MPT မှ အော်တိုတယ်လီဖုန်းလိုင်းများအား အဆင့်မြှင့်တင်ခြင်း နှင့် လိုင်းတိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေ

(ရန်ကုန်၊ စက်တင်ဘာလ ၂၉ ရက်၊ ၂၀၁၇) – MPT သည် မိုဘိုင်းလ်ဆက်သွယ်ရေး ၀န်ဆောင်မှုများ သာမက အော်တိုတယ်လီဖုန်းသုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သည့် အရည်အသွေးနှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် လက်ရှိအသုံးပြုနေသော TDM (Time Division Multiplex) အိတ်ချိန်းများကို မျိုးဆက်သစ် ကွန်ရက်နည်းပညာဖြစ်သော MSANs (Multi-Service Access Nodes) နောက်ဆုံးပေါ် ခေတ်မီအိတ်ချိန်းစက်များဖြင့် လဲလှယ်တပ်ဆင်လျက်ရှိပါသည်။

ပိုမိုမြန်ဆန်သည့် သတင်းအချက်အလက်များပေးစွမ်းနိုင်ရန်၊ ပိုမိုကောင်းမွန်သည့် ၀န်ဆောင်မှုအရည် အသွေးရရှိစေရန် နှင့် သုံးစွဲသူများ၏လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန်အတွက် ရည်ရွယ်၍ အော်တိုတယ်လီဖုန်းများ အဆင့်မြှင့်တင်ခြင်း နှင့် လိုင်းတိုးချဲ့ခြင်းလုပ်ငန်းများကို ၂၀၁၅ ခုနှစ်မှစ၍ လုပ်ဆောင်နေပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အိတ်ချိန်းပေါင်း (၄၀၀) ကျော်တွင် MSAN စက် အလုံးပေါင်း (၁၅၀၀) ကျော်ကို လဲလှယ်ဆောင်ရွက်သွား မည်ဖြစ်ကာ လာမည့် ၂၀၁၈ ခုနှစ် မတ်လအကုန်တွင် အိတ်ချိန်း (၁၈၀) ကျော်တွင် MSAN စက်အလုံးပေါင်း (၁၀၀၀)ကျော်အထိ လဲလှယ်တပ်ဆင် ပေးသွားမည်ဖြစ်ပါသည်။ ထိုသို့ခေတ်မီအိတ်ချိန်း စက်များနှင့် လဲလှယ်တပ်ဆင်ရာတွင် ဂဏန်း (၅)လုံးနှင့် (၆)လုံး ပါသည့် အော်တိုတယ်လီဖုန်းနံပါတ် များအား ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်း နံပါတ်အသစ်များသို့ ပြောင်းလဲတပ်ဆင် ပေးသွားမည်ဖြစ်ပါသည်။

MPT-KSGM Joint Operations မှ Chief Technical Officer ဖြစ်သူ Mr. Masahiro Tada က “ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို ပိုမိုကောင်းမွန်တဲ့ အရည်အသွေးနဲ့ ၀န်ဆောင်မှုတွေကို ပေးနိုင်ဖို့ အတွက် ခေတ်မီအိတ်ချိန်း (MSAN) စက်တွေနဲ့လဲလှယ် တပ်ဆင်နေခြင်းဖြစ်ပါတယ်။ နောက်ဆုံးပေါ် နည်းပညာစနစ်ကို အသုံးပြုထားတဲ့အတွက် ကွန်ရက်အရည်အသွေးတွေဟာဆိုရင် အရင်ကထက်ပိုမိုမြင့် တက်လာမှာဖြစ်ပါတယ်။ ဥပမာပြောရရင်- မူလက Copper အရှည် ၂ ကီလိုမီတာ ရှိတယ်ဆိုရင် ၁ ကီလိုမီတာအောက်မှာပဲ ထားထားတာဖြစ်တဲ့အတွက် လိုင်းပြတ်တာတွေ လျော့နည်းသွား မှာဖြစ်သလို ၀န်ဆောင်မှုအပိုင်းမှာလည်း ပိုမိုမြန်ဆန်စွာဖြင့် လုပ်ဆောင်ပေးနိုင်မှာဖြစ်တဲ့အပြင် နည်းပညာပိုင်း မှာလည်း သုံးစွဲသူလိုအပ်ချက်အလိုက် Fiber များအထ်ိချိတ်ဆက်သုံးစွဲလာနိုင်မှာ ဖြစ်ပါ တယ်”ဟုပြောကြားခဲ့ပါသည်။

အော်တိုတယ်လီဖုန်းသုံးစွဲသူများအနေဖြင့် နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ် ကာလအတွင်းတွင် MPT မှ မိမိတို့၏ ၀န်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှု အဆင်ပြေစေရန် Call Forward ၀န်ဆောင်မှုကိုလည်း အခမဲ့ဆောင်ရွက်ပေးထားပါသောကြောင့် သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် သို့မဟုတ် နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။

အော်တိုတယ်လီဖုန်းလိုင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို မေးမြန်းနိုင်ရန်အတွက် MPT Call Center နံပါတ်ဖြစ်သည့် ၁၀၆ သို့ ခေါ်ဆိုပြီး လိုင်းနှင့်ပတ်သက်သည့် အခက်အခဲများကို ခေါ်ဆို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သည့်အပြင် ၀၁-၂၃၉၉၁၀၆ သို့လည်း တိုက်ရိုက်ခေါ်ဆိုမေးမြန်းနိုင် မည်ဖြစ်ပါသည်။ ထို့အပြင် သက်ဆိုင်ရာ အိတ်ချိန်းနယ်မြေများအလိုက် ၁၀၂ သို့လည်းဆက်သွယ် ခေါ်ဆို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

MPT သည် သုံးစွဲသူမိဘပြည်သူများအတွက် အရည်အသွေးကောင်းမွန်ပြီး စိတ်ချယုံကြည်ရသည့် ၀န်ဆောင်မှုများကို အစဉ်အမြဲဆောင်ရွက်ပေးလျက်ရှိရာ အော်တိုတယ်လီဖုန်းလိုင်းများသာမက၊ အခြားဝန်ဆောင်မှုများဖြစ်သည့် မိုဘိုင်းလ်ဝန်ဆောင်မှုများ၊ အင်တာနက်ဝန်ဆောင်မှုများ၊ ထပ်ဆောင်း ၀န်ဆောင်မှုများ၊ ပရိုမိုးရှင်း အစီအစဉ်များ နှင့် စီးပွားရေးလုပ်ငန်းသုံး ၀န်ဆောင်မှုများကိုလည်း သုံးစွဲ သူများထံသို့ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။ “ရှေ့သို့လှမ်းချီမြန်မာပြည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း မြန်မာ့ဆက်သွယ်ရေးကဏ္ဍအတွက် MPT မှ KSGM နှင့်အတူ တက်ညီလက်ညီဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပိုမိုတိုးတက်ကျယ်ပြန့်လာစေရန်အတွက် အရှိန်အဟုန်ပြင်းစွာဖြင့် ရှေ့သို့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်း အသက်သာဆုံးနှုန်းထား အစီအစဉ်သစ်ဖြင့် ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းနှင့် ဒေတာအသုံးပြုခြင်းများကို လာမည့်လမှ စတင်၍ စတင်အသုံးပြုနိုင်တော့မည်အကြောင်း MPT က ထုတ်ဖော်

