မန္တလေးတွင်ခေတ်မီအိတ်ချိန်းစက်များလဲလှယ်မည်ဖြစ်သဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအားပြောင်းလဲမည်

(ရန်ကုန်၊ နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၁၇) – MPT အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေးနှင့် ခေတ်မီ ဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များဖြင့် ပြောင်းလဲ တပ်ဆင်ပေးသွားမည် ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးအိတ်ချိန်း နှင့် စျေးချိုအိတ်ချိန်းများကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ခေတ်မီအိတ်ချိန်းစက်များ နှင့် ပြောင်းလဲတပ်ဆင်မည် ဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များလည်း အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။ Continue reading “ မန္တလေးတွင်ခေတ်မီအိတ်ချိန်းစက်များလဲလှယ်မည်ဖြစ်သဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအားပြောင်းလဲမည်”

MPT က နိုင်ငံတစ်ဝှမ်းရှိ မြို့ကြီး ၅၅ မြို့တွင် IP-VPN ဝန်ဆောင်မှုကို ထပ်မံတိုးချဲ့

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ- ၂၈ ရက်) – MPT က ထပ်မံချဲ့ထွင်လိုက်သည့် IP-VPN (Internet Protocol – Virtual Private Network) ဝန်ဆောင်မှုကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့ကြီး (၅၅) မြို့သို့ တိုးချဲ့လိုက်ပြီ ဖြစ်ကြောင်း ယနေ့ကြေညာလိုက်သည်။ IP-VPN ကို ယခင်ထက်ပိုမိုများပြားသည့် နေရာဒေသ အနှံ့အပြားတွင် အသုံးပြုနိုင်ခြင်းနှင့်အတူ MPT အနေဖြင့် ယခုအခါ ကျယ်ပြောသည့် အင်တာနက်ဆက်သွယ်မှုနှင့် ဝန်ဆောင်မှု များကို ထောက်ပံ့ပေးနိုင်နေပြီဖြစ်ပြီး သုံးစွဲသူအသစ်များနှင့် လက်ရှိသုံးစွဲနေသူများအတွက် ပိုမိုကျယ်ပြန့် ကောင်းမွန်သည့် အရည်အသွေးနှင့် လုပ်ငန်းဆောင်ရွက်မှုတို့ကို တစ်ပြိုင်နက် ရရှိစေမည် ဖြစ်ပါသည်။

ယခုလိုတိုးချဲ့မှုကြောင့် ပြည်နယ်နှင့်တိုင်း ဒေသများစွာသို့ ကွန်ရက်ချိတ်ဆက်မှု ပြုလုပ်လိုသော မြန်မာနိုင်ငံ အတွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ တိုးတက်မှုကို MPT က အကောင်းဆုံး ဖော်ဆောင်ပေးနိုင်မည်လည်း ဖြစ်သည်။ IP-VPN ဝန်ဆောင်မှုကို အသုံးပြုသည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ယခုအခါ လူသူရောက်ရှိရန် ခက်ခဲသည့် နေရာများနှင့် ယာယီစခန်း နေရာများကို ၎င်းတို့၏ Virtual Private Network များဖြင့် ချောမွေ့စွာ ဆက်သွယ်နိုင်ပြီ ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ အခုလို နိုင်ငံတစ်ဝန်းမှာရှိတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ််တွေမှာ ဝန်ဆောင်မှုကွန်ရက်ကို သိသိသာသာတိုးချဲ့နိုင်ခဲ့တဲ့ အတွက် အဲ့ဒီဒေသတွေမှာရှိတဲ့ ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုကို သုံးစွဲသူတွေအနေနဲ့ ပထဝီအနေအထား
ကန့်သတ်ချက်တွေ၊ ကွန်ရက်ချဲ့ထွင်ခြင်းအခက်အခဲတွေနဲ့ အချိန်အကန့်အသတ်တွေကို ကျော်လွန်နိုင်ပြီဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကမ္ဘာတစ်ဝန်း ဆက်သွယ်မှုတွေကို လုံခြုံစိတ်ချရတဲ့ IP-VPN တစ်ခုတည်းပေါ်မှာ ပေါင်းစပ်ပြီး အဆင့်မြှင့်တင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုဟာ သုံးစွဲသူတိုင်းရဲ့ လိုအပ်ချက်နဲ့အညီ လိုက်လျောညီထွေရှိအောင် အပြည့်အဝ ပြင်ဆင်ညှိနှိုင်းနိုင်တာကြောင့် စီးပွားရေးလုပ်ငန်း တိုးတက်မှုတွေအတွက် အရေးပါတဲ့ ဖြေရှင်းချက်တွေကို ထိထိရောက်ရောက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေအနေနဲ့ centralized purchasing strategy ကတစ်ဆင့် သူတို့ရဲ့ ကွန်ရက်တွေကို ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ဖို့အတွက် အဆင်သင့် ဖြစ်နေစေမှာဖြစ်ပါတယ်” ဟု ပြောကြားပါသည်။

လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်မှစတင်၍ MPT က နိုင်ငံတွင်း IP-VPN ဝန်ဆောင်မှုကို နယ်ပယ်ဒေသ တိုးမြှင့်ရရှိစေရန် ဆောင်ရွက်ပေးခဲ့ကာ ရိုးရှင်းသော ကွန်ရက်တည်ဆောက်ပုံနှင့် မြင့်မားသော လုံခြံုမှုအဆင့်အတန်းတို့ဖြင့် စျေးကွက်အတွင်း အသုံးပြုနေသည့် အငှားကွန်ရက်လိုင်းများထက် ပိုမိုချိုသာသောစျေးနှုန်းတို့ဖြင့် ဆောင်ရွက် ပေးခဲ့ပါသည်။ MPT က ပြီးခဲ့သည့်လ အတွင်းကပင် IP-VPN Global Connection ကို မိတ်ဆက်ပေးခဲ့ကာ ကျယ်ပြန်သည့်ကွန်ရက်ကို အသုံးပြုပြီး တည်ငြိမ်သည့် Multi-Protocol Label Switching (MPLS) ကိုအခြေခံကာ ပြောင်းလွယ်ပြင်လွယ်ရှိသော ကွန်ရက်တစ်ခုကို ထောက်ပံ့ပေးနိုင်မည့် လုပ်ဆောင်ချက် များနှင့်အတူ ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံရှိ၎င်းတို့၏ ရုံးလုပ်ငန်းများကို အခြား နိုင်ငံ (၁၀၀) ကျော်သို့ ချောမွေ့စွာ ဆက်သွယ်နိုင်ပြီ ဖြစ်ပါသည်။ အသုံးပြုသူများအတွက် ကိုယ်ပိုင်သီးသန့် ကွန်ရက်တစ်ခု ရယူရန်အတွက် ကုန်ကျစရိတ် လျော့ကျသွားခြင်း၊ တစ်နေရာတည်းတွင်ရောင်းချပေးနိုင်သဖြင့် အရှုပ်အရှင်းပိုမိုနည်းပါးသည့်အတွက် စီမံခန့်ခွဲရာတွင် ပိုမိုရိုးရှင်း လွယ်ကူခြင်း၊ ကွန်ရက်တစ်ခုတည်းတွင် ဒေတာကို သယ်ဆောင် အသုံးပြုနိုင်သောကြောင့် အသုံးစရိတ် ပိုမိုတွက်ချေကိုက်ခြင်း၊ စွမ်းဆောင်ရည်ကို စီမံမှုနှင့် သတင်းပေးပို့မှု ပိုမိုကောင်းမွန်ခြင်း စသော အကျိုးကျေးဇူးများကို ခံစားရမည်ဖြစ်ပါသည်။

