×

(၉၉) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် MPT က (၉) ကြိမ်မြောက် နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းပွဲကျင်းပမည်

08 Nov 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT က (၉၉) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းပွဲကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် အမျိုးသားသွေးဌာနရန်ကုန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများစသည့် နေရာ (၁၇) ခုတို့တွင် တစ်ပြိုင်နက်တည်း ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

MPT ၏ ယခုအကြိမ်သွေးလှူဒါန်းပွဲမှာ (၉) ကြိမ်မြောက်ဖြစ်ပြီး ယခင်က (၈) ကြိမ်မြောက်အထိ MPT ဝန်ထမ်းများအပါအဝင် နိုင်ငံတစ်ဝန်းမှ စေတနာရှင် သွေးအလှူရှင်ပေါင်း (၅,၅၀၀) ကျော်က အရေးပေါ် သွေးလိုအပ်နေသူများအတွက် သန့်ရှင်းသည့် သွေးပမာဏအဖြစ် (၂,၄၇၅,၀၀၀) မီလီလီတာခန့် လှူဒါန်းနိုင်ခဲ့ပြီးဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှု ဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးမြင့်သိန်းထွန်းက

“ ကျွန်တော်တို့ ကျင်းပခဲ့တဲ့ သွေးလှူဒါန်းပွဲတွေတိုင်းမှာ ပါဝင်တဲ့သူအရေအတွက်က တစ်ခေါက်ထက်တစ်ခေါက် ပိုပြီးများလာတာကြောင့် ဒီတစ်ကြိမ်မှာလည်း ကျွန်တော်တို့ ဝန်ထမ်းတွေနဲ့အတူ လာရောက်သွေးလှူဒါန်းမယ့် စေတနာရှင်ပြည်သူတွေ ပိုများလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အရေးပေါ် အခြေအနေကြောင့် သွေးလိုအပ်နေတဲ့သူတွေနဲ့ ကျန်းမာရေးအခြေအနေအရ အမြဲသွေးသွင်းဖို့လိုအပ်နေတဲ့ သူတွေကို ကူညီနိုင်ဖို့အတွက် ဒီသွေးလှူဒါန်းပွဲ အစီအစဉ်ကို ရှေ့ဆက်ပြီးလည်း စေတနာသွေးလှူရှင် ပြည်သူတွေနဲ့အတူ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။”


“သွေးလှူဒါန်းမှုဆိုတာဟာ မိမိရဲ့သွေးကိုလှူဒါန်းပြီး အသက်ပေါင်းများစွာကို ကယ်တင်နိုင်တဲ့ အလွန်မွန်မြတ်တဲ့ အလှူပါ။ အဲဒီ့လိုမွန်မြတ်တဲ့ အလှူကိုပြုလုပ်နိုင်ဖို့အတွက်လည်း လူတိုင်းကို သဘာဝက ပေးထားတဲ့ မွန်မြတ်တဲ့ လက်ဆောင်လို့ ပြောလို့ရပါတယ်။ အရင်သွေးလှူဒါန်းပွဲတွေမှာ
ပါဝင်လှူဒါန်းခဲ့တဲ့ သူတွေ အားလုံးကို ကျေးဇူးအထူးတင်ရှိပြီး မြန်မာတစ်နိုင်လုံးက သွေးလိုအပ်နေတဲ့သူတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ဖို့အတွက် ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပြီးပါဝင်နိုင်ဖို့ကိုလည်း ဖိတ်ခေါ်လိုက်ရပါတယ်။ ဒီလို သွေးလှူဒါန်းမှုမှာ ပါဝင်ခြင်းဟာ (၉၉) နှစ်မြောက် အမျိုးသားနေ့ကို အကောင်းဆုံး ကြိုဆိုဂုဏ်ပြုတဲ့ လုပ်ရပ်တစ်ခုဖြစ်လိမ့်မယ်လို့လည်း ယူဆမိပါတယ်” ဟု ထပ်မံ ပြောကြားသည်။

MPT ၏ နိုင်ငံတစ်ဝန်းသွေးလှူဒါန်းပွဲသည် ဒေသခံလူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်နေသည့် MPT ၏ လူမှုအကျိုးပြု ဆောင်ရွက်ချက်များထဲမှ တစ်ခုဖြစ်ပြီး အကြောင်းအမျိုးအမျိုးကြောင့် သွေးလိုအပ်နေသည့် လူ့အသက်များကို ကယ်တင်နိုင်ရန်နှင့် ဆေးပညာရပ်ဆိုင်ရာ လိုအပ်ချက်များကိုဖြည့်ဆည်းခြင်းတို့တွင် အသုံးပြုရန်အတွက် သွေးလှူဒါန်းခြင်းမှာ အရေးပါသည့် ဆောင်ရွက်ချက်တစ်ခုဖြစ်သည်ကို အများပြည်သူတို့ အကြားတွင် ပိုမိုသိရှိနိုင်စေရေးအတွက် ရေရှည်ဆောင်ရွက်သွားမည့် အစီအစဉ်များထဲမှ တစ်ခုပင် ဖြစ်ပါသည်။

၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပမည့် MPT ၏ (၉) ကြိမ်မြောက် သွေးလှူဒါန်း ပွဲတွင် ပါဝင်လှူဒါန်းလိုကြသူများ အနေဖြင့် ရန်ကုန်အတွက် ဖုန်းနံပါတ် <၀၉-၈၆၃၀၀၅၀> သို့ ဆက်သွယ် ၍လည်းကောင်း ၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွက် သက်ဆိုင်ရာမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရုံးများသို့ဆက်သွယ်၍ လည်းကောင်း စာရင်းပေးသွင်းနိုင်မည် ဖြစ်ပါသည်။