(ရန်ကုန်၊ ၂၇၊ စက်တင်ဘာ၊ ၂၀၁၇ ခုနှစ်) – MPT မှ မြန်မာနိုင်ငံတစ်ဝန်းရှိ သန်းပေါင်းများစွာသော သုံးစွဲသူများကို ကျေးဇူးတုံ့ ပြန်သည့်အနေဖြင့် MPTအချင်းချင်း ဖုန်းခေါ်ဆိုခြင်း ၊ MPT မှ အခြား ဆက်သွယ်ရေးအော်ပရေတာများသို့ ဖုန်းခေါ်ဆိုခြင်းများအပြင် စာတို (SMS) ပေးပို့ခြင်းနှင့် အင်တာနက် အသုံးပြုခများကို မြန်မာနိုင်ငံအတွင်း အသက်သာဆုံးနှုန်းထားများဖြင့် ပြောင်းလဲလုပ်ဆောင်သွားမည့် စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်သစ်တစ်ရပ်ကို လာမည့် အောက်တိုဘာလအတွင်း စတင်မိတ်ဆက်သွားမည် ဖြစ်ပါသည်။ Continue reading “ မြန်မာနိုင်ငံတွင်း အသက်သာဆုံးနှုန်းထား အစီအစဉ်သစ်ဖြင့် ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းနှင့် ဒေတာအသုံးပြုခြင်းများကို လာမည့်လမှ စတင်၍ စတင်အသုံးပြုနိုင်တော့မည်အကြောင်း MPT က ထုတ်ဖော်”

MPT က Ookla ၏ မြန်မာ့အမြန်ဆုံး မိုဘိုင်းလ်ကွန်ရက်ဆု ကို ၂၀၁၇ ခုနှစ်အတွင်း ထပ်မံသတ်မှတ်ခြင်းခံရ

(ရန်ကုန်၊ ၂၆ စက်တင်ဘာလ ၂၀၁၇) – မြန်မာနိုင်ငံ၏ အကြီးမားဆုံး တယ်လီကွန်းဆက်သွယ်ရေးကုမ္ပဏီ MPT သည် ကွန်ရက်စွမ်းဆောင်ရည်အတွက် “မြန်မာ့အမြန်ဆုံး မိုဘိုင်းလ်ကွန်ရက်” အဖြစ် တရားဝင်အသိအမှတ် ပြုခြင်း ခံရပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်လိုက်သည်။ ကမ္ဘာ့ထိပ်တန်းမှ ဦးဆောင်လျက်ရှိသော Ookla ၏ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ မှ ဇွန်လအတွင်း အင်တာနက်အမြန်နှုန်း စမ်းသပ်ထားသည့် စစ်ဆေးချက်သုတေသန အချက်အလက်များပေါ်မူတည်၍ အကဲဖြတ်ရွေးချယ်ရာမှ ယခုလို သတ်မှတ် ခံရခြင်းလည်းဖြစ်သည်။

အင်တာနက်အမြန်နှုန်းစစ်ဆေးမှုများတွင် ကမ္ဘာ့ထိပ်တန်းမှ ဦးဆောင်လျက်ရှိသော လွတ်လပ်သည့် နိုင်ငံတကာ နည်းပညာအဖွဲ့အစည်းဖြစ်သည့် Ookla က အော်ပရေတာတစ်ခုချင်းစီ၏ Download နှင့် Upload အမြန်နှုန်းများအပေါ် တိုင်းတာသတ်မှတ်ပြီး ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ MPT အနေဖြင့် အမြင့်မားဆုံးသော မြန်နှုန်း ပမာဏအဖြစ် (11.45) ရရှိကာ ယင်းမှာ LTE နည်းပညာအထိ အသုံးပြုနိုင်သော စမတ်ဖုန်းများအတွက် Download နှင့် Upload အမြန်နှုန်းများကိုုစုပေါင်းပြီး မျှခြေရယူထားသည့်ပမာဏဖြစ်ကာ နိုင်ငံအတွင်းရှိ အော်ပရေတာများအကြားတွင် တိုင်းတာမှုပြုလုပ်ပြီးနောက် ယခုလို ရရှိခဲ့ခြင်းဖြစ်ပါသည်။

MPT-KGSM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ယခုလို ဆုရရှိခဲ့ခြင်းမှာ MPTအနေဖြင့် နိုင်ငံတစ်ဝန်း ကွန်ရက်ဖြန့်ကျက်ခြင်းကို ပိုမိုတိုးတက် ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်ထားခြင်း၏ သက်သေတစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ “ကွန်ရက်စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး လွတ်လပ်သောထိပ်တန်းနည်းပညာအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Ookla ရဲ့ဆန်းစစ်ချက်အရ
မြန်မာနိုင်ငံရဲ့ အမြန်ဆုံးမိုဘိုင်းလ်ကွန်ရက်ဆုကို အခုလို ရရှိခဲ့တဲ့အတွက် ကျွန်တော့အနေနဲ့ အထူးပဲ ဂုဏ်ယူမိပါတယ်။ ဒီရလဒ်ဟာ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် အကောင်းဆုံး အတွေ့အကြုံတွေနဲ့ ၀န်ဆောင်မှုတွေကို ပေးစွမ်းနိုင်ဖို့အတွက် MPTအဖွဲ့တွေရဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ကွန်ရက်အခြေခံအဆောက်အအုံအဆင့်မြှင့်တင်မှုတွေနဲ့ ကွန်ရက်အခြေခံအဆောက်အအုံ တိုးချဲ့မှုတွေကို မနားမနေပြင်းပြင်းထန်ထန် ကြိုးစားလုပ်ဆောင်မှုတွေဆီကနေ ရရှိလာတဲ့ ရလဒ်ပဲဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

Ookla အဖွဲ့အစည်းမှ ယခုချီးမြှင့်သောဆုသည် MPT အတွက် တစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက် ရရှိခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် တတိယနှင့် စတုတ္ထ သုံးလပတ် (Q3 နှင့် Q4) ကာလအတွင်းကလည်း အကြီးမားဆုံး 3G ကွန်ရက်ပေါ်တွင် တိုင်းတာစစ်ဆေးချက်များအရ မြန်မာနိုင်ငံတွင် အမြန်ဆုံးမိုဘိုင်းလ်ကွန်ရက် ၀န်ဆောင်မှုအတွက် ဆုရရှိခဲ့ပြီး ဖြစ်ပါသည်။

MPT အနေဖြင့် ပြည်တွင်း ဆက်သွယ်ရေးနယ်ပယ်အတွင်း အမြင့်ဆုံးအဖြစ် Download အမြန်နှုန်း 75Mbps မှ 150Mbp အထိရရှိနိုင်သော လှိုင်းနှုန်းစဉ် 1.8 GHz တွင် အသုံးပြုထားသည့် ၎င်းတို့၏ အနာဂတ်မျိုးဆက် LTE+ ကွန်ရက်ကို လျင်လျင်မြန်မြန်နှင့် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်နိုင်ခဲ့ပြီး မြန်နှုန်းမြင့်အင်တာနက်ကို ယခုအချိန်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့ကြီး (၂၉) မြို့အပါအဝင် မြို့နယ် (၇၉) မြို့နယ်တို့တွင် ရရှိအသုံးပြုနေနိုင်ပြီဖြစ်ပါသည်။

သုံးစွဲသူဗဟိုပြုစမ်းသပ်မှု မှတ်တမ်းများမှာ သုံးစွဲသူများ၏ စစ်ဆေးအကဲဖြတ်မှု သန်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး သုံးစွဲသူများနှင့်လျော်ညီမှုရှိသည့် တိကျမှန်ကန်သော နည်းလမ်းကိုအသုံးပြုကာ သတင်းအချက်အလက်များကို အသေးစိတ်ဆန်းစစ်ပြီး ဆုံးဖြတ်မှတ်တမ်းတင်ခြင်းဖြင့် ကမ္ဘာအနှံ့ရှိ အမြန်ဆုံးသော လိုင်းဖုန်းနှင့်မိုဘိုင်းဖုန်းကွန်ရက်များကို စစ်ဆေးအကဲဖြတ်ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်နေသော လုပ်ငန်းကြီးများအားလုံးသည်လည်း သုံးစွဲသူဗဟိုပြု စမ်းသပ်မှုမှတ်တမ်းတွင် ပါဝင်နေကာ နိုင်ငံတစ်ဝန်းတွင်ပြုလုပ်ခဲ့သော ပမာဏအလွန်များပြားသည့် တိကျသေချာသော စမ်းသပ်မှုများမှတစ်ဆင့် “မြန်မာ့အမြန်ဆုံးမိုဘိုင်းလ်ကွန်ရက်” ဆုအတွက် ယခုလို ထောက်ပံ့ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် မြန်မာနိုင်ငံအတွင်းတွင်ပြုလုပ်ခဲ့သည့် ဆက်သွယ်ရေး အော်ပရေတာများ၏ အမြန်နှုန်းတိုင်းတာမှု အဆင့်များကို http://www.speedtest.net/awards/mm/carrier/2017 တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ပါ သည်။

