတီပုထိုးများ ပြိုကျပျက်စီးမှုများရှိခဲ့ရာ ပြန်လည်မွမ်းမံပြုပြင်မှုများပြုလုပ်နိုင်ရန် ပါဝင်လှူဒါန်းလိုသည့် MPT သုံးစွဲသူ မိဘပြည်သူများ ထံမှထည့်ဝင် လှူဒါန်းငွေများကို SMS မှတစ်ဆင့် လက်ခံပြီး လှူဒါန်းမှုများ ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

MPT သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော မြေငလျင်ဘေးအတွက် လိုအပ်သည့်ကူညီထောက်ပံ့မှုများကို ဆောလျင်စွာပြုလုပ်ခဲ့ပြီး မြေငလျင်ကြောင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စေတီပုထိုးများထိခိုက်ပျက်စီး ဆုံးရှုံးနစ်နာခဲ့သည့်အတွက် မိဘပြည်သူများနှင့်ထပ်တူ များစွာစိတ်မကောင်းဖြစ်ခဲ့ရပါသည်။

MPT အနေဖြင့် အဆိုပါမြေငလျင်ဘေးသင့်ခဲ့သည့် အဓိကနေရာများတွင် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အထောက်အကူဖြစ်စေရန် ပုဂံရှိ ရှေးဟောင်းသုတေသနဌာနနှင့် အမျိုးသားပြတိုက်သို့ မြန်မာကျပ်ငွေ သိန်း ၁၀၀ ကို စက်တင်ဘာလ ၁ ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်သည်။ MPT သည် မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်မှာ မြန်မာတို့အတွက် အထူးပင်အရေးကြီးကြောင်း သိရှိနားလည်ပြီးဖြစ်ပါသည်။ သို့ဖြစ်ရာ လှူဒါန်းငွေများကို အဖိုးမဖြတ်နိုင်သော ရှေးဟောင်းစေတီပုထိုးများ၏ ပြန်လည်မွမ်းမံမှုလုပ်ငန်းစဉ်များအတွက် အသုံးပြုသွားမည်ဖြစ်သည်။

ယခင်နှစ်က SMS စနစ်ဖြင့် အလှူငွေကောက်ခံမှုမှ စုစုပေါင်း မြန်မာကျပ်ငွေ သိန်း ၃၀၀၀ နီးပါး ကောက်ခံရရှိခဲ့ပြီး အောင်မြင်စွာလှူဒါန်းခဲ့ပါသည်။ မြေငလျင်သင့် ဒေသများတွင် လိုအပ်သည့်ကူညီ ထောက်ပံ့မှုများပြုလုပ်နိုင်ရန် MPTသည် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၉ ရက် သောကြာနေ့မှ စတင်ကာ SMS မှတစ်ဆင့် သုံးစွဲသူမိဘ ပြည်သူများထံမှ ထည့်ဝင်လိုသည့် လှူဒါန်းငွေများကို လက်ခံသွားမည်ဖြစ်ပါသည်။ ပြန်လည် ပြုပြင်မွမ်းမံရေး လုပ်ငန်းစဉ်များတွင် ပါဝင်လှူဒါန်းလိုပါက MPT သို့ စာတို (SMS)ပေးပို့ကာ ထည့်ဝင်လှူဒါန်းနိုင်မည်ဖြစ်သည်။

ပေးပို့သည့်အခါ GSM/WCDMA အသုံးပြုသူများသည် 2001 သို့ 500 ဟုလည်းကောင်း CDMA အသုံးပြုသူများမှာမူ 3001 သို့ 500 ဟုလည်းကောင်း SMS အခမဲ့ပေးပို့ရုံဖြင့် မိမိဖုန်းဘီလ်ထဲမှ ၅၀၀ ကျပ်ကို အလိုလျောက်ကောက်ခံသွားမည်ဖြစ်သည်။ မိမိဆင်းကတ်ထဲတွင် ဖုန်းဘီလ် လက်ကျန်ငွေလုံလောက်သရွေ့ လှူဒါန်းငွေများကို စိတ်ကြိုက်ထည့်ဝင်နိုင်လှူဒါန်းနိုင်မည်ဖြစ်ပါသည်။

