×

၂၀၁၉ ခုနှစ် MPT တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ၏ နိုင်ငံအဆင့်ဘောလုံးပြိုင်ပွဲ မှ မျိုးဆက်သစ်လူငယ် ဘောလုံးအားကစားသမားများ ပေါ်ထွက်လာ

28 Nov 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်) – ၂၀၁၉ ခုနှစ် မြန်မာတစ်နိုင်ငံလုံးအဆင့် MPT တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲစဉ်များကို နိုဝင်ဘာလ ၂၇ ရက်တွင် မန္တလေးမြို့၊ မန္တလာသီရိ အားကစားကွင်း၌ ကျင်းပခဲ့ပါသည်။ အမျိုးသားပွဲစဉ်တွင် အထက်မြန်မာပြည် (က) အသင်း နှင့် အမျိုးသမီးပွဲစဉ်တွင် အောက်မြန်မာပြည် (က) အသင်းတို့မှ ၂၀၁၉ ခုနှစ်အတွက် နိုင်ငံအဆင့် ချန်ပီယံအသင်းများအဖြစ် ထွက်ပေါ်လာခဲ့ကြပါသည်။

ယခုနှစ် အတွက် MPT တက္ကသိုလ်များဘောလုံးပြိုင်ပွဲ၏ ဇုန်အလိုက် ပွဲစဉ်များကို အောက်တိုဘာလ (၁၁) ရက်မှ စတင်ကာ နိုဝင်ဘာလ (၂၂) ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး အောက်မြန်မာပြည် ဇုန်များ၏ ပွဲစဉ်များကို ရန်ကုန်မြို့၌ ပဒုမ္မာအားကစားကွင်းနှင့် တက္ကသိုလ်များ ဘောလုံးကွင်း၊ အထက်မြန်မာပြည် ဇုန်များ၏ ပွဲစဉ်များကို မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းနှင့် တက္ကသိုလ်ဘောလုံးကွင်းတို့၌ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ ထို့နောက် ပြိုင်ပွဲ အဆင့်ဆင့်တွင် အနိုင်ရရှိခဲ့သည့် အထက်မြန်မာပြည်မှ အမျိုးသား၊ အမျိုးသမီး ဘောလုံးချန်ပီယံ အသင်း (၂) နှင့် အောက်မြန်မာပြည်မှ အမျိုးသား၊ အမျိုးသမီး ဘောလုံး (၂) သင်းစီတို့ကို ရွေးချယ်ခဲ့ကာ မန္တလေးမြို့၊ မန္တလာသီရိ အားကစားကွင်းတွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့ စတင်၍ နိုင်ငံအဆင့် ဗိုလ်လုပွဲအဖြစ် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

အနိုင်ရရှိသည့် အသင်းများအား မြန်မာကျပ်ငွေသိန်း (၆၀) ကျော် တန်ဖိုးရှိ ဆုကြေးများနှင့် ဆုအမျိုးအစားပေါင်း ၂၀ ကျော်ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့အပြင် အနိုင်ရရှိသည့် အသင်းများမှ ဘောလုံးအားကစားသမားများအနေဖြင့် ၂ နှစ်တွင် တစ်ကြိမ် ကျင်းပသည့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားနိုင်မည့် အခွင့်အရေးကို ရရှိနိုင်မည်ဖြစ်သည်။

ယခုပြိုင်ပွဲသည် မြန်မာ့မျိုးဆက်သစ် လူငယ်ဘောလုံးကစားသမားများ၏ စွမ်းရည် ပိုမိုတိုးတက် လာစေရေးနှင့် လူငယ်များအကြား ကျန်းမာကြံခိုင်သည့် လူနေမှုဘဝကို ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် MPT နှင့် MNL တို့ ပူးပေါင်းကာဆောင်ရွက်သည့် သုံးနှစ်တာ အစီအစဥ်၏ အစိတ်အပိုင်း တစ်ခုလည်းဖြစ်ပါသည်။