MPT ၏ ဒေတာအစီအစဉ်သစ်ကြောင့် သုံးစွဲသူများအတွက် အသုံးပြုရန် ကျန်ရှိနေသည့် ဒေတာများဆုံးရှုံးတော့မည်မဟုတ်

(ရန်ကုန်၊ ၂၀၁၇၊ စက်တင်ဘာ ၁၈) – စက်တင်ဘာလ (၁၈)ရက်မတိုင်မီအထိ MPT အသုံးပြုသူများအနေနှင့် ၎င်းတို့ ဝယ်ယူထားသည့် အင်တာနက်ဒေတာများ အသုံးပြု၍မကုန်မီ သုံးစွဲနိုင်သည့် သက်တမ်းကာလ ကုန်သွားကာ ရရှိထားသည့်ဒေတာပမာဏကို ဆုံးရှုံးရသည့်အခြေအနေများနှင့် တွေ့ကြုံခဲ့ကြရခြင်းများရှိပါသည်။ အထက်ပါ အခြေအနေများကို ဖြေရှင်းနိုင်ရန်နှင့် MPT သုံးစွဲသူများအတွက် မြန်မာ့အမြန်ဆုံး ကွန်ရက်မှတစ်ဆင့် အင်တာနက်ကို အချိန်ပိုမိုရယူပြီး ဆက်လက်အသုံးပြုနိုင်ရန် MPT မှ လစဉ်သုံး အင်တာနက်ဒေတာ အစီအစဉ်သစ်ကို စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါသည်။ ၎င်းအစီအစဉ်သစ်တွင် အသုံးမပြုရသေးဘဲ ကျန်ရှိနေသည့် ဒေတာများကို နောက်လများသို့ အလွယ်တကူ သယ်ဆောင် သွားနိုင်မည် ဖြစ်ပါသည်။

ယခုအစီအစဉ်သစ်ကြောင့် MPT မှ အင်တာနက်ဒေတာ ဝယ်ယူသုံးစွဲနေကြသူများအနေဖြင့် ၎င်းတို့နှစ်သက်သည့် လူမှုကွန်ရက်မီဒီယာများအသုံးပြုခြင်း၊ မိတ်ဆွေများနှင့် မိသားစုများနှင့် အဆက်အသွယ်မပြတ် ချိတ်ဆက်နိုင်ခြင်း၊ ဂိမ်းနှင့် အွန်လိုင်းဗီဒီယိုများ ကြည့်ရှုခြင်းတို့ကို ဆောင်ရွက်ရန်အတွက် လကုန်သည််အထိ အသုံးပြုနိုင်ရန် ပေးချေထားပြီးဖြစ်သော ဒေတာပမာဏကို ဆုံးရှုံးစရာ မလိုတော့ဘဲ ဆက်လက်အသုံးပြုနိုင်တော့မည်ဖြစ်သည်။

MPT-KGSM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “MPT အနေနဲ့ အလျင်မြန်ဆုံး အင်တာနက်ကွန်ရက်ဖြစ်တဲ့ LTE+ ကို မြန်မာနိုင်ငံမှာစပြီး မိတ်ဆက်ချိန်ကစပြီး တစ်နိုင်ငံလုံးမှာရှိနေကြတဲ့ သုံးစွဲသူတွေရဲ့ အင်တာနက်ဒေတာ အသုံးပြုမှုနှုန်းထားဟာ တရှိန်ထိုးမြင့်တက် လာတာကို မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ အခု မိတ်ဆက်ပေးလိုက်တဲ့ အစီစဉ်ကြောင့် ဒေတာကို အထူးအသုံးပြု လိုသူတွေ အတွက် ရွေးချယ်စရာတွေပိုပြီး များပြားလာမှာစေမှာဖြစ်တဲ့အပြင် စဉ်ဆက်မပြတ် တိုးချဲ့နေတဲ့ ကျွန်တော်တို့ရဲ့ ကွန်ရက်ပေါ်က အသုံးပြုသူတွေအနေနဲ့ အင်တာနက်ကို အချိန်ကြာကြာပိုပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ MPTရဲ့ကွန်ရက်ကို ဆက်လက်အသုံးပြုနိုင်စေရေးနဲ့ အကောင်းဆုံး အင်တာနက် အရည်အသွေးကို ရရှိနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ စိတ်ရောကိုယ်ပါ အစွမ်းကုန် မြှုပ်နှံပြီး လုပ်ဆောင်ပေးနေပါတယ်” ဟု ပြောကြားသည်။

MPT အသုံးပြုသူများအနေဖြင့် လက်ရှိအသုံးပြုနေသော ဒေတာပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားပြီးသည့် နောက်ပိုင်းမှ (၇)ရက်အထိ ဒေတာကယ်ရီပက်ကေ့ချ်အသစ်အား အလွယ်တကူ ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ ဝယ်ယူပြီးသည့်ေနောက် ကျန်ရှိနေသည့် လက်ကျန်ဒေတာ ပမာဏများမှာ အသစ်ဝယ်ယူ လိုက်သည့် ဒေတာပက်ကေ့ချ်တွင် အလိုအလျောက် ထပ်ပေါင်းသွားမည်ဖြစ်ကာ နောက်ထပ် ရက်ပေါင်း (၃၀)အထိ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။ အသုံးပြုသူများအတွက် ဒေတာပက်ကေ့ချ်ကို အနိမ့်ဆုံးနှုန်းထား ၆၉၉ ကျပ်မှ စတင်ကာ ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

MPT ၏ ဆွေသဟာနှင့် ရှယ်ပြောအစီအစဉ်ကိုရယူထားသည့် GSM/WCDMA ကွန်ရက်စနစ်သုံး မိုဘိုင်းဖုန်းများ အားလုံးအတွက် ယခုလို ဒေတာကယ်ရီ အစီအစဉ်ဖြင့် ကျန်ရှိသည့် လက်ကျန်ဒေတာကို သယ်ဆောင်သွားခြင်း အတွက် မည်သည့် ထပ်ဆောင်းကုန်ကျမှုမျှမရှိဘဲ ဆောင်ရွက်နိုင်မည့်အပြင် သုံးစွဲများအနေဖြင့် မိမိတို့ အသုံးပြု လိုသည့် သတ်မှတ်ထားသော ဒေတာပမာဏအလျောက်သာ ငွေပေးချေရမည် ဖြစ်သည်။

ဒေတာကယ်ရီပက်ကေ့ချ်ကို အသုံးပြုလိုပါက *777# သို့ခေါ်ဆိုပြီး ပက်ကေ့ချ်ကို ရယူနိုင်မည်ဖြစ်ပါသည်။ ဒေတာပက်ကေ့ချ်နှင့် ပတ်သက်၍ သတ်မှတ်ချက်များအားလုံးမှာ ယခင်က ထုတ်လုပ်ခဲ့ဖူးသော ဒေတာအစီအစဉ်များအတိုင်း တူညီသည့်စည်းမျဉ်းများအတိုင်းဖြစ်ကာ LET+ ကွန်ရက် အသုံးပြုနေသူများ အပါအဝင် MPT ၏ ကြိုတင်ငွေဖြည့်သွင်းသည့်စနစ် နှင့် အသုံးပြုပြီးမှငွေပေးချေသည့် စနစ်ကို အသုံးပြုနေကြသော GSM/CDMA သုံးစွဲသူများအားလုံး အကျံုးဝင်မည်ဖြစ်သည်။ လက်ကျန်ဒေတာများကို စစ်ဆေးလိုပါက 1331 သို့ BAL ဟု ပေးပို့ခြင်း (သို့) *224# သို့ ဖုန်းခေါ်ဆိုခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

