×

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း၌ COVID-19 ရောဂါ စစ်ဆေးတွေ့ရှိရကြောင်း အသိပေးခြင်း

01 Sep 2020

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦး၌ COVID-19 ရောဂါပိုး စစ်ဆေး တွေ့ရှိရကြောင်း နှင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်တွင် ဆေးကုသမှု ခံယူနေပြီ ဖြစ်ကြောင်း MPT က အတည်ပြုထုတ်ပြန်လိုက်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် အဆိုပါရောဂါပိုး ကူးစက်ခံရသည့် ဝန်ထမ်းနှင့် ၎င်း၏ မိသားစုဝင်များ အတွက် အသွားအလာကန့်သတ်မှုဆောင်ရွက်ခံရစဉ် အခြေအနေတွင် အဆင်ပြေ ချောမွေ့စွာ နေထိုင်နိုင်ရန် အတွက် လိုအပ်သော ထောက်ပံ့မှုများကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မိမိတို့အနေဖြင့် COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မတီ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ညွှန်ကြား ချက်များနှင့်အညီ_

  • ရောဂါပိုးတွေ့ရှိရသူဝန်ထမ်းနှင့်အနီးကပ်ထိတွေ့မှုရှိခဲ့သူများအား စိစစ်ခြင်း
  • ရောဂါပိုးကူးစက်ခံရသည့် ဝန်ထမ်းနှင့် အနီးကပ်ထိတွေ့ခဲ့သည့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို မိမိတို့အိမ်တွင် နေထိုင်ခြင်းဖြင့် ၂၁ ရက်ကြာ အသွားအလာ ကန့်သတ်မှု ဆောင်ရွက်ထားပါသည်။
  • အနီးကပ်ထိတွေ့ခဲ့သူဝန်ထမ်းများ၏ ကျန်းမာရေး (ကိုယ်အပူချိန်) စောင့်ကြည့် လေ့လာချက်များကို စောင့်ကြည့်/ အစီရင်ခံခြင်း နှင့်

အဆိုပါဝန်ထမ်း တာဝန်ထမ်းဆောင်သော လုပ်ငန်းခွင်နေရာကို ပိုးသတ်ဆေးဖြန်းခြင်းတို့ကို ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
မိမိတို့တို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များ အတိုင်း လျင်လျင်မြန်မြန်ထိထိရောက်ရောက် လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းအတွင်းနှင့် လုပ်ငန်းပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် အခုလို COVID-19 ကူးစက်မှုအရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသောအခန်းဏ္ဍ ဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ယခုလိုဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့် အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။