ယခုထပ်မံတိုးချဲ့လိုက်သည့် IP-VPN ကွန်ရက်ဖြန့်ကျက်မှုတွင် မြစ်ကြီးနား၊ ကသာ၊ မုံရွာ၊ မကွေး၊ တောင်တွင်း ကြီး၊ ရေနံချောင်း၊ စစ်တွေ၊ သံတွဲ၊ နေပြည်တော်၊ တပ်ကုန်း၊ ပုသိမ်၊ ချောင်းသာ၊ ဟင်္သာတ၊ လပွတ္တာ၊ ရန်ကုန် လှည်းကူး၊ မန္တလေး၊ ပြင်ဦးလွင်၊ မြင်းခြံ၊ ကျောက်ဆည်၊ သာစည်၊ လားရှိုး၊ တောင်ကြီး၊ လွိုင်ကော်၊ ပဲခူး၊ ညောင်လေးပင်၊ သာယာဝတီ၊ မြဝတီ၊ ကျိုက်ထို၊ မော်လမြိုင်နှင့် ထားဝယ် အစရှိသည့် မြို့များရှိ စီးပွားရေး လုပ်ငန်းများ၊ အင်တာပရိုက်စ်လုပ်ငန်းစုများနှင့် အစိုးရအဖွဲ့အစည်းတို့သည် ၎င်းတို့၏ကွန်ရက်များကို လုံခြံုသည့် မိုဘိုင်းလ်အခြေခံ ဆက်သွယ်မှုမှတစ်ဆင့် ထပ်မံချဲ့ထွင်နိုင်မည် ဖြစ်ပါသည်။

MPT အနေဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် ဗန်းမော်၊ စစ်ကိုင်း၊ ကလေး၊ ပခုက္ကူ၊ ကျောက်ဖြူ ၊ ဥတ္တရသီရိမြို့သစ်၊ ဘိုကလေး၊ မအူပင်၊ မြောင်းမြ၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မိုးကုတ်၊ တံတားဦး၊ တာချီ လိတ် (အရှေ့)၊ မူဆယ် (မြောက်ပိုင်း)၊ အောင်ပန်း (တောင်ပိုင်း)၊ ကလော (တောင်ပိုင်း)၊ ညောင်ရွှေ (တောင်ပိုင်း)၊ တောင်ငူ (အရှေ့ပိုင်း)၊ ပြည် (အနောက်ပိုင်း)၊ ဘားအံနှင့် မြိတ်မြို့များကို ဖြန့်ကျက်သွားမည် ဖြစ်ပါသည်။

IP-VPN နည်းပညာသည် remote login နှင့် file access လုပ်ဆောင်ချက်ကို wide area network များတစ်လျှောက် ထောက်ပံ့ပေးပြီး သုံးစွဲသူများက လုံခြံုသော Mobile Remote Access Service ကိုသုံးခြင်းဖြင့် ၎င်းတို့၏ ဆက်သွယ်မှုများကို ကာကွယ်ထားနိုင်မည်ဖြစ်သည်။ MPT အနေဖြင့် Mobile Remote Access ကို IP-VPN ကွန်ရက်၏ လုံခြံုသော တိုက်ရိုက်ချိတ်ဆက်မှုဖြင့် ထောက်ပံ့ပေးခြင်းကြောင့် ATM ကွန်ရက်များ၊ ကုမ္ပဏီထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဲ့သို့သော နိုင်ငံတစ်ဝန်း ချိတ်ဆက်မှုကို မှီခိုအားထားရသည့် လုပ်ငန်းစဉ်များအတွက် သင့်လျော်ပါသည်။

MPT ၏ IP-VPN ဝန်ဆောင်မှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက [email protected] နှင့် ဝန်ဆောင်မှုစင်တာ 106 သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် MPT က သုံးစွဲသူများအတွက် ယခုလ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ရန်ကုန်မြို့ Novotel Yangon Max Hotel တွင် ကျင်းပမည့် Communicast Myanmar 2017 အခမ်းအနားတွင် MPT က ဆိုင်ခန်းများဖွင့်လှစ်ပေး ထားမည်ဖြစ်ပြီး သုံးစွဲသူများသိလိုသည့် အချက်အလက်များကို ဖြေကြားပေးသွားမည်ဖြစ်ပါသည်။