ပက်ကေ့ချ်အမည် ရရှိမည့်ဒေတာပမာဏအသုံးပြုနိုင်သည့်ကာဘဒေတာထိန်းသိမ်းထားနိုင်မည့်အချိန်နှုန်း (ကျပ်)

ကုန်သွယ်ခွန် ၅% ပါဝင်ပြီး

ရယူခြင်း
Direct USSDUSSD
ဒေတာကယ်ရီ 350MB350 MBရက် ၃၀သက်တမ်းကုန်ဆုံးပြီး

နောက် (၇)ရက်အတွင်း

 

 

၆၉၉*777*1# 

 

*777#

ဒေတာကယ်ရီ 650MB650 MBရက် ၃၀၉၉၉*777*2#
ဒေတာကယ်ရီ 2GB2,048 MBရက် ၃၀၂,၉၉၉*777*3#
ဒေတာကယ်ရီ 3.5GB3,584 MBရက် ၃၀၄,၉၉၉*777*4#
ဒေတာကယ်ရီ 7GB7,168 MBရက် ၃၀၉,၉၉၉*777*5#
ဒေတာကယ်ရီ 15GB15,360 MBရက် ၃၀၁၉,၉၉၉*777*6#

MPT ၏ ဒေတာကယ်ရီပက်ကေ့ချ်အသစ် သို့မဟုတ် အခြားသောဝန်ဆောင်မှုအစီအစဉ်များနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက www.mpt.com.mm နှင့် www.facebook.com/mptofficialpage တို့တွင် ဝင်ရောက်ကြည်ရှုနိုင်မည်ဖြစ်ပါသည်။

MPT က သက်ဝင်လှုပ်ရှားမှု ထည့်သွင်းထားသော မြန်မာမှုပြုထားသည့် Viber စတေကာကို မြန်မာနိုင်ငံတွင် ပထမဆုံး စတင်မိတ်ဆက်

(ရန်ကုန်၊ ၂၀၁၇၊ စက်တင်ဘာ ၁၄) MPT၏ အမှတ်တံဆိပ် ပြန်လည်ဆန်းသစ်ခြင်း (၃)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ကို ဂုဏ်ပြုသည့် အနေဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံးသော သက်ဝင်လှုပ်ရှားမှု ထည့်သွင်းထားသည့် Viber စတေကာကို MPT က ယနေ့မှစတင်ကာ ဖြန့်ချိလိုက်ပြီဖြစ်ပါသည်။ လှုပ်ရှားသက်ဝင်မှုရှိသည့် ထိုစတေကာတွင် နှစ်လိုဖွယ်ကောင်းသော မြန်မာအမျိုးသား မောင်ပီတိ၊ သနပ်ခါးပါးကွက်ကြား လိမ်းခြယ်ထားသော မြန်မာအမျိုးသမီး မပုတုတို့၏ လှုပ်ရှားမှုပုံရိပ်များကို စတေကာလေးများအဖြစ် ထည့်သွင်းဖန်တီးထားပြီး မိမိတို့၏ နေ့စဉ်ဆက်သွယ်ပြောကြားမှုများတွင် ထိုစတေကာများ ထည့်သွင်းအသုံးပြုခြင်းဖြင့် သာယာကြည်နှုးပျော်ရွှင်ဖွယ် အရောင်အသွေးစုံ နည်းလမ်းများဖြင့် ခံစားချက်များကို မျှဝေပြောဆို နိုင်တော့မည်ဖြစ်သည်။

စတေကာ၏ အဓိကဇာတ်ကောင်များဖြစ်ကြသည့် မောင်ပီတိနှင့် မပုတုတို့ကို အချိန်ကြာမြင့်စွာခင်မင်ခဲ့ကြသည့် သူငယ်ချင်းကောင်းသံယောဇဉ်ရှိသူ ချစ်သူများအဖြစ် ဖန်တီးပုံဖော်ရေးဆွဲပေးထားသည်။ ၄င်းတို့နှစ်ဦးစလုံးမှာ မြန်မာနိုင်ငံမှ လူငယ်များ၏ အသွင်အတိုင်း ပုံဖော်ထားခြင်းဖြစ်ပြီး အစားကောင်း ကြိုက်တတ်သူများ၊ ညဘက်လျှောက်လည်ခြင်းကို နှစ်သက်သူများအတွက် ၎င်းတို့၏ ပျော်ရွင်မှု၊ စိတ်ခံစားမှုများကို မြန်မာ နိုင်ငံအတွင်း ရေပန်းစားနေသည့် ဘန်းစကားများဖြင့် ကိုယ်စားပြုနိုင်မည်ဖြစ်ပါသည်။ စတေကာများကို နေ့စဉ်သုံးစကားများ၊ နားရည်ဝနေသည့် စကားလုံးများနှင့် လူကြိုက်များသော အသုံးအနှုန်းများဖြင့် ရေးဆွဲဖန်တီးထားခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ရေပန်းအစားဆုံး ထိပ်တန်းလူမှုကွန်ရက်မီဒီယာ အက်ပလီကေးရှင်းဖြစ်သော Viber တွင် ယခု ဒီဇိုင်းအသစ်နှင့် သက်ဝင်လှုပ်ရှားမှုရှိသည့် ပြည်တွင်းဇာတ်ကောင် စတေကာများကို နိုင်ငံတစ်ဝှမ်း ကျေးလက်နှှင့် မြို့ပြဒေသရှိ လူငယ်များအကြား ဆွဲဆောင်နိုင်ရန် ရည်ရွယ်ထုတ်လုပ်လိုက်ခြင်းဖြစ်ပါသည်။ အသုံးပြုသူများ အနေနှင့် စတေကာများကြောင့် စကားပြောဆိုဆက်သွယ်ရာတွင် စိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ရာများ ရရှိမည့်အပြင် Viber ရှိ MPT ၏ Public Chat ကို စောင့်ကြည့်ကြသူ (Followers) များ အတွက်လည်း မြန်မာ့ဦးဆောင်ဆက်သွယ်ရေး မိုဘိုင်းလ်အော်ပရေတာဖြစ်သည့် MPT၏ အရေးကြီးထုတ်ပြန်ချက်များ၊ နောက်ဆုံးပေါ် ပရိုမိုးရှင်း အကြောင်းအရာနှင့် အချက်အလက်များကို အချိန်နှင့် တပြေးညီ လက်ခံ ရရှိနိုင်တော့မည်ဖြစ်ပါသည်။ ထို့အပြင် ယခု Viber စတေကာအသစ်ကို ဒေါင်းလုတ်ပြုလုပ်လိုက် ခြင်းဖြင့် MPT ၏ Viber အကောင့်တွင်အလိုအလျောက် ပါဝင်သွားမည်ဖြစ်ကာ သတင်းအချက်အလက်များကိုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “မြန်မာနိုင်ငံရဲ့ ပထမဆုံး သက်ဝင်လှုပ်ရှားမှုရှိတဲ့ စတေကာတစ်ခုဖြစ်တဲ့ ဒီ Viber စတေကာလေးတွေက လူမှုမီဒီယာပေါ်မှာ စိတ်လှုပ်ရှားဖွယ်ရာ ခံစားချက်တွေကို ဖော်ပြတဲ့အခါမျိုးမှာ ပြည်တွင်းက လူငယ်တွေအကြား ရေပန်စားလာ လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ စတေကာတွေရဲ့ ဆွဲဆောင်မှု ရှိတဲ့ ပြည်တွင်းဇာတ်ကောင်လေး တွေကို မြင်တွေ့ရတာနဲ့အတူ သုံးစွဲသူတွေဟာ MPT ရဲ့ များပြားလှတဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေရဲ့ အသုံးတည့်စေမယ့် အချက်အလက်တွေကိုပါ သိရှိနိုင်မှာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အလျင်မြန်ဆုံးနဲ့ အကျယ်ပြန့်ဆုံး ဆက်သွယ်ရေးကွန်ရက်ပေါ်ကနေတစ်ဆင့် ဒီစတေကာတွေကိုသုံးပြီး မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစု ဝင်တွေနဲ့အတူ စိတ်ခံစားမှုတွေကို ဝေမျှလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ် ”ဟု ပြောကြားသည်။

