မြန်မာဆက်သွယ်ရေးလုပ်ငန်းသည် ပိုုမိုကောင်းမွန်သော ဆက်သွယ်မှုရရှိနိုင်ရန်အတွက် ရန်ကုန်နှင့် နေပြည်တော်တို့တွင် ကွန်ရက် တိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံး ဆက်သွယ်ရေးကွန်ရက် ရှိပြီး မြန်မာနိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဂျပန်ကုမ္ပဏီ KDDI ၊ Sumitomo Corporation တို့နှင့်ပူးပေါင်းပြီး သုံးစွဲသူ ပြည်သူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဆက်သွယ်ရေး ကွန်ရက်တိုးချဲ့ခြင်းလုပ်ငန်းတွင် များစွာ ရင်းနှီးမြုပ်နှံလျက်ရှိပါသည်။

မြန်မာဆက်သွယ်ရေးလုပ်ငန်းသည် ဆက်သွယ်ရေးကွန်ရက်ချဲ့ထွင်ခြင်းအစီအစဉ် ကို နိုဝင်ဘာလ (၆)ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ရန်ကုန်နှင့် နေပြည်တော်တို့ရှိ လိုင်းကြပ်သောနေရာများတွင် 3G စခန်းများ၌ လိုင်းအင်အားတိုးချဲ့ ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ အဆိုပါ စခန်းများရှိ လိုင်းအင်အားမှာ နိုဝင်ဘာ (၆) ရက်နေ့မတိုင်မီ ကထက် ၅၀ ရာခိုင်နှုန်းပို၍ အင်အားတိုးမြှင့်လာပြီဖြစ်ပါသည်။

ထိုသို့ဆက်သွယ်ရေးကွန်ရက်ချဲ့ထွင်ခဲ့ခြင်းကြောင့် ရန်ကုန်နှင့် နေပြည်တော်တို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တယ်လီဖုန်းသုံးစွဲသူများအနေနှင့် လိုင်းကြပ်နေကျဖြစ်သောနေရာများနှင့် ဖုန်းပြောဆိုမှု အများဆုံးအချိန်များတွင်ပင် ပိုမိုကောင်းမွန်ပြီး အရည်အသွေးရှိသော ဆက်သွယ်ရေးဝန်ဆောင်မှုကို ရရှိခံစားနိုင်ကြမည်ဖြစ်ပါသည်။

မြန်မ့ာဆက်သွယ်ရေးလုပ်ငန်း အနေနှင့် နိုင်ငံတစ်ဝန်းလုံးတွင် ဆက်သွယ်ရေး ကွန်ရက်ချဲ့ထွင်ခြင်းကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ကွန်ရက် ချဲ့ထွင်ခြင်း၏ ပထမအဆင့်အဖြစ်၊ ၂၀၁၅ခုနှစ် မတ်လကုန်တွင် 3G စခန်းများ၏ အရေအတွက်မှာ လက်ရှိအရေအတွက်၏ နှစ်ဆ ရှိလာမည်ဖြစ်ပါသည်။ အထူးသဖြင့် ရန်ကုန်ရှိ 3G ဆက်သွယ်ရေးကွန်ရက် အင်အားမှာ လက်ရှိအင်အား၏ သုံးဆနီးပါး ရှိလာမည်ဖြစ်ပါသည်။ ထို့အပြင် ပိုုမိုကောင်းမွန်သော အင်တာနက်ဝန်ဆောင်မှုပေးနိုင်ရန်အတွက် 3G ကွန်ရက်နည်းပညာသစ်ကို စမ်းသပ်လျက်ရှိပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပြည်သူ့အကျိုးပြုသည့် အပြောင်းအလဲများစွာကို မကြာသေးမီ ကာလများက ဆောင်ရွက်လျက်ရှိရာ SIM Card ရောင်းချဖြန့်ဖြူးရေးပုံစံသစ် အမှတ်တံဆိပ်အသစ်ပြုလုပ်ခြင်းတို့နှင့်အတူ ယခုအခါ ဆက်သွယ်ရေးကွန်ရက်တိုးချဲ့ခြင်းကိုပါ ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆောင်ရွက်ပေးမည့် ဝန်ဆောင်မှုများကို ပြည်သူများသို့ ဆက်လက်အသိပေးသွားမည်ဖြစ်ရာ သုံးစွဲအားပေးနိုင်ကြရန် တင်ပြလိုက်ရပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပထမဆုံးသော တိုက်ရိုက်အရောင်းဆိုင်ကို ရန်ကုန်စာတိုက်ကြီးတွင် ဖွင့်လှစ် – မြန်မာပြည်သူများ စိတ်ကျေနပ်မှု ပိုမို ရရှှှိစေမည်

