×

လူအများ၏အသည်းစွဲ သီချင်းဆိုပြိုင်ပွဲ ရုပ်သံ အစီအစဉ်သစ် “The Voice Myanmar” အတွက် MPT က အဓိကပါ၀င်ပံ့ပိုးသွားမည်

26 Dec 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်) – ကမ္ဘာတစ်ဝန်း လူကြိုက်များနှစ်သက်သည့် “ The Voice Myanmar” သီချင်းဆိုပြိုင်ပွဲ ရုပ်သံအစီအစဉ် သစ်အတွက် MPT က အဓိကပံ့ပိုးသူအဖြစ် ပါဝင်သွားမည်ဖြစ်ကာ လာမည့် ၂၀၁၈ ခုနှစ် အစောပိုင်းတွင် MRTV-4 ရုပ်သံ၌ စတင်ထုတ်လွှင့်တော့မည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန် ကြေညာလိုက်သည်။ အောင်မြင်ကျော်ကြားသည့် တေးသံရှင်များဖြစ်သော နီနီခင်ဇော်၊ လင်းလင်း၊ ရန်ရန်ချမ်းနှင့် ဟန်ထူးလွင်တို့က အကဲဖြတ်ဒိုင်များအဖြစ်ပါဝင်မည့် အဆိုပါ ရုပ်သံအစီအစဉ်သစ်တွင် ပြိုင်ပွဲဝင်သူများအနေဖြင့် နိုင်ငံတကာတွင် ကျင်းပလျက်ရှိသော “ The voice” သီချင်းဆိုပြိုင်ပွဲများနည်းတူ စတူဒီယိုအတွင်း တိုက်ရိုက် ကြည့်ရှုနေသည့် ပရိသတ်များရှေ့မှောက်၌ “The Voice” ဆုကိုရရှိရန် သီဆိုယှဉ်ပြိုင်ရမည် ဖြစ်ပြီး မိမိတို့ ဘဝကို ပြောင်းလဲပေးနိုင်မည့် တေးစီးရီးထုတ်လုပ်နိုင်မည့် စာချုပ်တစ်ခုကိုုလည်း Universal Media Group နှင့်အတူ ချုပ်ဆိုခွင့် ရရှိမည်ဖြစ်သည်။ သီချင်းချစ်သူ ပြည်သူများအနေဖြင့် ထူးချွန်ပြောင်မြောက်သည့် ဂီတ အရည်အသွေးများကို ပိုင်ဆိုင်ထားသော မြန်မာနိုင်ငံတစ်ဝန်းရှိ လူငယ်လူရွယ်မျိုးဆက်သစ်များ၏ ဂီတပါရမီကို ကြည့်ရှုခံစားနိုင်ကြတော့မည် ဖြစ်ပါသည်။