ဘောလုံးအားကစားပြိုင်ပွဲများတွင် မြန်မာလူငယ်များ ပိုမိုပါဝင်လာနိုင်ရေးမဟာဗျူဟာစီမံကိန်းအတွက် MPT နှင့် မြန်မာနေရှင်နယ်လိဂ် တို့ပူးပေါင်းဆောင်ရွက်

(ရန်ကုန်၊ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ ၂၅) – မြန်မာနိုင်ငံ၏ မျိုးဆက်သစ် လူငယ်ဘောလုံးသမားများ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်နိုင်ရန်နှင့် အားပေးကူညီထောက်ပံ့ပေးနိုင်ရန်အတွက် မြန်မာနေရှင်နယ်လိဂ် နှင့် MPT တို့ မဟာဗျူဟာစီမံကိန်းမိတ်ဖက် အဖြစ်ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ Novotel Hotel Max Yangon ၌ ယနေ့လက်မှတ်ရေးထိုး ခဲ့ကြပါသည်။

MNL လိဂ်-၁ နှင့် MNL လိဂ်-၂ များအပြင် အသက်အရွယ်လိုက်ကျင်းပသော လူငယ်အဆင့် ပြိုင်ပွဲများနှင့် General Aung San Shield ပြိုင်ပွဲများကို ဦးဆောင်ကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ် နှင့်MPT တို့သည် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ၃ နှစ်ကြာ ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်သွားမည်ဖြစ်ပြီး ” နိုင်ငံ၏ သည်းခြေကြိုက် အားကစား” ကို ရေရှည်အောင်မြင်တိုးတက်စေရေး အားပေးကူညီထောက်ပံ့ရန် နှင့် မြန်မာနိုင်ငံရှိ ကလေးငယ်များ နှင့် လူငယ်များအကြား ကျန်းမာသော လူနေမှုဘဝပုံစံတစ်ခု ဖြစ်ပေါ်လာရေးအတွက်အလေးထားတိုက်တွန်း ဆောင်ရွက်သွား မည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဆက်သွယ်ရေးအော်ပရေတာ MPT ၏ ပံ့ပိုး ကူညီမှုဖြင့် အသက် ၆ နှစ်မှ ၁၂ ထိ Grassroots Level ကလေးငယ်များအပြင် ယူ-၁၄ နှင့် တက္ကသိုလ်အဆင့် ပြိုင်ပွဲများအတွက် MPT မှ အခြေခံအဆင့်ဘောလုံးပြိုင်ပွဲများ အပါအဝင် အသက်အရွယ်အုပ်စုများအားလုံး ဘောလုံးလှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်လာဖို့အတွက်ကိုလည်း မြှင့်တင်ပေးဖို့အတွက် အဖွဲ့အစည်းနှစ်ခုစလုံးက ရည်ရွယ်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မြန်မာနေရှင်နယ်လိဂ် နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဌဖြစ်သူ ဦးဇော်ဇော်က “ ကျွန်တော်တို့နဲ့ အတူတူ စတင်လက်တွဲလုပ်ဆောင်သွားမယ့် MPT ရဲ့ ခိုင်မာတောင့်တင်းတဲ့ အထောက်အပံ့များအတွက် တကယ့်ကို နက်နက်ရှိုင်းရှိုင်းနဲ့ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းက မြန်မာဘောလုံးလောကဖွ့ံဖြိုးတိုးတက်မှုနဲ့အတူ ကျွန်တော်တို့တစ်တွေရဲ့ အမှတ်တံဆိပ်တွေပါမြင့်မားတဲ့ အောင်မြင်မှုတွေကို အတူတကွ ရယူနိုင်မှာဖြစ်သလို ဒေသတွင်းနဲ့လူမှုအသိုင်းအဝိုင်းအတွက်ပါ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်လာစေဖို့လည်း မျှော်လင့်ပါတယ်။ အခုလို နှစ်ဦးနှစ်ဖက် မိတ်ဖက်ဆက်ဆံရေး အခြေအနေကနေ ရေရှည်ပူးပေါင်းလုပ်ဆောင်သွားနိုင်မယ့် အနေအထား တစ်ခုဖြစ်လာမယ်လို့လည်း ကျွန်တော့်အနေနဲ့ယုံကြည်ပါတယ်။ ဒါ့အပြင် ဘောလုံးအားကစားကနေတစ်ဆင့် ကျွန်တော်တို့တစ်တွေရဲ့တန်ဖိုးတွေကိုလည်း ပိုမိုမြင့်မားတိုးတက်လာအောင် တည်ဆောက်နို်င်မယ်လို့ ကျွန်တော်တကယ့်ကိုပဲ
ယုံကြည်ထားပါတယ်” ဟု ပြောကြားပါသည်။

