×

၂၀၁၉ ခုနှစ် MPT – တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ၏ အထက်မြန်မာပြည် ပွဲစဉ်များ စတင်ယှဉ်ပြိုင်တော့မည်

21 Oct 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်) – ယမန်နှစ်က ကျင်းပပြုလုပ်ခဲ့သည့် ပြိုင်ပွဲကြီး၏ အောင်မြင်မှုကို အခြေခံပြီး MPT အနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ၊ မြန်မာနေရှင်နယ်လိဂ် (MNL)နှင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနတို့နှင့်ပူးပေါင်း စီစဉ်ကာ ၂၀၁၉ ခုနှစ် MPT- တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲကြီး၏ အထက်မြန်မာပြည်ချန်ပီယံဆုအတွက် ပွဲစဉ်များကို အမျိုးသား၊ အမျိုးသမီး အသင်းပေါင်း ၁၁ သင်းဖြင့် မကြာမီတွင် စတင်ကျင်းပတော့မည်ဖြစ်ကာ ၂၀၂၀ ခုနှစ်တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ်၏ နှစ်(၁၀၀)ပြည့် အကြိုအဖြစ်လည်း ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆို ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။

MPT အနေဖြင့် ဘောလုံးအားကစား အရှိန်အဟုန်ဖြင့် တိုးတက်အောင်မြင်မှုရရှိစေရန် အခြေခံအဆင့်မှ စတင်ပြီး ကူညီထောက်ပံ့လျက်ရှိသည်နှင့်အညီ ယခုကဲ့သို့ MFF ၊ MNL နှင့် ပညာရေး ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းစီစဉ် ကျင်းပပြုလုပ်သည့် ဘောလုံးပြိုင်ပွဲတွင် အနာဂတ်၏ ဘောလုံးအားကစား ကြယ်ပွင့်များ အနေဖြင့် ၎င်းတို့၏ ခြေစွမ်းခြေစများကို ထုတ်ဖော်ပြသပြီး ယှဉ်ပြိုင်သွားနိုင်မည် ဖြစ်သကဲ့သို့ အခြားတစ်ဖက် တွင်လည်း တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများအကြား ချစ်ကြည်ရင်းနှီးစွာ နေထိုင်မှု၊ တက်ကြွကျန်းမာသည့် လူနေမှုပုံစံနှင့် အသင်းအဖွဲ့လိုက်စုစည်းပူးပေါင်းမှုစိတ်ဓါတ်၊ အားကစားစိတ်ဓါတ် စသည့် အခြေခံကောင်းများလည်း ရရှိစေနိုင်မည် ဖြစ်သည်။

MPT- တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲကို လာမည့် အောက်တိုဘာလ ၁၁ ရက်နေ့မှ နိုဝင်ဘာလ ၂၂ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အောက်မြန်မာပြည်ပွဲစဉ်များကို ရန်ကုန်မြို့၌ ပဒုမ္မာအားကစားကွင်းနှင့် တက္ကသိုလ် များ ဘောလုံးကွင်း၊ အထက်မြန်မာပြည်ပွဲစဉ်များကို မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းနှင့် တက္ကသိုလ်များ ဘောလုံးကွင်းတို့၌ ပြုလုပ်သွားမည် ဖြစ်သည်။ ပြိုင်ပွဲကို အမျိုးသားအသင်း ၆ သင်းနှင့် အမျိုးသမီးအသင်း ၅ သင်းပါ အထက်မြန်မာပြည်ပြိုင်ပွဲဇုံ ၆ ခုနှင့် အမျိုးသားအသင်း ၉ သင်းနှင့် အမျိုးသမီးအသင်း ၉ သင်းပါ အောက်မြန်မာပြည် ပြိုင်ပွဲဇုံ ၉ ခုတို့ဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။

“MPT အနေနဲ့ မြန်မာလူငယ်များအကြားမှာ ဘောလုံးအားကစားနဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက် လာစေဖို့အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ MNL နဲ့ ပညာရေး ဌာနတွေနဲ့ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါတယ်။ အခုလို တက္ကသိုလ်များဘောလုံးပြိုင်ပွဲဟာ ဘောလုံးအားကစားကတစ်ဆင့် ရရှိနိုင်တဲ့ ပျော်ရွှင်မှု၊ စိတ်ဓာတ်ခွန်အားနဲ့ စည်းလုံးညီညွတ်မှုစတဲ့ ကောင်းမွန်တဲ့အချက်တွေကို ယူဆောင်ပေးလာမယ်လို့ ယုံကြည်ပါတယ်” ဟု MPT-KSGM Joint Operations ၏ Deputy Chief Operating Officer ဖြစ်သူ ဦးမြင့်သိန်းထွန်းက ပြောကြားသွားခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်၏ Chief Executive Officer ဖြစ်သူ ဦးစိုးမိုးကျော်က – “ဒီပြိုင်ပွဲဟာ ဘောလုံးအားကစားရဲ့ အကျိုးကျေးဇူးတွေကို မြန်မာပြည်သူများ ရရှိခံစားနိုင်ရေးဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်နဲ့ အပြည့်အဝ ကိုက်ညီမှု ရှိပါတယ်။ ဒီပြိုင်ပွဲတွေကြောင့် ခြေစွမ်းထက် လူငယ်များစွာအတွက် ပြိုင်ပွဲကောင်းတွေကို ဖန်တီးပေးနိုင်ပြီး ကစားသမားသစ်တွေ ပေါ်ထွက်လာဖို့ကို များစွာအထောက်အကူ ဖြစ်စေပါတယ်။ ဒီပြိုင်ပွဲကနေ အနာဂတ် မြန်မာ့လက်ရွေးစင်အသင်းအတွက် အထောက်အပံ့ကောင်းတွေ ဖြစ်စေမယ်လို့လည်း ယုံကြည်ပါတယ်” ဟု ပြောကြားသွား ခဲ့သည်။

“ဒီ MPT- တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲကြီးဟာ မြန်မာ့လူငယ် ဘောလုံးအားကစားကဏ္ဍကို အားပေးအား မြှောက် ပြုလုပ်ပေးမယ့် တစ်မူထူးခြားတဲ့ ပြိုင်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းက ကျောင်းသူ ကျောင်းသား လူငယ်မောင်/ မယ်တွေအားလုံးကို စုစည်းပေးနိုင်မယ့် နိုင်ငံတော်အဆင့် ပြိုင်ပွဲတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် MPT ရဲ့ ပံ့ပိုးမှုဖြင့် လူငယ် မောင်/ မယ် များ အတွက် ကိုယ်ကာယကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်မယ့် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။” ဟု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သန်းသန်းဝင်းမှ ပြောကြားသွားခဲ့သည်။

MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိလိုပါက 106 သို့ ခေါ်ဆို၍သော် လည်းကောင်း၊ MPT ၏ တရားဝင် Facebook စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage/ နှင့် MPT ၏ တရားဝင် website ဖြစ်သည့် https://mpt.com.mm တို့တွင် ဝင်ရောက်၍ လည်းကောင်း ကြည့်ရှု နိုင်ပါသည်။