သွေးလှူဒါန်းမှု ဆောင်ရွက်မည့် နေရာများအား အောက်ပါဇယားတွင် ဖော်ပြပေးထားပါသည်။

စဉ်

ပြည်နယ်/

တိုင်း

ဆေးရုံအမည်

လိပ်စာ

၁။

ရန်ကုန်

အမျိုးသားသွေးဌာန

အမှတ် (၉၇) ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊
လသာမြို့နယ်၊ ရန်ကုန်မြို

၂။

စစ်ကိုင်းတိုင်း

မုံရွာပြည်သူ့ဆေးရုံ

ဗိုလ်ချုပ်လမ်း၊ ဒေါနရပ်ကွက်၊ မုံရွာ

၃။

ပဲခူး (အရှေ့)

အထွေထွေဆေးရုံ

ရုံးကြီးရပ်ကွက်၊ ပဲခူး

၄။

ပဲခူး (အနောက်)

အထွေထွေဆေးရုံ

အောင်ဆန်းလမ်း၊ ပြည်သာယာရပ်ကွက်၊ ပြည်

၅။

ဧရာဝတီ

အထွေထွေဆေးရုံ

မင်းကြီးလမ်း၊ ၄ ရပ်ကွက်၊ ပုသိမ်

၆။

တနင်္သာရီ

အထွေထွေဆေးရုံ

ဆေးရုံလမ်း၊ ညောင်ရမ်းတောင်ရပ်ကွက်၊ ထားဝယ်

၇။

မကွေး

မကွေး အထွေထွေဆေးရုံ

ပြည်တော်သာအိမ်ယာ၊ ဆေးရုံရပ်ကွက်၊ မကွေး

၈။

မန္တလေး

ကလေးဆေးရုံ ကုတင် (၅၀၀)

(၆၆) လမ်း၊ ၂၇ x ၂၈ လမ်း၊ ချမ်းအေးသာစံ မြို့နယ်၊ မန္တလေး

၉။

နေပြည်တော်

ကုတင် (၁၀၀၀) ဆေးရုံ

ဇဗ္ဗူသီရိမြို့နယ်၊ နေပြည်တော်

၁၀။

ကချင်

အထွေထွေဆေးရုံကြီး

ဆွန်ပရာဘွမ်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊ ဒူခတောင် ရပ်ကွက်၊
မြစ်ကြီးနား

၁၁။

ကယား

လွိုင်ကော် အထွေထွေဆေးရုံကြီး

စည်သူလမ်း၊ မင်းစုရပ်ကွက်၊ လွိုင်ကော်

၁၂။

ကရင်

ဘားအံ အထွေထွေဆေးရုံကြီး

၁ ရပ်ကွက်၊ ဆေးရုံလမ်း၊ ဘားအံ

၁၃။

မွန်

အထွေထွေဆေးရုံကြီး

ဦးဇိနဘုရားလမ်း၊ ပန်းပဲတန်းရပ်ကွက်၊ မော်လမြိုင်

၁၄။

ရခိုင်

အထွေထွေဆေးရုံကြီး

လမ်းမကြီး၊ ကျေးပင်ကြီး ရပ်ကွက်၊ စစ်တွေမြို့

၁၅။

ရှမ်း(တောင်)

စဝ်စံထွန်းဆေးရုံကြီး

ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ စဝ်စံထွန်းရပ်ကွက်၊ တောင်ကြီး

၁၆။

ရှမ်း(မြောက်)

အထွေထွေဆေးရုံကြီး

လမ်းမတော်၊ ၁ ရပ်ကွက်၊ လားရှိုး

၁၇။

ရှမ်း(အရှေ့)

အထွေထွေဆေးရုံကြီး (ကျိုင်းတုံ)

မိုင်းဇင်ရွာဒေသ၊ ဟဲခါးရွာ၊ ကျိုင်းတုံ

အထွေထွေဆေးရုံကြီး (တာချီလိတ်)

ဂေါက်ကွင်းလမ်း၊ မဲခေါင်ရပ်ကွက်၊ တာချီလိတ်

လူမှုအကျိုးပြုလုပ်ငန်းများတွင် အလေးပေးဆောင်ရွက်နေသည့် ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာ တစ်ခု ဖြစ်သည်နှင့်အညီ MPT အနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်နှင့်စီးပွားရေးလုပ်ငန်းငယ် စသည့် မဏ္ဍိုင်ကြီးသုံးရပ်ကို အဓိကထားပြီး အများပြည်သူတို့၊ ဒေသခံတို့နှင့်အတူ လူမှုအကျိုးပြု လုပ်ငန်များကို ဆောင်ရွက်နေခြင်းဖြစ်ပါသည်။

MPT ၏ လူမှုအကျိုးပြုလှုပ်ရှားမှုများနှင့် ပတ်သက်သည့် အချက်အလက်များ အပြင် MPT ၏ အခြားသော စိတ်ဝင်စားဖွယ် ဝန်ဆောင်မှုနှင့် အရောင်းမြှင့်တင်မှု ဆောင်ရွက်ချက်များအား ပိုမိုသိရှိလိုလျှင် ၁၀၆ သို့ ဖုန်းခေါ်ဆို၍ဖြစ်စေ၊ www.mpt.com.mm သို့ဝင်ရောက်၍ဖြစ်စေ၊ MPT ၏ တရားဝင် Facebook page https://www.facebook.com/mptofficialpage သို့ ဝင်ရောက်၍ဖြစ်စေ လေ့လာနိုင်မည် ဖြစ်ပါသည်။