အသုံးပြုသူများအနေဖြင့် ချစ်စဖွယ်ကောင်းသော စတေကာ ၂၈ ခုအတွင်းက ကြိုက်နှစ်သက်ရာကို ရွေးချယ်ပြီး မိမိတို့၏ နေ့စဉ်ပြောဆိုဆက်သွယ်မှုများကို ပိုမိုဆန်းသစ်အောင် ဖော်ပြနိုင်မည်ဖြစ်ပါသည်။ အဆိုပါ စတေကာများကို Viber Sticker Market မှတစ်ဆင့် မည်သူမဆို အခမဲ့ ဒေါင်းလုတ် ရယူနိုင်သည်။ MPT၏ ဆွေသဟာ ရယူအသုံးပြုထားသည့် GSM/WCDMA အသုံးပြုသူများအနေနှင့် MPTကွန်ရက်ပေါ်မှ တစ်ဆင့် Viber အက်ပလီကေးရှင်းကို အသုံးပြုပါက ၁ မီဂါဘိုက်လျင် ၁ ကျပ်နှုန်းသာ ကျသင့်မည်ဖြစ်ပြီး ၂၄နာရီစာ၊ တစ်ပတ်စာနှင့် တစ်လစာ စသည့် ကြိုက်နှစ်သက်ရာ အစီအစဉ်ကို ရယူပြီး မိမိတို့နှစ်သက်သလို အသုံးပြုနိုင်မည် ဖြစ်ပါသည်။

Viber ၏ Head of Southeast Asia and South Asia ဖြစ်သူ Mr.Anubhav Nayyar က “ ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးအော်ပရေတာကြီးတစ်ခုဖြစ်တဲ့ MPT နဲ့အတူ အခုလို သက်ဝင်လှုပ်ရှား မှုပေးနိုင်တဲ့ မြန်မာမှုစတေကာကို မိတ်ဆက်ပြသနိုင်လို့ များစွာ ကျေနပ်ပီတိဖြစ်မိပါတယ်။ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်တဲ့ အဖွဲ့အနေနဲ့လည်း အခုလို ချစ်စရာကောင်းပြီး အမြင်တစ်မျိုးဆန်းစေတဲ့ မောင်ပီတိနဲ့ မပုတုလို စတေကာပုံစံတွေကို ထည့်သွင်းအသုံးပြုရတာကို တကယ်ပဲနှစ်ခြိုက်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာရှိနေတဲ့ Viberကို သုံးစွဲ နေသူတွေအတွက် ပိုုပြီးကောင်းမွန်တဲ့ အရည်အသွေးနဲ့ အမြဲထောက်ပံ့ ပေးထားနိုင်ဖို့အတွက်
ဆောင်ရွက်ချက်တစ်ခုလည်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

Viber ဗားရှင်း 5.3 အသုံးပြုထားသော အန်းဒရွိုက်စနစ်သုံး ထုတ်ကုန်များနှင့် Viber ဗားရှင်း 5.4 အသုံးပြု ထားသော iOS ထုတ်ကုန် သုံးစွဲသူများအတွက် စတေကာကို အသုံးပြုလိုက်သည်နှင့် စတေကာများ၏ လှုပ်ရှားသက်ဝင်မှုများကို ခံစားသိရှိနိုင်မည်ဖြစ်ပါသည်။ ထိုစတေကာများမှာ အခြားသော လှုပ်ရှားမှုရှိသည့် Viber စတေကာများကဲ့သို့ပင် စာပေးပို့စကားပြောစဉ် တစ်ကြိမ်သာ လှုပ်ရှား အလုပ်လုပ်မည်ဖြစ်သည်။ အသုံးပြုသူက စကားပြောဆိုနေသည့် မျက်နှာပြင်ပေါ်ရှိ စတေကာကို ထပ်မံနှိပ်လိုက်သည့် အခါမှသာ စတေကာ မှာ ထပ်မံလှုပ်ရှားသွားမည်ဖြစ်သည်။

မိုဘိုင်းလ်ဖုန်း သုံးစွဲသူများအနေဖြင့် အဆိုပါ စတေကာကိုအသုံးပြုရန်အတွက် စတေကာ၏ အမည်ဖြစ်သည့် “Have a lively chat with Mg Pi Ti & Ma Pu Tu!” ဖြင့် ရှာဖွေနိုင်မည်ဖြစ်သလို http://bit.ly/mpt_mm မှတစ်ဆင့် လည်း ရယူနိုင်မည် ဖြစ်ပါသည်။

MPT ၏ မြန်နှုန်းမြင့် LTE+ ကွန်ရက်ကို သာယာလှပသည့် ပြင်ဦးလွင်မြို့တွင် အသုံးပြုနိုင်ပြီ

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်) _ အေးမြသော ရာသီဥတု နှင့် သာယာလှပသော သဘာဝရှုခင်းများကြောင့် နာမည်ကျော်ကြားသော တောင်ပေါ်မြို့ လေးဖြစ်သည့် မန္တလေးတိုင်းဒေသကြီး အတွင်းမှ ပြင်ဦးလွင်မြို့ရှိ MPT အသုံးပြုသူများအတွက် အလွန်လျင်မြန်သည့် ဆက်သွယ်ရေးကွန်ရက်ဖြစ်သော မျိုးဆက်သစ် မြန်နှုန်းမြင့် LTE+ ကွန်ရက်ကို စတင် အသုံးပြုနိုင်ပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့်် MPTအနေဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာမှ လာရောက်လည်ပတ်သူများအတွက် အပန်းဖြေလည်ပတ်ရန် ကောင်းမွန်သော နေရာဒေသ တစ်ခုအဖြစ် နာမည်ကျော်ကြားသည့် ပြင်ဦးလွင်မြို့ရှိ တာဝါကွန်ရက် အဆင့်မြှင့်တင်မှုများကို အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်သည့်အတွက် သုံးစွဲသူများအနေဖြင့် မြန်မာနိုင်ငံ၏ အလျင်မြန်ဆုံးနှင့် အကျယ်ပြန့်ဆုံး ကွန်ရက် ပေါ်မှတစ်ဆင့် ပိုမိုမြန်ဆန်သည့် အင်တာနက်ကို ချိတ်ဆက်ပြီး အချက်အလက်များ ရယူနိုင်တော့မည် ဖြစ်ပါသည်။

MPT မှ ဒေတာအမြန်နှုန်း 150Mbps အထိထောက်ပ့ံပေးနိုင်ပြီး ဖုန်းခေါ်ဆိုမှုအရည်အသွေး ပိုမို ကောင်းမွန်စေမည့် 4×4 MIMO စနစ်သုံး နည်းပညာမြင့် LTE+ ကွန်ရက်စနစ်ကို ထောက်ပံ့နိုင်ရန်အတွက် နို်င်ငံတစ်ဝန်းရှိ တာဝါကွန်ရက်များကို မေလကပင် စတင်ကာ အဆင့်မြှင့်တင် ပြောင်းလဲခြင်းများ လုပ်ဆောင်ခဲ့ပါသည်။ လက်ရှိအချိန်တွင် ပြင်ဦးလွင်မြို့အပါအဝင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိ မြို့ကြီး (၂၉) မြို့အပါအဝင် မြို့ နယ် (၇၉) ခုအထိ ဖြန့်ကျက်ပြီးစီးပြီဖြစ်သည်။

