blank

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆောင်ရွက်နေသည့် MPT ၏ “သန့်ရှင်းပြည့်ဖြိုး ရေအကျိုးအစီအစဉ်”၏ အစိတ်အပိုင်းတစ်ခုအဖြစ် မကွေးတွင် စက်ရေတွင်းတူးဖော်မှု အောင်မြင်စွာပြီးစီး

Published 30 Mar 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် မတ်လ ၃၀ ရက်) – သန့်ရှင်းကောင်းမွန်သောရေကို ရရှိရန် အထူးလိုအပ်နေသည့် အရပ်ဒေသများတွင် ရေအခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရန်အတွက် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေသည့် သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် စက်ရေတွင်း တူးဖော်မှုတစ်ခုကို အောင်မြင်စွာ ပြီးစီးကြောင်း MPT မှ ယနေ့ထုတ်ပြန်ကြေညာလိုက်ပါသည်။
သန့်ရှင်းပြည့်ဖြိုး ရေအကျိုးအစီအစဉ်ကို MPT မှ မြန်မာကျပ်ငွေ သိန်းပေါင်း ၂၁၀၀ ကိုအသုံးပြုပြီး ရေရှားပါးသည့်အရပ်ဒေသများ၏ ရေအခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် စတင်ခဲ့ခြင်း ဖြစ်ပါသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ဒေသဆိုင်ရာ အကြီးအကဲများနှင့် MPT မှ စီမံအရာရှိများသည် မကွေးတိုင်း ဒေသကြီး ရွာဟောင်းကန် ကျေးရွာတွင် အဆိုပါစက်ရေတွင်း စတင်ဖွင့်လှစ် လွှဲပြောင်းပေးအပ်လှူဒါန်းပွဲအခမ်း အနားကို အခမ်းအနားနှင့်တကွ ယမန်နေ့က အောင်မြင်စွာပြုလုပ်ကျင်းပခဲ့ပါသည်။ အထူးသဖြင့် ပူပြင်း ခြောက်သွေ့သောရာသီများတွင် အဆိုပါစက်ရေတွင်း မှတစ်ဆင့် ဒေသခံပြည်သူများအတွက်အမှန်တကယ် လိုအပ်နေသည့် သန့်ရှင်းကောင်းမွန်သော ရေများကို လုံလောက်စွာ ဖြည့်တင်းပေးနိုင်တော့မည် ဖြစ်ပါသည်။
အဆိုပါအဝီစိတွင်းကို ရေရှည် သုံးစွဲနိုင်ရန်အတွက် စက်ပိုင်းဆိုင်ရာနှင့် ကုန်ကျစရိတ်ပိုင်းဆိုင်ရာတို့တွင် အကောင်းဆုံးဒီဇိုင်းဖြင့် အသုံးပြုကာ တူးဖော်တည်ဆောက်ထားခြင်းဖြစ်သဖြင့် ဒေသခံသုံးစွဲသူများအနေဖြင့် ရေကောင်းရေသန့်များကို တစ်နိုင်တစ်ပိုင် အလုံအလောက်ရရှိကာ နှစ်ပေါင်းများစွာတိုင် ဆက်လက် အသုံးပြုနိုင်မည် ဖြစ်ပါသည်။
MPT သည် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ(NGO) နှင့် ပူးပေါင်း ဆောင်ရွက်ကာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အရပ်ဒေသများတွင် စက်ရေတွင်းများနှင့် မိုးရေစုကန်များကို လိုက်လံတူးဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခုတူးဖော်ပြီးစီးသည့် ရေတွင်းကို မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ဆင်းရဲမွဲတေမှုနှင့် ခွဲခြားဆက်ဆံမှုတို့ကဲ့သို့သော ပြဿနာများကို ရင်ဆိုင်ကူညီ ဖြေရှင်းပေးလျက်ရှိသော ဂျပန်အဖွဲ့အစည်းတစ်ခု ဖြစ်သည့် BAJ မှ တည်ဆောက်ပေးခြင်းလည်း ဖြစ်ပါသည်။ BAJ သည် ရာပေါင်းများစွာသော နိုင်ငံတကာအဆင့်မီ ရေတွင်းရေကန်များကို နှစ်ပေါင်းများစွာကပင် တူးဖော် တည်ဆောက်ပေးလျက်ရှိပါသည်။
ယခုစက်ရေတွင်းကို အနက် ၆၀၀ ပေ (၁၈၂ မီတာ) ဖြင့် တူးဖော်ထားခြင်းဖြစ်ရာ အစီအစဉ်တစ်လျှောက် အနက်ဆုံး၊ ကုန်ကျစရိတ်အများဆုံးနှင့် နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုအများဆုံး အဝီစိတွင်းတစ်ခုပင် ဖြစ်ပါသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းရွှေမှ “ကျွန်တော်တို့ရွာကို ဒီလိုရေရရှိဖို့ အဖက်ဖက်က ကူညီပံ့ပိုးပေးကြတဲ့အတွက် ဒီနှစ်နွေရာသီရေပြတ်လပ်မှုကို မကြံုတွေ့နိုင်တော့လို့ အတိုင်းမသိ စိတ်ချမ်းသာမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရွာက လက်ရှိအသုံးပြုနေတဲ့ နှစ်(၃၀) သက်တမ်းရှိတဲ့ ရေတွင်းဟောင်းကြီးက ရေအလုံအလောက်မရနိုင်တော့သလို အထူးသဖြင့် ရွာအတွက် တကယ်လိုအပ်တဲ့ပမာဏကို ထုတ်မပေးနိုင်တော့တာပါပဲ။ ကျွန်တော်တို့ ရွာသူရွာသားအားလုံး ၀မ်းမြောက်ရတာကတော့ ဒီရေတွင်းအသစ်ကြီးနဲ့အတူ အနာဂတ်ကာလမှာ အချိန်အကြာကြီး အသုံးပြုလို့ရတဲ့အထိ လူထုအခြေပြုစနစ်နဲ့အတူ အသုံးပြုနိင်တဲ့ နည်းလမ်းကို ဖန်တီးထားတဲ့ အတွက် ကျေးရွာက မိသားစုဝင်တွေအတွက် သန်ရှင်းတဲ့ရေကို သုံးစွဲနိုင်တော့မှာပဲဖြစ်ပါတယ်။ ပူပြင်းပြီး ရေပြတ်လပ်တဲ့ အချိန်မရောက်ခင် ဒီရေတွင်းကို အချိန်မီအသုံးပြုနိုင်ဖို့က ကျွန်တော်တို့အတွက် အခုအချိန်မှာ အရေးကြီးဆုံး ကိစ္စပါပဲ“ ဟုပြောကြားခဲ့ပါသည်။