SMS မှတစ်ဆင့် လှူဒါန်းခြင်းကာလကို အောက်တိုဘာလ ၃၁ ရက်နေ့ ည ၁၂ နာရီတိတိ အချိန်အထိ လက်ခံမှုပြုသွားမည်ဖြစ်ပါသည်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များကို ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် အတွက် SMS မှတစ်ဆင့် လက်ခံရရှိသော သုံးစွဲသူမိဘပြည်သူများ၏ လှူဒါန်းငွေအားလုံးကို ပွင့်လင်းမြင်သာစွာဖြင့် ပေးအပ်လှူဒါန်းသွားမည်ဖြစ်ပါသည်။ MPT အနေဖြင့် အဆိုပါ အလှူငွေများကို သက်ဆိုင်ရာ အစိုးရဌာနများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (NGO’s) များသို့ လွှဲပြောင်းလှူဒါန်းခြင်းနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

MPT သည် ရေဘေးသင့်ပြည်သူများအတွက်လည်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရထံသို့ မြန်မာကျပ်ငွေ သိန်း ၃၀၀ ကို သြဂုတ်လ ၂၆ ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

ထို့အပြင် MPT သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် စုစုပေါင်း ၁၂၀၀ ကိိုု ကူညီထောက်ပံ့ကာ ပြည်သူများ၏ စားနပ်ရိက္ခာအတွက် စိုးရိမ်ကြောင့်ကြမှုများအား သက်သာစေ ခဲ့ပါသည်။ MPT အနေဖြင့် ထပ်မံ၍လည်း စစ်ကိုင်းဒေသကြီးရှိ ရေဘေးသင့် ပြည်သူများထံသို့ ဆန်အိတ် ၃၀၀ ကျော်ကိုလည်း လှူဒါန်းဆောင်ရွက်လျက်ရှိပါသည်။

MPT-KSGM မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Takashi Nagashima က “ယခုလှူဒါန်းငွေများ၊ ပံ့ပိုးကူညီမှု များနဲ့အတူ ကျွန်တော်တို့ဟာ မြေငလျင်သင့်ပြည်သူတွေနဲ့ သူတို့ရဲ့မိသားစုတွေနဲ့အတူ တသားတည်းတည်ရှိ လျက်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။ “အားလုံးပဲ ဘေးအန္တရာယ်ကင်းရှင်းကြပြီး ပြိုကျပျက်စီးမှုတွေကိုလည်း အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ပါစေလို့ ကျွန်တော်တို့ အမှန်တကယ်ပဲ မျှော်လင့်မိပါတယ်။ မြေငလျင်အတွက် စိုးရိမ်တကြီးဖုန်းခေါ်ခဲ့ကြတဲ့၊ လူမှုကွန်ရက်စာမျက်နှာမှာ မေးမြန်းခဲ့ကြတဲ့သုံးစွဲသူမိဘပြည်သူတွေရဲ့ အသံကိုနားထောင်ပြီး ကျွန်တော်တို့ ဟာ ခုဆိုရင် SMS မှတစ်ဆင့် လှူဒါန်းငွေလက်ခံဌာနကို ဖွင့်လှစ်လိုက်ပါပြီ။ အကူအညီအထောက်အပံ့တွေကို နိုင်ငံနှင့်တစ်ဝှမ်း လက်ခံရရှိလိမ့်မယ်ဆိုတာ သေချာပါတယ်။ MPT သုံးစွဲသူမိဘပြည်သူများ၏ စေတနာ သဒ္ဓါတရားတို့ဖြင့် မြန်မာယဉ်ကျေးမှုအမွေအနှစ်များကိုပါ ကာကွယ် စောင့်ရှောက်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟုလည်း ၄င်းကဆက်လက်ပြောကြားခဲ့ပါသည်။