×

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသော ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု ဖြစ်ရပ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ရခိုင်ပြည်နယ် ပြည်သူများအတွက် SMS မှတစ်ဆင့် လှူဒါန်းနိုင်မည့် အစီအစဉ်တစ်ခု MPT က ပြုလုပ်

03 Oct 2017

(ရန်ကုန် ၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃ ) – MPT သုံးစွဲသူများအနေဖြင့် ARSA အကြမ်းဖက်သမား များ၏ တိုက်ခိုက်မှုဖြစ်ရပ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေထိုင်ရသော ရခိုင်ပြည်နယ် ပြည်သူများ အတွက် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့ (၁၂:၀၀) နာရီမှ စ၍ အောက်တိုဘာလ (၃၁) ရက်နေ့ အထိ SMS မှတစ်ဆင့် ပါ၀င်လှူဒါန်းနိုင်သည့် အစီအစဉ်ကို ပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

MPT သုံးစွဲသူများအနေဖြင့် ရခိုင်ပြည်နယ်တွင်းဖြစ်စဉ်များကြောင့် တိမ်းရှောင်နေထိုင်နေကြသည့် ရခိုင်ပြည်နယ် ပြည်သူများအတွက် ရိုးရှင်းလွယ်ကူသည့် SMS ပေးပို့ခြင်းစနစ်ကိုု အသုံးပြု၍ လှူဒါန်းမှုများပြုလုပ်နိုင်ရန် စီစဉ်ပေးထားခြင်းဖြစ်ပါသည်။ အဆိုပါ ရခိုင်ပြည်နယ် ပြည်သူများအတွက် SMS ပေးပို့လှူဒါန်းရာတွင် Prepaid (ကြိုတင်ငွေဖြည့်ကတ် အသုံးပြုသူများ) နှင့် Postpaid (အသုံးပြုပြီးမှ ပေးချေသည့်စနစ်) စနစ်သုံး GSM/CDMA/LTE+ အသုံးပြုသူများသည် 3001 သို့ “500” ဟု စာတိုပေးပို့၍ လှူဒါန်းနိုင်ပြီး မိမိဖုန်းဘီလ်ထဲမှ ၅၀၀ ကျပ်ကို အလိုအလျောက် ကောက်ခံသွားမည်ဖြစ်ပါသည်။

MPT ၏ SMS မှတစ်ဆင့် လှူဒါန်းမှုပြုလုပ်သူများသည် မိမိဆင်းမ်ကတ်ထဲတွင် ဖုန်းဘီလ် လက်ကျန်ငွေ လုံလောက်သရွေ့ လှူဒါန်းမှုများကို စိတ်ကြိုက် ထည့်ဝင် လှူဒါန်းနိုင်မည် ဖြစ်ပါသည်။ SMS မှတစ်ဆင့် လှူဒါန်းမှုအတွက် အဆိုပါ SMS ပေးပို့ခကိုမူ MPT မှ ဖြတ်တောက်သွား မည်မဟုတ်ဘဲ လှူဒါန်းမှုပြုလုပ်သည့် ၅၀၀ ကျပ်ကိုသာ အသုံးပြုသူများ၏ ဖုန်းဘီလ် လက်ကျန်ငွေမှ ဖြတ်တောက်သွားမည်ဖြစ်ပါသည်။

MPT မှ ဦးဆောင်ညွှန်ကြားရေးမှုးဖြစ်သူ ဦးခင်မောင်ထွန်း က “အခုလို လှူဒါန်းမှု၊ ထောက်ပံ့မှုတွေ ပြုလုပ်ပေးနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေတာနဲ့အတူ ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ ပြည်သူတွေနည်းတူ ခံစားရပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက် ခံရမှုတွေအပေါ် တကယ့်ကိုပဲ လေးလေးနက်နက်နဲ့ စိုးရိမ်ပူပန်ခဲ့ကြသလို ဒီဖြစ်ရပ်တွေကြောင့် အသက်ဆုံးရှုံးမှုတွေနဲ့ အိုးအိမ်ပျက်စီးမှု အခြေအနေတွေအတွက်လည်း ကျွန်တော်တို့အနေနဲ့ မိဘပြည်သူတွေနဲ့ထပ်တူ စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါ့ကြောင့် MPT အနေနဲ့ ထိခိုက်ခံစားနေရတဲ့ ပြည်သူတွေကို အကျိုးပြုနိုင်ဖို့ SMS ကတစ်ဆင့် လှူဒါန်းလို့ရနိုင်မယ့် ကဏ္ဍတစ်ခုကို ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ကျွန်တော်တို့ရဲ့ သန်းပေါင်း များစွာသော သုံးစွဲသူတွေကို ဒီလိုလှူဒါန်းမှုမှာ အင်တိုက်အားတိုက် ပါဝင်လာဖို့အတွက်ကိုလည်း တိုက်တွန်းချင်ပါတယ်။ ဒီလိုပါဝင်လာတာကြောင့်လည်း ရခိုင်ဒေသမှာရှိနေတဲ့ ပြည်သူတွေ ခံစားနေရတဲ့ ဘေးဒုက္ခတွေကနေ သက်သာရာရစေဖို့ ကျွန်တော်တို့အနေနဲ့ တစ်ဖက်တစ်လမ်းကနေ မျှဝေဖေးမ ပေးနေတယ်ဆိုတာကို မြင်တွေ့ရစေမှာပါ။” ဟု ပြောကြားပါသည်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမ စိတ်ဓါတ်အပြည့်ဖြင့် MPT ၏ SMS မှတစ်ဆင့် လှူဒါန်းကြမည့် သုံးစွဲသူများ၏ လှူဒါန်းငွေများကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းလှူဒါန်းသွားမည် ဖြစ်ပြီး လှူဒါန်းပြီးစီးမှုအခြေအနေကိုလည်း ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။

MPT နှင့် MPT သုံးစွဲသူမိဘပြည်သူများ ပူးပေါင်း၍ အကူအညီလိုအပ်လျက်ရှိသော ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများအတွက် ထိရောက်မှုရှိသော ထောက်ပံ့မှုများကို ပေးစွမ်းသွားမည်ဖြစ်ပါသည်။ MPT အနေဖြင့် လွန်ခဲ့သော ၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်းကလည်း နိုင်ငံအတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်သူများထံမှ SMS မှတစ်ဆင့် လှူဒါန်းရှိသော ငွေကျပ်သိန်း (၂၉၀၀) ကျော်ကို MPT က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန သို့ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့အပြင် ၂၀၁၆ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုအမွေအနှစ်များရှိရာ ပုဂံဒေသနှင့် ရခိုင်ဒေသမှ ရှေးဟောင်းစေတီပုထိုးများ ထိခိုက်ပျက်စီးမှုများအတွက်လည်း MPT မှ ယခုကဲ့သို့ SMS မှတစ်ဆင့် ပေးပို့လှူဒါန်းသည့်စနစ်ဖြင့် သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်မွမ်းမံ ထိန်းသိမ်းနိုင်ရေးအတွက် MPT မှ လှူဒါန်းမှုအပါအဝင် ငွေကျပ်သိန်း (၁၆၀၀) ကျော်ကို ထောက်ပံ့လှူဒါန်း နိုင်ခဲ့ပါသည်။