ဘောလုံးအားကစားသည် နိုင်ငံတကာတွင် လူအများတစ်ခဲနက် အားပေးသဘောကျသည့် အားကစားတစ်မျိုးဖြစ်သည့်အလျောက် မြန်မာနိုင်ငံတွင်လည်း လူအများစိတ်ဝင်စားမှုအရှိဆုံး အားကစားဖြစ်ပြီး မြန်မာ့ဘောလုံးလောက ပိုမိုအောင်မြင်မှုရရှိရေးအတွက်လည်း ပြည်သူအများက မျှော်လင့်လျက်ရှိပါသည်။ မြန်မာလူငယ်များအတွက် အားကစားနှင့်ကျန်းမာရေးကဏ္ဍ တိုးတက်စေရန် ရည်ရွယ်၍ အားသွန်ခွန်စိုက် အထောက်အပံ့ပေးနေသည့် ပြည်တွင်းအော်ပရေတာတစ်ခုအနေနှင့် MPT သည် မြန်မာဘောလုံးအားကစားလောက ပိုမိုဖွံ့ဖြိုးတိုးတတ်စေရေးအတွက် မြန်မာနေရှင်နယ်လိဂ် (MNL) ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) တို့နှင့်ပူးပေါင်းကာ လူငယ်ဘောလုံးပွဲတော်များ၊ အသက် ၁၄ နှစ်အောက် (U-14) ဘောလုံးပြိုင်ပွဲများ နှင့် MPT- တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အစရှိသည့် ဘောလုံးပြိုင်ပွဲများကို တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပပြုလုပ်နေခြင်း ဖြစ်ပါသည်။ ထို့အပြင် MPT အနေဖြင့် နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်စေရေးအတွက် ပရော်ဖက်ရှင်နယ်အဆင့် ကစားသမားများ ပေါ်ထွက်လာစေရေးကိုရည်ရွယ်ပြီး လိဂ်ပြိုင်ပွဲများကို ဆောင်ရွက်နေသည့် MNL ကိုလည်း လိုအပ်သည့် အထောက်အပံ့များ ပေးအပ်လျက်ရှိပါသည်။

MPT က နိုင်ငံအဝှမ်းရှိ လူငယ်များအကြား အခြေခံဘောလုံးကစားခြင်း စွမ်းရည်ကိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပြီး အခြေခံ ဘောလုံးကစားနည်းစွမ်းရည်နှင့် လေ့ကျင့်ခန်းများ ရုပ်သံကို ကျွမ်းကျင်ဘောလုံးနည်းပြများ နှင့် အမျိုးသားဘောလုံး အကယ်ဒမီမှ လူငယ်ဘောလုံး ကစားသမားများဖြင့် ရိုက်ကူးစီစဉ်ခဲ့ကာ MPT သုံးစွဲသူများအနေဖြင့် အဆိုပါ ဗီဒီယိုဖိုင်များကို ဒေတာခ ကျသင့်ခြင်း မရှိဘဲ MPT ၏ လိုတရ ဝက်ဘ်ပေါ်တယ် ဖြစ်သော https://lotaya.mpt.com.mm/service/mnl/training_video တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် လွှင့်တင်ထားပြီး ဖြစ်ပါသည်။

MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိလိုပါက 106 သို့ ခေါ်ဆို၍ သော် လည်းကောင်း၊ MPT ၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage/ နှင့် MPT ၏ တရားဝင် website ဖြစ်သည့် https://mpt.com.mm တို့တွင် ဝင်ရောက်၍ လည်းကောင်း ကြည့်ရှု နိုင်ပါသည်။

အမျိုးသားအသင်း(အထက်မြန်မာပြည် (က) အသင်း ) ချန်ပီယံ

အမျိုးသမီးအသင်း (အောက်မြန်မာပြည် (က) အသင်း) ချန်ပီယံ

အမျိုးသားအသင်း (အောက်မြန်မာပြည် (က) အသင်း) ဒုတိယ

 

အမျိုးသမီးအသင်း (အထက်မြန်မာပြည် (က) အသင်း) ဒုတိယ