“ မြန်မာနေရှင်နယ်လိဂ် နဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့အတွက် MPT အနေနဲ့ စိတ်လှုပ်ရှားမိပါတယ်။ နိုင်ငံရဲ့နံပါတ်တစ်အားကစားဖြစ်တဲ့ ဘောလုံးကစားခြင်းကို အလွှာအသီးသီးက လူငယ်တွေက နှစ်သက်ကြပါတယ်။ရှေ့သို့လှမ်းချီ မြန်မာပြည်ဆိုတဲ့ကျွန်တော်တို့ရဲ့ဆောင်ပုဒ်အတိုင်း ဘောလုံးကနေတစ်ဆင့် ကျန်းမာတဲ့လူနေမှုဘဝပုံစံတစ်ခုရဲ့အရေးပါပုံကို မီးမောင်းထိုးပြဖို့နဲ့ ကစားသမားတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည့်စုံလုံလောက်တဲ့အခွင့်အလမ်းတွေကို ပေးစွမ်းဖို့ သေချာခိုင်မာစွာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြန်မာနေရှင်နယ်လိဂ်နဲ့ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံရဲ့လူငယ်လူရည်ချွန်တွေနဲ့ အကောင်းဆုံးလူငယ်ဘောလုံးအား ကစားသမားတွေကို မြေတောင်မြှောက် ပေးသွားနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief
Executive Officer ဖြစ်သူ Mr. Toshitake Amamiya က ပြောကြားပါသည်။

ယနေ့ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီမှုစာချွန်လွှာသည် MPT နှင့် မြန်မာနေရှင်နယ်လိဂ် တို့၏တရားဝင် ပူးပေါင်းဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်ကို မှတ်ကျောက်တင်နိုင်ခဲ့ပြီဖြစ်ပါသည်။ ယခု သဘောတူညီမှုအရ စုပေါင်းညှိနှိုင်းဆောင်ရွက်မှုမှရရှိလာမည့် အကျိုးရလဒ်များကိုအသုံးချကာ နှစ်ဖက် အဖွဲ့အစည်းများအနေဖြင့် တူညီစွမ်းအားနှင့်အတူ ပူးတွဲ ပြိုင်ပွဲများကို ကျင်းပနိုင်တော့မည်ဖြစ်ပါသည်။ ထို့အပြင် အများကမျှော်လင့်နေကြသည့် ကလေးသူငယ်များနှင့် လူငယ်လူရွယ်များ ပိုမိုပါဝင်လာနိုင်စေမည့် ဘောလုံးပွဲများနှင့် ဘောလုံးအားကစားဆိုင်ရာ လှုပ်ရှားမှုများကို ဖော်ဆောင်သွားနိုင်စေမည့် လုပ်ဆောင်ချက်များကိုလည်း များမကြာမီလများအတွင်း ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် MPT ဝန်ထမ်းများက နိုင်ငံအနှံ့တွင် သွေးလှူဒါန်းမှုများပြုလုပ်

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်) – အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် MPT၏ တစ်နိုင်ငံလုံးအနှံ့ သွေးလှူဒါန်းပွဲကြီးကို မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MPT ဝန်ထမ်းများ၏ စုပေါင်းအားဖြင့် စီစဉ်ပြုလုပ်နိုင်ခြဲ့ပီဖြစ်ပါသည်။

