×

ရန်ကုန်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၈) ဦး ၌ COVID-19 စစ်ဆေးထပ်မံတွေ့ရှိရကြောင်း အသိပေးခြင်း

29 Sep 2020

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၈ ရက်)

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၈) ဦး၌ COVID-19 ရောဂါပိုး ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း နှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် ဝန်ထမ်းများသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ (၁၉) ရက်မှစ၍ Facility Quarantine ဝင်ထားသူများဖြစ်သောကြောင့် သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိဘဲ စက်တင်ဘာလ (၂၈) ရက်မှစတင်၍ ဆေးကုသမှု ဆက်လက် ခံယူနေပြီဖြစ်ကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။

စက်တင်ဘာလ ၂၈ ရက်အထိ MPT လုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်း စုစုပေါင်း ၁၈ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူအဖြစ်ဓာတ်ခွဲအတည်ပြုခဲ့ပြီး ယခင်က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများအနက် ဝန်ထမ်း ၆ ဦးမှာ ဆေးရုံမှဆင်းခွင့် ရရှိခဲ့ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်ပါသည်။

ယခုလို ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိရသည့် ဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များအတိုင်း လျင်လျင်မြန်မြန် ထိထိရောက်ရောက် လိုက်နာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းအတွင်းနှင့် လုပ်ငန်းပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် အခုလို COVID-19 ကူးစက်မှုအရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ယခုလိုဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲ​သူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။