MPT က ယင်းဒေသရှိသုံးစွဲသူများကို တန်ဖိုးထားသည့်အနေဖြင့် ယခုလနှောင်းပိုင်းတွင် ဒေသခံပြည်သူများအတွက် ပျော်ပွဲရွှင်ပွဲများပါဝင်သည့် ပွဲအခမ်းအနားများကို ကျင်းပပေးသွားမည်ဖြစ်ရာ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ ကျောက်တိုင်ကွင်း၊ ပြင်ဦးလွင် MPT စတိုးဆိုင်၊ မန္တလေး-လားရှိုး လမ်းတစ်လျှောက်နေရာအချို့၊ ဘူတာရုံလမ်းနှင့် လားရှိုးလမ်းထောင့် အပါအဝင် နေရာအချို့တွင် ကျင်းပရန် စီစဉ်ထားပါသည်။ အလားတူပင် စက်တင်ဘာ ၂၈ ရက်တွင်လည်း မြို့မစျေးအရှေ့၌ ကျင်းပမည်ဖြစ်ကာ အဆိုပါအခမ်းအနားများတွင် ဒေသခံများနှင့် လာရောက်လည်ပတ်သူများအတွက် ဆင်းမ်ကတ်လဲလှယ်ခြင်းများ၊ MPT ဆင်းမ်ကတ်သစ်များ၊ ငွေဖြည့်ကတ်များစသည်တို့ ရောင်းချခြင်းတို့အတွက် အထူးပရိုမိုးရှင်းများ ပေးအပ်ခြင်းနှင့် အခြားတန်ဖိုးကြီး လက်ဆောင်ပစ္စည်းများ ရရှိနိုုင်မည့် ပျော်ရွှင်ဖွယ် အစီအစဉ်များ ပါဝင်သွားမည်ဖြစ်ပါသည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် LTE+ ကွန်ရက်ကို မြန်မာနိုင်ငံရဲ့ အလှပဆုံးမြို့တွေထဲက တစ်ခုဖြစ်တဲ့ ပြင်ဦးလွင်မှာ တိုးချဲ့ဖြန့်ကျက်လိုက်နိုင်တဲ့အပေါ် ကျေနပ်ဝမ်းမြောက်မိပါတယ်။ အခုလို ကွန်ရက်တိုးချဲ့ လိုက်တဲ့အတွက် ဒေသခံနဲ့ လာရောက်လည်ပတ်တဲ့ သုံးစွဲသူတွေအနေနဲ့ မိုဘိုင်းလ်ဖုန်းခေါ်ဆိုမှုတွေကိုရော ဒေတာဝန်ဆောင်မှုတွေမှာပါ ပိုမိုလျင်မြန်တဲ့ ချိတ်ဆက်မှုတွေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရှိပြီးသား တာဝါကွန်ရက်တွေကို အဆင့်မြှင့်ခဲ့ရုံသာမက အခုလိုလှပတဲ့ ပြင်ဦးလွင်မြို့မှာ နေထိုင်သူတွေအဖို့ ဖုန်းခေါ်ဆိုတဲ့အခါ ပိုပြီးကောင်းမွန်စေဖို့အတွက် တာဝါကွန်ရက်ေတွေကိုပါ တိုးချဲ့ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုကွန်ရက်ချဲ့ထွင်မှုဟာ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ အရည်အသွေးမြင့်မားတဲ့ ဆက်သွယ်ရေးစနစ်ကို ဖော်ဆောင်ပေးမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ပြင်းပြတဲ့ဆန္ဒနဲ့ ဆောင်ရွက်ချက်တွေကို မီးမောင်းထိုးပြနေတာပဲ ဖြစ်ပါတယ်။ အခုလို ကွန်ရက်ချဲ့ထွင်မှုကြောင့် သုံးစွဲသူတွေအနေနဲ့ ကိုယ့်ရဲ့ မိတ်ဆွေတွေ၊ ချစ်ခင်နှစ်သက်သူတွေနဲ့ ဆက်သွယ်ရာမှာ ပိုမိုကောင်းမွန်စေတဲ့အပြင် များပြားလှတဲ့ အွန်လိုင်းက အချက်အလက်တွေနဲ့ ဝန်ဆောင်မှုတွေကို နိုင်ငံတစ်ဝန်းမှာသုံးနိုင်တဲ့ ကျွန်တော်တို့ရဲ့ ကွန်ရက်ပေါ်ကနေ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

MPT အနေဖြင့် နိုင်ငံတစ်ဝန်း ကွန်ရက်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဇူလိုင်လအစောပိုင်းကစတင်ကာ ဆက်တိုက်လုပ်ဆောင်နေပြီး မန္တလေးတိုင်းဒေသကြီးရှိ ပုသိမ်ကြီး၊ အမရပူရ၊ မြစ်ငယ်၊ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ တံတားဦး နှင့် ညောင်ဦးရှိ ဒေသခံများထံသို့ ပိုမိုလျင်မြန်သောဒေတာနှင့် ပိုမိုကောင်းမွန်သော ဖုန်းခေါ်ဆိုအရည်အသွေးများ ပါဝင်သည့် LTE+ ကွန်ရက်ကို ဖြန့်ကျက်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ ယခုအခါတွင်လည်း ပြင်ဦးလွင်မြို့ ရှိသုံးစွဲသူများအနေဖြင့် မြန်မာနိုင်ငံ၏ မြန်နှုန်းမြင့် မိုဘိုင်းလ်ကွန်ရက် ဝန်ဆောင်မှုကို အသုံးပြုနိုင်ပြီ ဖြစ်သည်။

MPT ၏ ခေါ်သူနားဆင် တေးသံစဉ် ဝန်ဆောင်မှု အစီအစဉ်တွင် မိမိကြိုက်နှစ်သက်ရာ တိုင်းရင်းသားတေးသီချင်းများစွာကို ကျယ်ပြန့်စွာ ရွေးချယ်ရယူနိုင်ပြီ

(ရန်ကုန်၊ ရ စက်တင်ဘာ၊ ၂၀၁၇) – မြန်မာနိုင်ငံအနှံ့အပြားတွင်နေထိုင်ကြသည့် ၂၅ သန်း ကျော်သော သုံးစွဲသူမိဘပြည်သူများ၏ စဉ်ဆက်မပြတ်အားပေးခဲ့မှုအပေါ် ကျေးဇူးတုံ့ပြန်သောအားဖြင့် တိုင်းရင်းသားတေး သီချင်းများစွာကို MPT ၏ ခေါ်သူနားဆင် တေးသံစဉ် (Caller Ring Back Tone) ဝန်ဆောင်မှုတွင် ရယူအသုံး ပြုနိုင်တော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ အသုံးပြုသူများအနေဖြင့် MPT ၏ ခေါ်သူနားဆင် တေးသံစဉ် ၀န်ဆောင်မှုကို ရယူလိုက်သည်နှင့် မိမိကြိုက်နှစ်သက်ရာ တိုင်းရင်းသားတေးသီချင်းသံစဉ်များကို မိမိဖုန်း၏တေးသံစဉ်အဖြစ် သင့်တင့်သော နှုန်းထားဖြင့် ရယူနိုင်မည်ဖြစ်သည်။

