blank

နိုင်ငံအဝှမ်း ဒီဂျစ်တယ်အရည်အသွေးကျွမ်းကျင်မှု ပညာရေးအစီအစဉ်အဖြစ် အင်တာနက်ထောက်ပံ့ခြင်းနှင့် သင်တန်းဆင်းလူငယ်များအား အထူးသင်တန်းများ ပေးအပ်ခြင်းဖြင့် MPT က ထောက်ပံ့ကူညီ

Published 17 Aug 2018

(ရန်ကုန် ၊၂၀၁၈ခုနှစ်၊ သြဂုတ်လ ၁၇ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က သင်တန်းသားစုစုပေါင်း ၄၅၀ ကျော်၏ ကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကို အောင်မြင်စွာကျင်းပ လိုက်ပြီဖြစ်သည်။ ယခုအကြိမ်မှာ “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်အတွက် (၅) ကြိမ် မြောက်သင်တန်းဆင်းပွဲဖြစ်ပြီး သင်တန်းဆင်းကျောင်းသားဦးရေ အများဆုံးသော သင်တန်းဆင်းပွဲလည်း ဖြစ်ကာ သြဂုတ်လ (၁၇) ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

MPT အနေနှင့် “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်ကို ၂၀၁၆ ခုနှစ်မှစတင်၍ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ အခွင့်အရေးနည်းပါးလှသည့် လူငယ်များအတွက် ကွန်ပျူတာကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ ပို့ချပေးခြင်းဖြင့် အခွင့်အရေးများဆောင်ကျဉ်းပေးရန် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအစီအစဉ်နှင့်အတူ သင်တန်းသားပေါင်း ၂,၁၀၀ ကျော်မှာ ကွန်ပျူတာ သင်ခန်းစာများနှင့် ကျွမ်းကျင်မှုများကို သင်ယူတတ်မြောက်သွားကြပြီ ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖော်ဆောင်ခဲ့သည့် ယင်းအစီအစဉ်ကို MPT နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်တော့ပ်ကွန်ပျူတာများ၊ အင်တာ နက်ဒေတာ အထောက်အပံ့အပြင် သင်တန်းဆရာများရရှိရန်အတွက် လိုအပ်သည့် အထောက်အပံ့များကို ကူညီပံ့ပိုးပေးခဲ့ပါသည်။

MPT-KSGM Joint Operations မှ Chief Operating Officer ဖြစ်သူ Mr. Yoshiaki Benino က “မြန်မာလူငယ်လေးတွေ ဒီဂျစ်တယ်နည်းပညာတွေကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုတတ်လာအောင် ကျွန်တော်တို့ရဲ့ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ အစီအစဉ်ကနေတစ်ဆင့် ကူညီခွင့်ရတဲ့အတွက် ဝမ်းသာကျေနပ်မိပါတယ်။ အခုလို အစီအစဉ်ကြောင့် လုပ်ငန်းသုံးဆော့ဖ်ဝဲလ်ဆိုင်ရာ နည်းပညာတွေ အသုံးပြုတတ်ဖို့၊ ဒီဂျစ်တယ် မီဒီယာမှာ တွေ့ရမယ့် အကြောင်းအရာတွေ၊ ဒီဇိုင်းဆိုင်ရာဖန်တီးမှုတွေအစရှိတဲ့ အရာတွေကို သိရှိနားလည် လာစေခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့နိုင်ငံအတွင်းက အချို့ ဒေသတွေမှာနေထိုင်နေကြရတဲ့ လူငယ်လူရွယ်တွေအနေနဲ့ အခုအချိန်အထိ အင်တာနက်အသုံးပြုနိုင်ခွင့်ကို မရရှိနိုင်ကြသေးသလို ကွန်ပျူတာနဲ့ပတ်သက်တဲ့ ပညာရပ်ဆိုင်ရာဗဟုသုတတွေ မသိရှိနိုင်ကြတာကိုလည်း ကျွန်တော်တို့အနေနဲ့ သတိပြုကြရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း လူငယ်တွေကိုအထောက်အပံ့ပေး နိုင်မယ့် ပညာရေးကဏ္ဍအတွက် ပံ့ပိုးကူညီမှုတွေကို ကျွန်တော်တို့ရဲ့ အဓိကကျတဲ့ လူမှုအကျိုးပြု လုပ်ငန်းစဉ်တစ်ခုအဖြစ် သတ်မှတ်ပြီး အလေးထားလုပ်ဆောင်နေရခြင်းဖြစ်ပါတယ်။” ဟု ပြောကြားသည်။

