×

အနာဂတ်မျိုးဆက်သစ် နည်းပညာစွန့်ဦးတီထွင်သူများကို ပြုစုပျိုးထောင်ပေးမည့် မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ် ၂၀၂၀

05 Dec 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် (MPT) နှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) တို့၏ (၃) နှစ်မြောက် ကြိုးပမ်းမှုဖြစ်သော မြန်မာနိုင်ငံအတွင်း အနာဂတ် မျိုးဆက်သစ် နည်းပညာစွန့်ဦးတီထွင်သူ လူငယ်များကို မွေးထုတ်ပေးရန် ရည်ရွယ်ပြီး ပြုလုပ်သည့် မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြိုင်ပွဲဝင်များကို ဖိတ်ခေါ်လိုက်ပြီဖြစ်ပါသည်။ MPT ၏ ယခုကဲ့သို့ စွန့်ဦးတီထွင် စီးပွားလုပ်ငန်းများကို မြေတောင်မြှောက်ပေးသည့် အစီအစဉ်မှာ လူမှုစီးပွားဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်နှင့် နည်းပညာကို အသုံးပြုပြီး ပြည်သူတို့၏ လူနေမှုဘဝတွင် အပြောင်းအလဲများ ဖော်ဆောင်နိုင်စေရန်အတွက် ထူးခြားဆန်းသစ်သည့် အကြံဥာဏ်ကောင်းများနှင့်အတူ အစွမ်းအစရှိပြီး ရည်မှန်းချက်ကြီးမားသူ စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်သစ်များကို ရှာဖွေရွေးချယ်ကာ အထောက်အပံ့များ ပေးအပ် ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ်ကို ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့ပြီး မျိုးဆက်သစ် လူငယ်များအတွက် စီးပွားလုပ်ငန်းဆိုင်ရာ အခွင့်အလမ်းသစ်များ ဖန်တီးပေးရန်၊ ဒေသတွင်း အရည်အချင်း ရှိသူများအတွက် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းငယ်များ အချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးတက်ကောင်းမွန်စေရန်နှင့် ကွန်ရက်တစ်ခု ထူထောင်နိုင်ရန်တို့အပြင် ပညာရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ လူမှုအဖွဲ့အစည်း၊ အများသုံး အချက်အလက်များ၊ ပြည်သူနှင့်အုပ်ချုပ်သူ အစိုးရတို့အကြား ချိတ်ဆက်နိုင်မှုနှင့် နည်းပညာမျှဝေနိုင်မှု၊ ဖျော်ဖြေရေးနှင့် နည်းပညာဖြင့်ဘဏ္ဍာရေး ဝန်ဆောင်မှု အစရှိသည့် ကဏ္ဍအသီးသီးတွင် စွန့်ဦးတီထွင် လုပ်ငန်းဆိုင်ရာ ‌‌‌ဂေဟစနစ်နှင့် လုပ်ငန်းသစ်များ ဖွံ့ဖြိုးတိုးတက်မှု ရှေးရှုဆောင်ရွက်ရန် ရည်ရွယ်ထားသည်။
မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ အတွက် လျှောက်လွှာများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှ စတင်လက်ခံသွားမည်ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့ နောက်ဆုံးထားကာ လျှောက်ထားရမည် ဖြစ်သည်။ ဤအစီအစဉ်တွင် ပဏာမရွေးချယ်မှုအဆင့်နှင့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်မည့် နောက်ဆုံးရွေးချယ်မှုအဆင့်ဟူ၍ အဆင့် ၂ ဆင့်ဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။ နိုင်ငံတစ်ဝန်းရှိ လူငယ်အဖွဲ့များအနေဖြင့် ဤအစီအစဉ်သို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး အထက်မြန်မာပြည် (မန္တလေး အခြေစိုက်) နှင့် အောက်မြန်မာပြည် (ရန်ကုန် အခြေစိုက်) ဟူ၍ ဒေသအလိုက် အနိုင်ရရှိသည့် အသင်းများကို ရွေးချယ်သွားမည် ဖြစ်သည်။

မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ တွင် အနိုင်ရရှိသူများအား ဆုအမျိုးအစား (၃) မျိုးခွဲ၍ ဒိုင်လူကြီးအဖွဲ့က ရွေးချယ်သွားမည်ဖြစ်သည်။ ဆုအမျိုးအစားများမှာ –

(၁) Technopreneurship 2020 Accelerate ဆု
(၂) Technopreneurship 2020 Start-up ဆု
(၃) Technopreneurship 2020 Idea ဆု (၂) ဆု

မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ တွင် အနိုင်ရရှိသူများကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်သည်။ Accelerate Award ဆုရှင် နှင့် Startup Award ဆုရှင်များအနေဖြင့် ငွေသားဆုများအပြင် စီပွားရေးလုပ်ငန်းသစ်အဖြစ် ကုမ္ပဏီဖွဲ့စည်း ပေးခြင်းအထောက်အပံ့ကို ရရှိနိုင်မည်ဖြစ်ကာ Kanung Hub Incubation စင်တာတွင် ရုံးခန်းနေရာကို ၆ လ တိတိ အခမဲ့အသုံးပြုခွင့်နှင့် ယင်းကာလအတွင်း ၎င်းတို့၏ စီးပွားရေးဆိုင်ရာ အတွေးအခေါ်များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်စေရန်အတွက် မြန်မာ့စီးပွားရေးလောကတွင် အောင်မြင်နေသူများနှင့် ပညာရှင်များမှ အနီးကပ် သင်ကြားပို့ချမှု အခွင့်အလမ်းကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