ဧရာဝတီ၊ ပဲခူး၊ ကချင်၊ ကရင်၊ ကယား၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရှမ်း၊ စစ်ကိုင်း၊ တနင်္သာရီနှင့် ရန်ကုန်တို့ရှိ သွေးသိုလှောင်နိုင်သည့် သွေးဌာနနှင့် ဆေးရုံများတွင် ဆောင်ရွက်ခဲ့သည့် ယခုလို သွေးအလှူပွဲများတွင် MPT မှ စေတနာ့ဝန်ထမ်း သွေးလှူရှင်စုစုပေါင်း ၄၀၀ ခန့် ပါဝင်ခဲ့ကြကာ တန်ဖိုးရှိလှသည့် အသက်ကယ်နိုင်သော သွေးကိုလှူဒါန်းနိုင်ခဲ့ပြီဖြစ်ပါသည်။

သွေး အထောက်အပံ့များမှာ အရေးပေါ်အခြေအနေ တစ်ရပ်အတွက် အသက်တမျှ အရေးကြီးသလို အမျိုးမျိုးသော ဖျားနာမှုများနှင့် ကျန်းမာရေးချို့ယွင်းမှုများကို ကုသခြင်းအတွက် လိုအပ်သည့် အရေးပါသော ဓါတ်များစွာပါဝင်သည့်အပြင် ကာလကြာရှည် ဆေးကုသရန် လိုအပ်သူများအတွက်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်သည်။ သွေးအားနည်းရောဂါ၊ ကင်ဆာ နှင့် သွေးရောဂါများကဲ့သို့သော ရှုပ်ထွေးလှသည့် ဆေးပညာဆိုင်ရာနှင့် ခွဲစိတ်မှုဆိုင်ရာ လုပ်ငန်းစဉ်များအတွက်လည်း အရေးပါ လှပါသည်။ ကိုယ်ဝန်ဆောင် မိခင်များ မမွေးဖွားမီနှင့် မွေးဖွားပြီးကာလ စောင့်ရှောက်မှုအတွက်လည်း အသက်ကယ်ပေး နိုင်သောအခန်းကဏ္ဍ တွင် ပါဝင်နေပါသည်။

MPT-KSGM Joint Operations ၏ Chief Operating Officer ဖြစ်သော Mr.Yoshiaki Benino က “မြန်မာနိုင်ငံတစ်ဝန်းက အရေးပေါ် လူနာတွေနဲ့ ကျန်းမာရေး ထိခိုက်သူတွေဟာ သူတို့တွေရဲ့ ကုသမှုအတွက် သွေးကိုမရှိမဖြစ်လိုအပ်နေပေမယ့် နည်းပါးလှတဲ့ သွေးအထောက်အပံ့တွေ အပေါ်မှာသာ မှီခိုနရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ စိတ်မကောင်းခြင်းကို ခံစားရပြီး နိုင်ငံတစ်လွှားမှာရှိတဲ့ ဆေးရုံနဲ့ သွေးဌာနတွေမှာ သွေးလှူဒါန်းမှုပြုပြီး လူတွေရဲ့ အသက်ကို ကယ်ဆယ်ပေးနိုင်အောင် ဆောင်ရွက်တဲ့ နည်းလမ်းဟာ အမျိုးသားနေ့ကို အကောင်းဆုံး ဂုဏ်ပြုနိုင်တဲ့ နည်းလမ်းလို့ MPT အနေနဲ့ မှတ်ယူထားပါတယ်” ဟုပြောကြားခဲ့ပါသည်။

ယခုနှစ် ဖေဖော်ဝါရီ နှင့် ကမ္ဘာ့သွေးလှူရှင်များနေ့အထိမ်းအမှတ်အဖြစ် လွန်ခဲ့သည့် ဇွန်လက MPT ဝန်ထမ်းများနှင့် ပြင်ပမှစေတနာ့ ဝန်ထမ်း သွေးလှူရှင်များပါဝင်သော သွေးလှူဒါန်ပွဲများကို ရန်ကုန် ၊ မန္တလေးနှင့် အခြားသော တိုင်းဒေသကြီးများရှိ မြို့များတွင် ကျင်းပခဲ့ပြီး ရာပေါင်းများစွာသော သွေးလှူဒါန်းသူများမှာ မိမိတို့၏အသက်သွေးကို လှူဒါန်းခဲ့ ပါသည်။

