(ရန်ကုန်၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်) – ၂၀၁၉ ခုနှစ် MPT တက္ကသိုလ်များဘောလုံးပြိုင်ပွဲ၏ မြန်မာတစ်နိုင်ငံလုံးအဆင့် ဗိုလ်လုပွဲ ဖွင့်ပွဲအခမ်းအနားကို မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်း ၌ နိုဝင်ဘာလ (၂၀) ရက်တွင် စတင်ကျင်းပတော့မည်ဖြစ်သည်။ အထက်မြန်မာပြည်မှ ရွေးချယ်ခံ အမျိုးသား၊ အမျိုးသမီး ဘောလုံးချန်ပီယံ အသင်း ၂ သင်းစီ နှင့် အောက်မြန်မာပြည်မှ ရွေးချယ်ခံ အမျိုးသား၊ အမျိုးသမီး ဘောလုံးချန်ပီယံ အသင်း ၂ သင်းစီ တို့က ယခုရက်သတ္တပတ်မှ စတင်ကာ ဗိုလ်လုပွဲအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြတော့မည် ဖြစ်သည်။ ယခုနှစ်ပြိုင်ပွဲ၏ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးဗိုလ်လုပွဲစဉ် ကိုလည်း နိုဝင်ဘာလ ၂၇ ရက်တွင် မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်း၌ ကျင်းပသွားမည် ဖြစ်သည်။
MPT အနေဖြင့် ဘောလုံးအားကစား အရှိန်အဟုန်ဖြင့် တိုးတက်အောင်မြင်မှုရရှိစေရန် အခြေခံအဆင့်မှ စတင်ပြီး ကူညီထောက်ပံ့လျက်ရှိသည်နှင့်အညီ ယခုကဲ့သို့ MFF ၊ MNL နှင့် ပညာရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းစီစဉ် ကျင်းပပြုလုပ်သည့် နိုင်ငံတော်အဆင့် တက္ကသိုလ်၊ ဒီဂရီကောလိပ် ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် အနာဂတ်၏ ဘောလုံးအားကစား ကြယ်ပွင့်များ အနေဖြင့် ၎င်းတို့၏ ခြေစွမ်းခြေစများကို ထုတ်ဖော်ပြသပြီး ယှဉ်ပြိုင်သွားနိုင်မည် ဖြစ်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ အကြား ချစ်ကြည်ရင်းနှီးစွာ နေထိုင်မှု၊ တက်ကြွကျန်းမာသည့် လူနေမှုပုံစံနှင့် အသင်းအဖွဲ့လိုက် စုစည်းပူးပေါင်းမှုစိတ်ဓါတ်၊ အားကစားစိတ်ဓါတ် စသည့် အခြေခံကောင်းများလည်း ရရှိစေနိုင်မည် ဖြစ်သည်။
MPT တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲကို လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက စတင်ကျင်းပခဲ့ပြီး အဆိုပါ ပြိုင်ပွဲသည် မြန်မာ့ဘောလုံးအားကစားလောကအတွက် မျိုးဆက်သစ်လူငယ်ကစားသမားများ မွေးထုတ် ပေးနိုင်ရန် MPT နှင့် MNL တို့ သုံးနှစ်တာရည်ရွယ်ပူးပေါင်းဆောင်ရွက်ခဲ့မှု၏ တစ်စိတ်တစ်ဒေသ ဖြစ်သည့်အပြင် လူငယ်ကစားသမားများ ဘောလုံးစွမ်းရည်တိုးတက်လာစေရေးအတွက် လူငယ်ခြေစွမ်းပြ ဘောလုံးပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ ဘောလုံးသင်တန်းများပေးခြင်းနှင့် ဘောလုံးအားကစားအတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ ပံ့ပိုးကူညီခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည့် MPT ၏ လက်ရှိ လုပ်ဆောင်မှုများအနက်မှ တစ်ခုလည်း ဖြစ်သည်။
၂၀၁၉ ခုနှစ်အတွက် MPT- တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ ၁၁ ရက်က စတင်ကျင်းပ ပြုလုပ်ခဲ့ပြီး အောက်မြန်မာပြည်ပွဲစဉ်များကို ရန်ကုန်မြို့၌ ပဒုမ္မာအားကစားကွင်းနှင့် တက္ကသိုလ်များ ဘောလုံးကွင်း၊ အထက်မြန်မာပြည်ပွဲစဉ်များကို မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းနှင့် တက္ကသိုလ်များ ဘောလုံးကွင်းတို့၌ ပြုလုပ်ခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် MPTမှ ဆောင်ရွက်ခဲ့သည့် တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲသည် မြန်မာ့ လက်ရွေးစင်အသင်းအတွက် အရည်အသွေးပြည့်မီသည့် ကစားသမားများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်အတွက် ပွဲစဉ်များပြီးဆုံးချိန်တွင် ဒေသအလိုက် ချန်ပီယံအသင်းများ ပေါ်ထွက်လာခဲ့ပြီး နိုင်ငံအဆင့်ပြိုင်ပွဲတွင်ထိပ်ဆုံးအသင်းများ တွေ့ဆုံယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ယခုပြိုင်ပွဲမှာ ၂ နှစ်တစ်ကြိမ်ကျင်းပသည့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ကစားနိုင်မည့် အရည်အချင်းရှိသော ကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်ပါသည်။
၂၀၁၉ ခုနှစ် MPT တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ၏ မြန်မာတစ်နိုင်ငံလုံးအဆင့် ဗိုလ်လုပွဲ ပွဲစဉ်များကို အောက်ပါအတိုင်း ပြုလုပ်ကျင်းပသွားမည် ဖြစ်သည်။