MPT-KSGM JO ၏ Chief Operating Officer ဖြစ်သူ Mr. Koichi Kasuya က “မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ် ၂၀၂၀ ကတစ်ဆင့် စီးပွားရေးဆိုင်ရာမှာ အကောင်းဆုံး ဆန်းသစ်တီထွင်မှု အတွေးအခေါ်ရှိတဲ့ စွန့်ဦးတီထွင်သူလူငယ်တွေကို ရှာဖွေမွေးထုတ်ပေးနိုင်မယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းသစ်တွေကို ထောက်ပံ့ပေးနိုင်မယ့် စွန့်ဦးတီထွင်လုပ်ငန်း ဂေဟစနစ်တစ်ခု ဖြစ်ထွန်းလာ‌စေဖို့ နှိုးဆော်ပေးလိုပါတယ်။ နည်းပညာ စွန့်ဦးတီထွင်မှုဓလေ့ကို လူငယ်တွေကြားမှာ တိုးမြှင့်ပေးလိုက်ခြင်းအားဖြင့် ဒီဂျစ်တယ်စီးပွားရေး လုပ်ငန်းတွေရဲ့ စွမ်းဆောင်ရည် တွေကို မြှင့်တင်လာနိုင်မှာဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ လားရာတစ်ခုဖြစ်တဲ့ စတုတ္ထ စက်မှုတော် လှန်ရေး အပြောင်းအလဲမှာလည်း မြန်မာကုမ္ပဏီတွေက လိုက်ပါ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။” ဟု မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ အကြောင်း ပြောကြား သွားခဲ့သည်။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးမင်းဇေယျာလှိုင်က “နိုင်ငံတော်နဲ့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှာ အိုင်စီတီ တီထွင်ဆန်းသစ်မှုဟာ အလွန်အရေးကြီးတယ်ဆိုတာဟာ ချဲ့ထွင်ပြီး ပြောဖို့လိုမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ စတုတ္ထ စက်မှုတော်လှန်ရေး အပြောင်းအလဲမှာ လက်လှမ်းမှီလိုက်ပါ ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနိုင်ငံအတွင်းက စွန့်ဦးတီထွင်အဖွဲ့တွေကို ချိတ်ဆက်ပေးဖို့နဲ့ ပြည်တွင်းက အရည်အချင်းရှိတဲ့ စွန့်ဦးတီထွင် လုပ်ငန်းသစ်တွေကို နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတွေေ တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ MPT နဲ့အတူအခုလို ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားသွားခဲ့သည်။

MPT နှင့် MCF တို့အနေဖြင့် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်ကပင်စတင်ကာ မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ အစွမ်းအစရှိပြီး ရည်မှန်းချက်ကြီးမားသည့် စွန်ဦးတီထွင် လူငယ် လုပ်ငန်းရှင်သစ်များကို ရှာဖွေမွေးထုတ် မြေတောင်မြှောက်ပေးနိုင်ရန် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ ယခင်နှစ် ပြိုင်ပွဲများမှ အနိုင်ရရှိခဲ့သည့် အဖွဲ့များမှာလည်း စီးပွားရေးလုပ်ငန်းနယ်ပယ်တွင် အောင်မြင်မှုများ ရရှိနေပြီဖြစ်ကာ Blue Frog Co., Ltd. (ကရင်တိုင်းရင်းသား ဘာသာစကားကို AR နည်းပညာဖြင့် သင်ကြားပေးခြင်း)၊ Idea Capsule Co., Ltd. (အောင်ဘာလေ ထီလက်မှတ်ကို အွန်လိုင်းမှ တစ်ဆင့် ဝယ်ယူနိုင်သည့် အက်ပလီကေရှင်း) နှင့် KLENIC Myanmar Co., Ltd. (Dr. Kyaw မိုဘိုင်းလ် အက်ပလီကေးရှင်းမှတစ်ဆင့် တန်ဖိုးသက်သာသည့် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုပေးခြင်း) စသည့် လုပ်ငန်းတို့မှာ ယင်းတို့အထဲတွင် ပါဝင်ပါသည်။

မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ တွင် ပါဝင်ယှဉ်ပြိုင်လိုပါက အစီအစဉ်၏ တရားဝင် ဝက်ဘ်ဆိုက် https://www.mmtechnopreneurship.com တွင်လည်းကောင်း၊ နိုင်ငံတစ်ဝန်းရှိ MPT ရုံးများ (http://bit.ly/2OGsOhv) တွင်လည်းကောင်း လျှောက်ထားနိုင်ပါသည်။ အစီအစဉ် အသေးစိတ် အချက်အလက်များနှင့် အချိန်ဇယားတို့ကို https://www.mmtechnopreneurship.com ဝက်ဘ်ဆိုက် စာမျက်နှာနှင့် တရားဝင် လူမှုကွန်ရက် စာမျက်နှာ https://www.facebook.com/mmtechnopreneurship တွင် လေ့လာနိုင်ပါသည်။