ဆက်လက်၍ Mr.Benino က “အခုလို သီတင်းပတ်တစ်ခုထဲမှာ မဟုတ်ဘဲ တစ်နှစ်ပတ်လုံး အတိုင်းအတာနဲ့ မိမိတို့နဲ့ နီးစပ်တဲ့ သွေးဌာနတွေမှာ သွေးလှူဒါန်းပေးပြီး တတ်နိုင်တဲ့ အလေ့အကျင့်ကောင်း တစ်ခုကို ပြောင်းလဲဖော်ဆောင်ဖ့အို တွက် ကျွန်တော်တို့ အနေနဲ့ အများပြည်သူကိုလည်း တိုက်တွန်းလိုပါတယ်” ဟု ထပ်လောင်း ပြောကြားခဲ့ပါသည်။

MPT အနေဖြင့် ယခင်က ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးအန္တရာယ် နှင့် ရေရှည်တည်တံ့ အကျိုးရှိစေမည့် CSR လှုပ်ရှားမှုများကို နိုင်ငံအဝှမ်းရှိ လူအဖွဲ့အစည်းများနှင့်အတူ ပါဝင်လုပ်ဆောင် ပေးခဲ့ပါသည်။ အဆိုပါဆောင်ရွက်ချက်များတွင် သန့်ရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် သောက်သုံးရေများကို ထောက်ပံ့ပေးခြင်း၊ ဆေးရုံများထံ ရန်ပုံငွေလှူဒါန်းခြင်း၊ သဘာဝပတ်ဝန်းကျင်အား ရေရှည်အကျိုးဖြစ်ထွန်း စေမည့် သစ်ပင်စိုက်ပျိုးခြင်းတို့ ပါဝင်ပါသည်။ လာမည့်နှစ်တွင် အပေါင်းလက္ခဏာဆောင်သော
အကျိုးသက်ရောက်မှုများ ပိုမိုရရှိရန် ရည်ရွယ်၍ MPT အနေဖြင့် “တူညီလှမ်းချီ၊ မျိုးဆက်သစ်တို့ အနာဂတ်ဆီ” ဟူသည့် ဆောင်ပုဒ်ဖြင့် ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေး ဖွံဖြိုးမှုအထောက်အပံ့ စသည့် မဏ္ဍိုင် ၃ ရပ် မှတစ်ဆင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်မှုရှိသည့် အဖွဲ့အ စည်းများနှင့် ပူးပေါင်းကာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Huawei Nova 2i FAQs MM

၁။ Huawei Nova 2i ပရိုမိုးရှင်း ဆိုသည်မှာ။

Huawei Nova 2i ဖုန်းကို ပရိုမိုးရှင်းကာလတွင် ၀ယ်ယူခဲ့ပါက MPT မှအခမဲ့ငွေပမာန လက်ဆောင်များကိုရရှိမှာဖြစ်ပါတယ်။
ဖုန်းငွေဖြည့်ရုံဖြင့် MPT အခမဲ့ငွေပမာနလက်ဆောင်များကိုရရှိမှာဖြစ်ပါတယ်။ (ပထမလအပါအဝင်)

၂။ အခမဲ့ငွေပမာန အသုံးပြုခွင့်ကို မည်သည့်အချိန်ထိရရှိပါမည်လဲ။

Huawei Nova 2i ဖုန်းကို ကြိုက်နှစ်သက်ရာ MPT ဆင်းမ်ကဒ်တစ်ခုနှင့် စတင်အသုံးပြုသည့် အချိန်မှစပြီး ၁၂ လအထိ ရရှိမှာဖြစ်ပါတယ်။
ဥပမာ။ ။ အသုံးပြုသူက October မှ စတင်အသုံးပြုပါက ှ November မှ August အတွင်းဖုန်းငွေမဖြည့်သည့်တိုင် September လအထိအကျုံးဝင်ပါသည်။