ဆက်သွယ်ရေးလုပ်ငန်းကို အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နှင့် KDDI ၊ Sumitomo ကော်ပိုရေးရှင်းတို့သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပထမဆုံးသော အရောင်းဆိုင်ကို ရန်ကုန်စာတိုက်ကြီးတွင် နိုဝင်ဘာလ (၁၄)ရက်နေ့ မှ စတင်ဖွင့်လှစ်လိုက်ပြီး ဖြစ်ပါသည်။ အဆိုပါဆိုင်တွင် MPT SIM Card နှင့် ငွေဖြည့်ကတ်များကို ပြည်သူများသို့ တိုက်ရိုက်ရောင်းချပေးသွားမည် ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အရောင်းဆိုင်ကို တရားဝင်ဖွင့်လှစ်ရောင်းချမည့် ရန်ကုန်စာတိုက်ကြီးကို အသစ်ပြန်လည် မွမ်းမံ ပြင်ဆင်ခြင်း အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားကို ဂျပန်နိုင်ငံ အစိုးရနှင့် ဂျပန်စာပို့တိုက် လုပ်ငန်းကော်ပိုရေးရှင်းလီမိတက်တို့၏ အစီအစဉ်ဖြင့် ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် Mr. Shinzo Abe မှ တက်ရောက်ခဲ့ပါသည်။ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်က ချီးမွမ်းဂုဏ်ပြုစကားပြောကြားပါသည်။ ထို့နောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တာဝန်ရှိသူတစ်ဦးက ဂျပန်နိုင်ငံ ဝန်ကြီးချုပ်သို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အမှတ်တရ SIM Card ကို လက်ဆောင်ပြန်လည်ပေးအပ်ခဲ့ပါသည်။

ဂျပန်နိုင်ငံ ဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားတွင် ဂုဏ်ပြုအမှာစကားပြောကြားရာ၌ “မြန်မာနိုင်ငံတွင် သမိုင်းအစဉ်အလာ ရှည်ကြာခဲ့သော မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် ဂျပန်ကုမ္ပဏီများဖြစ်သည့် KDDI ၊ Sumitomo ကော်ပိုရေးရှင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာပြည်သူများအတွက် စိတ်ချမ်းမြေ့ဖွယ် ဆက်သွယ်ရေးလူမှုဝန်းကျင်ကို ဖန်တီးပေးခြင်းပင်ဖြစ်၍ ချီးမွမ်းဂုဏ်ပြုထိုက်သော ဆောင်ရွက်မှုပင်ဖြစ်ပါကြောင်း၊ ဤ အရောင်းဆိုင်ကို ဖွင့်လှစ်လိုက်ခြင်းသည် မြန်မာနိုင်ငံ၏ တောက်ပသော ဆက်သွယ်ရေး အနာဂါတ်အတွက် ခိုင်မာသည့် ခြေလှမ်းသစ်တစ်ခုပင် ဖြစ်သည်ဟု ကျွနု်ပ်ယုံကြည်ပါကြောင်း” ပြောကြားသွားပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် KDDI ၊ Sumitomo တို့သည် ၂၀၁၄ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ စတင်၍ SIM Card များကို ရောင်းချပေးခဲ့ရာ ပထမလအတွင်း၌ SIM Card စုစုပေါင်း တစ်သန်းကျော်ကို ရောင်းချပေးခဲ့ပြီး ဖြစ်ပါသည်။ တစ်ပြိုင်နက်တည်းမှာပင် သုံးစွဲသူများကို လွယ်ကူအဆင်ပြေသော မိုဘိုင်းဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ ဆက်သွယ်ရေးစနစ် အရည်အသွေး မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။ သုံးစွဲသူများ စိတ်ကျေနပ်မှု ပိုမိုမြင့်မားလာစေရန်အတွက် တယ်လီဖုန်း ခေါ်ဆိုဝန်ဆောင်မှုဌာနကို ဖွင့်လှစ်တိုးချဲ့ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် Logo အသစ်နှင့် အမှတ်တံဆိပ်အသစ်ကို ၂၀၁၄ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့ မှ စတင်၍ ရုပ်မြင်သံကြားနှင့် မီဒီယာများ၌ ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။

အသစ်ဖွင့်လှစ်လိုက်သော အရောင်းဆိုင်သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဝန်ထမ်းများ ကိုယ်တိုင် ပြည်သူများသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးသည့် အရောင်းဆိုင်ပင်ဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သုံးစွဲသူများ၏ ထုတ်ကုန် စံချိန်စံညွှန်းဆိုင်ရာ မေးခွန်းများမှသည် စာချုပ်ဆိုင်ရာ မေးခွန်းများအထိ မေးခွန်းပေါင်းစုံကို ဂျပန်နိုင်ငံ၏ ကမ္ဘာ့အဆင့်အမြင့်ဆုံး အရည်အသွေးရှိ ဝန်ဆောင်မှုဖြင့် ဖြေကြားပေးသွားမည် ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် KDDI ၊ Sumitomo တို့သည် သုံးစွဲသူ ပြည်သူများ စိတ်ကျေနပ်မှု ပိုမိုတိုးမြှင့်လာစေရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး မြန်မာပြည်သူများ၏ လူနေမှုဘဝ မြင့်မားလာစေရေး၊ လုပ်ငန်းဆောင်တာများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် အထောက်အကူပြုရန် ဆက်လက်ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အရောင်းဆိုင် အချက်အလက်များ

  • ဆိုင်ဖွင့်မည့်နေ့ ။ ။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်
  • ဆိုင်အမည် ။ ။ ရန်ကုန်စာတိုက်ကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အရောင်းဆိုင်
  • တည်နေရာ ။ ။ ရန်ကုန်စာတိုက်ကြီး၊ ဗိုလ်အောင်ကျော်လမ်း နှင့် ကမ်းနားလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
  • အကျယ်အဝန်း ။ ။ ၁၇ စတုရန်းမီတာ
  • အော်ပရေတာ ။ ။ MPT (မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း)