The Voice Myanmar ကို ဂီတပါရမီရှိသူ လူငယ်မျိုးဆက်သစ်များ၏ အိပ်မက်ကိုအကောင်အထည် ဖော်ပေးနိုင်မည့် အစီအစဉ်တစ်ခု ဖြစ်လာစေရန် ရည်ရွယ်ထားပြီး မြန်မာနိုင်ငံမှ ဂီတကိုနှစ်သက်သူပြည်သူများ အတွက်လည်း ဂီတရသကိုပေးစွမ်းနိုင်ရန် ဖော်ဆောင်ပေးသွားမည် ဖြစ်ပါသည်။ ၎င်းသီချင်းဆိုပြိုင်ပွဲ အစီအစဉ်သည် သီဆိုသည့်ဟန်ပန်ထက် သီဆိုသူ၏ ပင်ကိုယ်အသံအရည်အသွေးကိုသာ အာရုံစိုက်ပြီး နောက်ကျောပေးအနေအထားဖြင့် အကဲဖြတ်ခြင်းကြောင့် အခြားသော ပြိုင်ပွဲအစီအစဉ် များနှင့် ကွာခြားနေမည် ဖြစ်သည်။ အကောင်းဆုံး ပြိုင်ပွဲဝင်များကို ရွေးချယ်နိုင်ရန်အတွက် မြန်မာ့ဂီတနယ်ပယ်ရှိ နာမည်ကျော် အနုပညာရှင်များက ဒိုင်လူကြီးများအဖြစ် ဆောင်ရွက်မည် ဖြစ်ပါသည်။ ဒိုင်လူကြီးများ၏ အကဲဖြတ်အဆင့်များကို ကျော်ဖြတ်ပြီးသည့်နောက် ဒိုင်လူကြီးများက ပွဲစဉ်တစ်လျောက် အလိုက်ဖက်ဆုံး ဂီတပုံစံများကို ရွေးချယ်ပေးမည်ဖြစ်သကဲ့သို့ ရှုံးထွက် အဆင့်များ၊ တိုက်ရိုက်ဖျော်ဖြေရေး ပွဲစဉ်များ ယှဉ်ပြိုင်ရာတွင် ၎င်းတို့၏ သီဆိုမှုအပိုင်း ပိုမိုတိုးတက်ကျွမ်းကျင်မှု ရှိလာစေရန် အားပေး ကူညီသွားမည် ဖြစ်သည်။

တိုက်ရိုက်ဖျော်ဖြေမှုအစီအစဉ်၏ ယှဉ်ပြိုင်မှုပွဲစဉ်များမှာ အလွန်ပင် စိတ်ဝင်စားစရာကောင်းမည့် ပြိုင်ပွဲများ ဖြစ်ပါသည်။ ပြိုင်ပွဲဝင်များအနေဖြင့် စတူဒီယိုထဲရှိ အားပေးသူပရိတ်သတ်များ ရှေ့မှောက်တွင် တိုက်ရိုက် ဖျော်ဖြေ၍ ရိုက်ကူး ထုတ်လွှင့်ပေးသွားမည် ဖြစ်သည်။ ပြိုင်ပွဲဝင်များ၏ စွမ်းဆောင်ရည်များကို MPT က လူမှုကွန်ရက် Facebook စာမျက်နှာတွင် တိုက်ရိုက် တင်ဆက်ပေးသွားမည်ဖြစ်သကဲ့သို့ မဲပေးခြင်း၊ သူငယ်ချင်းများနှင့် အပြန်အလှန်ဆွေးနွေးခြင်းတို့ကိုလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ကမ္ဘာကျော် ရုပ်သံအစီအစဉ်ရဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရတဲ့အတွက် MPT က အလွန်ပဲ စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့အနေနဲ့ သီချင်းတွေနဲ့ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုတွေကို နှစ်သက်ကြပါတယ်။ လူငယ်တွေရဲ့ အိပ်မက်တွေကို နိုင်ငံတကာစင်မြင့်ပေါ်မှာ အကောင်အထည်ဖော်နိုင်ဖို့ အားပေးကူညီသွားဖို့လည်း ဆန္ဒရှိနေပါတယ်။ ကျွန်တော်တို့ ကွန်ရက်က အခုလို နာမည်ကျော် ရုပ်သံအစီအစဉ်သစ်တစ်ခုကို ထောက်ပံ့ဖို့နဲ့ ကြည့်ရှုသူတွေ နှစ်သက်တဲ့ အဆိုတော်တွေအတွက် အွန်လိုင်းမဲပေးဖို့အတွက်လည်း အသင့်ရှိနေပါပြီ။ အခုလို နာမည်ကျော် ဒိုင်လူကြီးအသစ်တွေနဲ့ လက်တွဲပြီး The Voice Myanmar ကို ပရိသတ်အားပေးမှုအရှိဆုံး အစီအစဉ်တစ်ခုဖြစ်လာစေဖို့ MPT က မျှော်လင့်ပါတယ်”ဟု ပြောကြားသည်။