ဆက်လက်၍ MPT သည် ပေါင်းစုလုပ်အားအကူအညီပေးရေးအဖွဲ့ (NAG) နှင့် ပူးပေါင်းဆောင်ရွက်ကာ ယခုအစီအစဉ်ကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့အပါအဝင် နေရာပေါင်း ၁၀ နေရာအထိ ပူပြင်းခြောက်သွေ့သောနွေရာသီမရောက်မီ အပြီးတူးဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Toshitake Amamiya သည် မကွေး၌ ကျင်းပပြုလုပ်ခဲ့သောအခမ်းအနားတွင် “ယနေ့လူကြီးမင်းတို့ မြင်တွေ့ရတဲ့ စက်ရေတွင်းနဲ့ ရေစုပ်စက်တွေဟာ တစ်နာရီကို ၈၀၀၀ လီတာနှုန်းဝန်းကျင်နဲ့ မြေအောက်က ရေကောင်းရေသန့်တွေကို ထုတ်ယူပေးနိုင်စွမ်း ရှိပါတယ်။ စက်ရေတွင်းတွေကို ရေရှည်အသုံးပြုနိုင်ဖို့ အထူးပုံစံရေးဆွဲထားတဲ့အတွက် နှစ်အတော်ကြာအောင် ရေထုတ်ယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဒါတွေကလည်း ဒေသခံများရဲ့ အကူအညီကြောင့် ဆောက်လုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအရင်းအမြစ်တွေကို ကောင်းကောင်းအသုံးချတတ်ဖို့က အရေးကြီးပါတယ်။ စက်ရေတွင်းက အမှန်တကယ် လိုအပ်နေတဲ့လူတွေအတွက် စီးပွားရေးအရရော အသက်ရှင်ရေးအတွက်ပါ အကျိုးကျေးဇူးများ ပေးမှာဖြစ်တာကြောင့် ပြည်သူတွေရော မြန်မာနိုင်ငံအတွက်ပါ တိုးတက်ဖွံ့ဖြိုးမှုအသီးအပွင့်တွေ ခံစားနိုင်မှာပါ” ဟု ဆိုပါသည်။
စက်ရေတွင်းတူးဖော်ရန် အဆင်မပြေသောအရပ်ဒေသများတွင် ၎င်းဒေသ၏ လိုအပ်ချက်နှင့်အညီ မိုးရေလှောင်ကန် တူးဖော်ခြင်း၊ ရေပိုက်သွယ်ခြင်းတို့ကို ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။
ထို့အပြင် MPT သည် သောက်သုံးရေရရှိရေး အရေးတကြီးလိုအပ်နေသည့် အရပ်ဒေသများတွင် ရေအလုံအလောက်ရရှိနိုင်ရန် ပူပြင်းခြောက်သွေ့သောနွေရာသီကာလတစ်လျှောက် သောက်သုံးရေများ ကျယ်ကျယ်ပြန့်ပြန့် လိုက်လံလှူဒါန်းသွားမည် ဖြစ်ပါသည်။ သောက်သုံးရေလှူဒါန်းမှု၏ အစိတ်အပိုင်းတစ်ခု အနေဖြင့် လာမည့်လများတွင် MPT ၀န်ထမ်းများမှ ရေဘူးများဝေငှပေးခြင်း၊ နေရာတော်တော်များများသို့ သွားရောက်ကာ ရေစည်များဖြင့် သွားရောက်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အစီအစဉ်၏ နောက်ဆုံးရသတင်းများကို MPT ၏ လူမှုကွန်ရက်စာမျက်နှာနှင့် ဝက်ဘ်ဆိုက်များတွင် ဆက်လက်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

best operator in Myanmar