ပုံမှန်အားဖြင့် CRBT ဆိုသည်မှာ မိမိထံ ဖုန်းခေါ်ဆိုသူများကို မိမိဆီသို့ ခေါ်ဆိုနေစဉ်အတွင်း သီချင်းသံကို ဖုန်းမြည်သံအဖြစ် ကြားနိုင်အောင်ပြုလုပ်ပေးသည့် (ခေါ်သူနားဆင် တေးသံစဉ်) ဝန်ဆောင်မှုဖြစ်သည်။ မြန်မာနို်င်ငံ၏ အကြီးမားဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော MPT အနေဖြင့် CRBT ဝန်ဆောင်မှုစတင်စဉ်ကပင် တိုင်းရင်းသားသီချင်းများကို ထည့်သွင်းပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ တိုင်းရင်းသား သီချင်းအပုဒ်ရေများစွာကို ထပ်မံတိုးမြှင့် ထည့်သွင်းလိုက်ပြီဖြစ်သည့် အတွက် လက်ရှိပေးအပ်နေသည့် နိုင်ငံတကာ နှင့် ပြည်တွင်း သီချင်းထောင်ပေါင်းများစွာအပြင် သုံးစွဲသူများ အနေဖြင့် တိုင်းရင်းသားသီချင်း အပုဒ်ရေ ရာပေါင်းများစွာထဲမှ မိမိနှစ်သက်ရာကို ရွေးချယ်နိုင်မည်ဖြစ်သည်။ MPT ၏ CRBT ဝန်ဆောင်မှုသည် သုံးစွဲသူအကြိုက် ရွေးချယ်နိုင်မည့် မာလ်တီမီဒီယာ အတွေ့အကြုံကို ရရှိနိုင်အောင် ထောက်ပ့ံပေးထားပါသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်စုပေါင်း (၁၃၅) မျိုူးရှိပြီး တိုင်းရင်းသားလူမျိုးစုတစ်ခုချင်းစီ၌ ကိုယ်ပိုင်သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် ဘာသာစကား ကိုယ်စီရှိနေကြပါသည်။ နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ တိုင်းရင်းသား လူမျိုးစုများကို ကို်ယ်စားပြုနေပြီး ၎င်းတို့နှစ်သက်ရာ ရိုးရာတိုင်းရင်းသား တေးသီချင်းများကို MPT ၏ CRBT ဝန်ဆောင်မှုတွင် ထည့်သွင်းပေးခြင်းဖြင့် မိမိတို့နှစ်ခြိုက်သည့် တေးသီချင်းကို ရွေးချယ်နိုင်ပြီး မိမိတို့၏ ဂီတသံစဉ်ကို နားဆင်နိုင်မည်ဖြစ်သည်။

ယခု အသစ်မိတ်ဆက်လိုက်သည့် တိုင်းရင်းသားတေးသံစဉ် ထပ်ဆောင်းဝန်ဆောင်မှုကြောင့် အဓိကတိုင်းရင်းသားလူမျိုးစု (၇) ခုဖြစ်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်း အစရှိသော ဒေသများမှ MPT သုံးစွဲသည့် တိုင်းရင်းသားများ အနေဖြင့် စုံလင်လှသည့် တိုင်းရင်းသားအနုပညာရှင်များ၏ သီချင်းသံစဉ်များကို ရွေးချယ်ကာ မိမိဖုန်းတေးသံစဉ် အဖြစ်သတ်မှတ်ပြီး ဖုန်းခေါ်ဆိုသူများကို နားဆင် စေနိုင်မည်ဖြစ်ပါသည်။

MPT အနေဖြင့် သုံးစွဲသူများအား တိုင်းရင်းသားတေးသီချင်းများကို CRBT ဝန်ဆောင်မှုဖြင့် ပံ့ပိုးပေးနိုင်ရန် Crystal Shine ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ MPT ၏ တိုင်းရင်းသားတေးသီချင်းများရယူနိုင်မည့် ခေါ်သူနားဆင်တေးသံစဉ် CRBT အစီအစဉ်တွင် တိုင်းရင်းသား လူမျိုးများအကြားရေပန်းစားနေသည့် ကျေးလက်သီချင်းများ၊ ခေတ်ပေါ်သီချင်းများအပါအဝင် တိုင်းရင်းသား လူမျိုးများ၏ ရိုးရာသီချင်း အများအပြား ပါဝင်မည်ဖြစ်ပါသည်။

MPT- KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr.Reizo Umeda က “CRBT ဝန်ဆောင်မှုတွေအတွက် တောင်းဆိုမှုတွေဟာ မြန်မာနိုင်ငံရဲ့ အထင်ကရ မြို့တွေမှာသာမကဘဲ ကျန်တဲ့ဒေသတွေမှာပါ မြင့်တက်လာနေပါတယ်။ တိုင်းရင်းသားတေးသီချင်းများစွာကို သင့်တင့်တဲ့ နှုန်းထားတစ်ရပ် အနေနဲ့ ထောက်ပံ့ပေးထားတဲ့အတွက်ကြောင့် ကျွန်တော်တို့ သုံးစွဲသူတွေရဲ့ တောင်းဆိုချက်၊ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီး သုံးစွဲသူတွေကလည်း ကျွန်တော်တို့ရဲ့ CRBT ဝန်ဆောင်မှုကို ပိုမိုသုံးစွဲလာမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

MPT၏ GSM နှင့် WCDMA သုံးစွဲသူများအနေဖြင့် အဆိုပါဝန်ဆောင်မှုကို နေ့စဉ် နှင့် လစဉ် အစီအစဉ် ဟူ၍ ရွေးချယ်နိုင်မည်ဖြစ်သည်။ နေ့စဉ်အစီအစဉ် အတွက် တစ်ရက်လျင် ၄၇ ကျပ်သာ ကျသင့်မည်ဖြစ်ပြီး 7979 သို့ <REG D> ဟူ၍ စာတိုပေးပို့ကာ ရယူနိုင်မည်ဖြစ်သည်။ လစဉ်အစီအစဉ် အတွက် တစ်လလျင် ၁,၀၅၀ ကျပ်ဖြင့် 7979 သို့ <REG M> ဟူ၍ စာတိုပေးပို့ ရယူရမည်ဖြစ်သည်။ CRBT ဝန်ဆောင်မှုကို မှတ်ပုံတင်ပြီးသား သူများအနေဖြင့် 7979 သို့ <BUY> နှင့် သက်ဆိုင်ရာ ကုဒ်နံပါတ်ဖြစ်သည့် ဂဏန်း ၁၀ လုံးကိုထည့်ကာ စာတိုပေးပို့ပြီး မိမိနှစ်သက်ရာ တိုင်းရင်းသား တေးသံစဉ်များကို ဝယ်ယူနိုင်မည်ဖြစ်သည်။ ဥပမာအနေဖြင့် နာမည်ကျော် ကချင်အဆိုတော် မရန်ဆိုင်းနော်၏ မူဆိုင်းသီချင်းကို ဝယ်ယူလိုပါက 7979 သို့ BUY 1000005211 ဟု စာတိုပေးပို့နိုင်သည်။

အဆိုပါဝန်ဆောင်မှုကို အသုံးပြုရာတွင် နေ့စဉ် အစီအစဉ် နှင့် လစဉ်အစီအစဉ် အတွက် နေ့စဉ်ကြေး၊ လစဉ်ကြေး တို့အပြင် ဒေါင်းလုပ်ချသည့် သီချင်းတစ်ပုဒ်အတွက် ၃၁၅ ကျပ် ဖြည့်သွင်းရမည် ဖြစ်ပြီး အဆိုပါ ဝန်ဆောင်ခနှုန်းမှာ သီချင်းစတင် ဝယ်ယူချိန်မှစ၍ ရက်ပေါင်း ၃၀ အထိအကျုံးဝင်မည်ဖြစ်သည်။ နေ့စဉ်အစီအစဉ်ဖြင့် ခေါ်သူနားဆင် တေးသံစဉ် ဝန်ဆောင်မှု ကိုရယူထားသူများမှာ မိမိရယူသည့်နေ့၏ ည ၁၂ နာရီ တွင် ကုန်ဆုံးမည်ဖြစ်သည်။

MPT သုံးစွဲသူများအနေဖြင့် CRBT ဝန်ဆောင်မှုနှင့်ပတ်သက်ပြီး ပိုမိုသိရှိလိုပါက 106 သို့ ဖုန်းခေါ်ဆိုပြီး ဆက်သွယ်မေးမြန်းနိုင်ပါသည်။

MPT၏ စီးပွားရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းဌာန မှ Fixed Line ဝန်ဆောင်မှုများကို ဝန်ဆောင်မှုသဘောတူစာချုပ် စံနှုန်းအသစ်ဖြင့် ဝန်ဆောင်ပေးနေ