NLD ပညာရေးကွန်ရက်၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကလည်း “ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်အတွက်အရေးပါတဲ့ လူငယ်လေးတွေ ဒီဂျစ်တယ်နည်းပညာဗဟုသုတတွေ နားလည်တတ်ကျွမ်းစေဖို့က ကျွန်တော်တို့ရဲ့ တာဝန်လို့ ခံယူထားပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ် စတင်ကတည်းကနေ အခုအချိန်ထိ အကူအညီပေးခဲ့တဲ့ MPT ကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။ ဒီဂျစ်တယ်နည်းပညာပြန့်ပွားရေးအတွက် MPTရဲ့ပူးပေါင်းဆောင်ရွက်မှုဟာ လူငယ် တွေအတွက် အလွန်အကျိုးရှိတဲ့ အခွင့်အလမ်းတစ်ခုဖြစ်ပြီးတော့ လာမယ့်ဆယ်စုနှစ်တွေမှာ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးအမြင်တွေ ဒီထက်တိုးတက်အောင် ဆောင်ရွက်နိုင်လာမှာပါ” ဟု ထပ်လောင်းပြောကြား ခဲ့သည်။

MPT အနေဖြင့် မြန်မာနိုင်ငံအတွင်း ဒီဂျစ်တယ်နည်းပညာကျွမ်းကျင်မှုများ ပိုမိုတိုးတက်လာစေရန် အားတက်သရော ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အမေ့အိမ်ကျောင်း (၁၅) ကျောင်းအတွက် (၂)နှစ်စာ အင်တာနက်အသုံးပြုခြင်းကို ထပ်မံပေးအပ်ခြင်းအပါအဝင်၊ သင်တန်းဆင်းပြီးသူ များအတွက် ဆရာဖြစ်လေ့ကျင့်ပေးခြင်း ကိုစီစဉ်ပေးခြင်းဖြင့် “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်ကို ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ယခုနှစ်အတွင်း ပညာရေးကွန်ရက် ကျောင်းများတွင် သင်တန်းပြီးမြောက်သွားပြီးဖြစ်သည့် သင်တန်းသားများအတွက် ၎င်းတို့၏ သက်ဆိုင်ရာ သင်တန်းများတွင် ဆရာအဖြစ် ပြန်လည်ပို့ချနိုင်မည့် သင်တန်းကို စီစဉ်ပေးသွားမည် ဖြစ်ကာ နောင်တွင် မိမိတို့၏ ကိုယ်တိုင်သင်ကြားနိုင်မည့် ကျောင်းများဖြစ်လာခြင်းဖြင့် ရေရှည်ရပ်တည် ဆောင်ရွက်သွား နိုင်ရန်ရည်ရွယ် ဆောင်ရွက်ခြင်းလည်းဖြစ်ပါသည်။ ထို့အပြင် MPT က ဒီဂျစ်တယ် နည်းပညာများ ပိုမိုပျံ့နှံ့ နားလည်စေရန်အတွက် အလားတူအစီအစဉ်အဖြစ် ၎င်း၏ဖွင့်လှစ်ထားပြီးဖြစ်သည့် သတင်းအချက်အလက် စင်တာ(Telecenter) အရေအတွက်အား သုံးဆတိုးမြှင့်ရန်စီစဉ်ထားပြီးဖြစ်သည်။ MPT ၏ သတင်း အချက်အလက်စင်တာများကို သွားရောက်လေ့လာခြင်းဖြင့် သုံးစွဲသူများအတွက် အကျိုး ဖြစ်ထွန်း စေမည့် သတင်းအချက်အလက် များစွာနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အခမဲ့ ရရှိနိုင်မည် ဖြစ်သည်။

အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် အထောက်အပံ့ဖြစ်စေရန် MPT မှ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် စွန့်ဦးတီထွင်လုပ်ငန်းငယ်များအား တိုးတက်လာစေရန် မြေတောင်မြှောက်ပေးခြင်း အစရှိ သည့် ကဏ္ဍကြီး ၃ ခု အောက်တွင် အမျိုးစုံသော လူမှုအကျိုးပြုလုပ်ငန်းများစွာကို ဆောင်ရွက်လျက်ရှိ ပါသည်။ “နှလုံးသားထဲက မြန်မာ” လှုပ်ရှားမှုများနှင့်အတူ သုံးစွဲသူများအတွက်သာမက မြန်မာ့စီးပွားရေး နှင့် မြန်မာ့လူ့ဘောင်အဖွဲ့အစည်း၏ အကျိုးစီးပွားဖြစ်ထွန်းလာစေရေးအတွက် MPT က ဈေးကွက်အတွင်းမှ ဦးဆောင်သူအဖြစ်ဖြင့် အားစိုက်ဆောင်ရွက်လျက် ရှိပါသည်။

MPT မှ ဆောင်ရွက်ခဲ့သည့် လူမှုအကျိုးပြုလုပ်ငန်းများ၊ လူငယ်တိုးတက်ဖွံ့ဖြိုးရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက http://mpt.com.mm/en/about-home-en/csr-activities/ တွင် ဝင်ရောက်လေ့လာ နိုင်ပါသည်။

best operator in Myanmar