(ရန်ကုန်၊ စက်တင်ဘာ ၅ ရက်၊ ၂၀၁၇) – MPT ၏ စီးပွားရေးဆိုင်ရာ ၀န်ဆောင်မှုများကို အသုံးပြုနေကြသော လုပ်ငန်းရှင်သုံးစွဲသူ (B2B customers) များအနေနှင့် Fiber Internet, Leased Line and International Private Leased Circuit စသော ဝန်ဆောင်မှုများကို ပိုမိုစိတ်ချယုံကြည်စွာဖြင့် ဝန်ဆောင်မှုအသုံးပြုနိုင်ခြင်း၊ ၀န်ဆောင်မှုအတွက် ၉၉ ရာခိုင်နှုန်း ရရှိနိုင်ခြင်း နှင့် ပြန်အမ်းငွေအစီအစဉ် အာမခံချက် များပါ၀င်သည့် ၀န်ဆောင်မှုသဘောတူစာချုပ် (SLA) စံနှုန်းအသစ်ကို ရန်ကုန်တွင် စတင်ပြီး အသုံးပြုနို်င်တော့မည် ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ဆောင်မှုဆိုင်ရာသဘောတူစာချုပ်(SLA) ၀န်ဆောင်မှုကို အခမဲ့ ဝန်ဆောင်မှုပေးသွားမည်ဖြစ်သောကြောင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းများတွင် ၀န်ဆောင်မှု ပြတ်တောက်မှုကြောင့် စီးပွားရေးအခွင့်အလမ်းများကို ဆုုံးရှုံးမည်ကိုစိုးရိမ်ရန်မလိုဘဲ မိမိတို့၏ စီးပွားရေး လုပ်ငန်းရည်ရွယ်ချက်များကို အချိန် နှင့်တပြေးညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

“မြန်မာနိုင်ငံရဲ့ ထိပ်တန်းဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ MPT အနေနဲ့ ပြည်တွင်းက စီးပွားရေး လုပ်ငန်းတွေအဖို့ သူတို့လုပ်ငန်းတွေ ပိုမိုမြန်ဆန်ပြီး အကောင်းဆုံးလည်ပတ်နိုင်တဲ့ စွမ်းဆောင်ရည်ရရှိဖို့ စိတ်ချယုံကြည်ရတဲ့ လုပ်ငန်းသုံးဆက်သွယ်ရေးအစီအစဉ်ကောင်းတွေ လိုအပ်နေတယ်ဆိုတာကို နားလည်သိရှိထားပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ အသုံးပြုတဲ့ Fixed Line ဝန်ဆောင်မှုတွေအတွက် မြင့်မားတဲ့ ဝန်ဆောင်မှုစွမ်းရည်ရှိတဲ့ လုပ်ငန်းသုံးကွန်ရက်ကို အထောက်အပ့ံပေးထားတာနဲ့ အညီ ဝန်ဆောင်မှုသဘောတူစာချုပ်နဲ့ စနစ်တကျဆောင်ရွက်ထားတဲ့အတွက် ဒီစနစ်ကို အသုံးပြုနေတဲ့ MPTရဲ့ သုံးစွဲသူ မိတ်ဆွေတွေအတွက် သူတို့လုပ်ငန်းတွေကို တိုးချဲ့ဖို့နဲ့ တိုးတက်ဖို့ ကိစ္စတွေကို ရွေးချယ်စဉ်းစားတဲ့နေရာမှာ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေချမှတ်ဖို့ အထောက်အကူဖြစ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ဌာနက ကျွမ်းကျင်မှုအပြည့်ရှိတဲ့ ဝန်ဆောင်မှုပေးတဲ့အဖွဲ့ရဲ့ အကူအညီနဲ့အတူ အပိုကုန်ကျမှု လုံးဝမရှိစေရဘဲ အမြန်ဆုံးနဲ့ ဖြေရှင်းပေးသွားမှာဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr.Reizo Umeda ကပြောကြားပါသည်။

“ဒါ့အပြင် ဝန်ဆောင်မှုတွေအတွက် ပေးထားတဲ့ ကတိကဝတ်တွေနဲ့အညီ ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေ အတွက် ထိရောက်တဲ့ အတွေ့အကြံုတွေရရှိနိုင်စေဖို့ကို ရည်ရွယ်ထားတာဖြစ်လို့ စီးပွားရေးလုပ်ငန်းတွေအတွက် ဆက်သွယ်မှုကွန်ရက်နဲ့ဆိုင်တဲ့ ဝန်ဆောင်မှုတွေများစွာရဲ့ အကျိုးအမြတ်ကောင်းတွေကို ရရှိနိုင်မှာဖြစ်ပြီး လုပ်ငန်းသုံး သီးသန့်ကွန်ရက်စနစ်ကို အသုံးပြုပြီးတော့ စိတ်ကျေနပ်မှု ပိုပို ရရှိစေဖို့လည်း ကျွန်တော်တို့ ရည်ရွယ်ထား တာဖြစ်ပါတယ်”ဟု Mr.Reizo Umeda က ထပ်လောင်း ပြောကြားပါသည်။

လက်ရှိသုံးစွဲနေသူများအပြင် စတင်သုံးစွဲမည့်သူများအနေဖြင့် MPT ၏ စီးပွားရေးဆိုင်ရာ ၀န်ဆောင်မှု များကို အသုံးပြုခြင်းအတွက် မှတ်ပုံတင်ပေးသွင်းပြီးသွားပါက အလိုအလျောက် ပရီမီယံလုပ်ငန်း အသုံးပြု သူများစာရင်းတွင် ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ လိုင်းနှေးခြင်း၊ကွန်ရက်ကျဆင်းခြင်း ၊ ပြတ်တောက်ခြင်း ဖြစ်စဉ်များ၏ သဘောသဘာဝနှင့် ကြာချိန်အပေါ်မူတည်ပြီး ပြန်အမ်းငွေ အာမခံသော SLA ဝန်ဆောင်မှု ရရှိမည့် အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ပါသည်။

MPT သည် အသုံးပြုသူများကို နည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုစင်တာ (TSC) သို့ ဆက်သွယ်နိုင်ရန် ဝန်ဆောင်မှု ပေးထားပြီး မေးမြန်းမှုများနှင့် အကြံဉာဏ် တောင်းခံမှုများကို (၂၄)နာရီပတ်လုံး တယ်လီဖုန်း ဖြင့် ဖြေကြားပေးမည့် ၀န်ဆောင်မှု (TSC Hot Line ဖုန်းနံပါတ် + ၉၅-၁-၂၃၀၂၂၇၄, ၀၁-၂၃၀၀၄၄၄) (သို့မဟုတ်) တစ်နေရာတည်း၌ပင် အပြည့်အစုံအလျှင်အမြန် ပြန်လည် ဖြေကြားပေးမည့် စနစ်များကိုလည်း လုပ်ဆောင်ပေးထားမည်ဖြစ်ပါသည်။ ဤစနစ်သည် အသုံးပြုသူများ၏ ပြဿနာများကို ဖြေရှင်းပေးနိုင်ရန်နှင့် အင်တာနက်ဆက်သွယ်မှု ချောမွေ့စေရန်အတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှုအပြည့်ပေးသော စနစ်တစ်ခု ဖြစ်ပါသည်။

MPT၏ စီးပွားရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းဌာန ၏ Fixed Line ၀န်ဆောင်မှုများအတွက် သဘောတူစာချုပ် စံနှုန်းအသစ် ၀န်ဆောင်မှုဖြစ်သော (SAL) နှင့် ပြန်အမ်းငွေ အာမခံအစီအစဉ် အကြောင်းကို အသေးစိတ်ထပ်မံသိရှိလိုပါက B2B အရောင်းဌာန၏ Hot line နံပါတ် 0800 800 9990 (MPT အသုံးပြုသူများအတွက် အခမဲ့) (သို့မဟုတ်) ဖုန်းနံပါတ် + 95 9426000323 (အခြားအော်ပရေတာများ) (သို့မဟုတ်) [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

*MPT စီးပွားရေးလုပ်ငန်းသုံး သီးသန့်ဝန်ဆောင်မှုဆိုင်ရာ SLAအရ ပြန်အမ်းငွေနှင့် ချွင်းချက်အဖြစ် သတ်မှတ်နိုင်သော အချက်များသည် စာချုပ်ပါစည်းမျဉ်းနှင့် ကန့်သတ်ချက်များအတိုင်း ကိုက်ညီမှုရှိရမည်။