၃။ ပုံမှန်ဝန်ဆောင်မှုကိုပြောင်းလဲလိုက်ရင်ရော ဘယ်လိုဖြစ်သွားနိုင်ပါလဲ။

ဆွေသဟာအစီအစဉ်၊ ရှယ်ပြောအစီအစဉ် နှင့် ရွှေစကားအစီအစဉ် ကိုရယူထားသူများသာ အဆိုပါ (cash bonus – data only) အစီအစဉ်ကို ရယူနိုင်ပါသည်။
အကယ်၍ MPT အသုံးပြုသူသည် ပုံမှန်ဝန်ဆောင်မှုသို့ ပြောင်းလဲလိုက်ပြီးသောအခါမှ ဆွေသဟာအစီအစဉ် (သို့) ရှယ်ပြောအစီအစဉ် (သို့) ရွှေစကားအစီအစဉ် ကို ပြန်လည်ရယူလိုက်ပါ အဆိုပါ (cash bonus-data only ) အစီအစဉ် ထဲမှ ကျန်ရှိသော ငွေပမာန က်ို အင်တာနက် အသုံးပြုခွင့်ကို ဆက်လက်ရရှိမှာဖြစ်ပါတယ်။

၄။ အဆိုပါအခမဲ့ရရှိသော ငွေပမာန က ဘယ်တော့ သက်တမ်းကုန်ဆုံးမှာလဲ။

အဆိုပါ ဘောနက်စ်သည်ပေးထားသောရက်မှစတင်၍ ရက်ပေါင်း(၃၀)သက်တမ်းရှိပါတယ်။

၅။ ဘယ်ဒေတာ ကို အရင်စတင်အသုံးပြုရမှာလဲ။ အခမဲ့ရတဲ့ ငွေပမာန ဒေတာလား (သို့) ၀န်ဆောင်ခပေးထားတဲ့ဒေတာလား။

အခမဲ့ရရှိသော ငွေပမာနဒေတာကို အမြဲတမ်း အရင်ဆုံးအသုံးပြုသွားမှာဖြစ်ပါတယ်။

၆။ Huawei Nova 2i စျေးနှုန်းက ဘယ်လောက်ပါလဲ။

Huawei Nova 2i စျေးနှုန်းက 309,000 ကျပ် ဖြစ်ပါတယ်။

၇။ အဆိုပါဖုန်းကို ဘယ်မှာဝယ်ယူလို့ရပါသလဲ။

Huawei အရောင်းကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။

၈။ Huawei Nova 2i Handset များကို ဘယ်တော့ ၀ယ်ယူရရှိနိုင်မှာလဲ။

MPT ငွေအပို လက်ဆောင်များပါ၀င်သော Huawei Nova 2i ကို ၁၁ရက် နိုဝင်ဘာလ ၂၀၁၇ နေ့တွင်စတင်ဝယ်ယူနိုင်ပါသည်။

၉။ အာမခံကဒ်ပြား ပါပါသလား။

၁နှစ်အာမခံကဒ်ပြား ပါပါသည်။

၁၀။ MPT ငွေအပိုလက်ဆောင်များကိုမည်သို့ရယူမည်နည်း။

Huawei Nova 2i ဖုန်းကို ကြိုက်နှစ်သက်ရာ MPT ဆင်းမ်ကဒ်တစ်ခုခုနှင့်အတူ အသုံးပြုရန်လိုအပ်ပါသည်။
ဖုန်းဟန်းစက် ၏ SIM Slot (1) တွင် ထည့်ပြီး 3G network သို့ပြောင်း၍ *268# ခေါ်ဆို၍ activate လုပ်ပြီး သက်မှတ်ထားသောငွေပမာနကိုဖြည့်၍ အပို internet data ကိုရယူနိုင်ပါသည်။
ထို့နောက် တခြားလ bonus များ အတွက် လစဉ်ဖုန်းငွေဖြည့်ရန်လိုအပ်ပါသည်။

၁၁။ အပို cash information နှင့် ဖြည့်ငွေသိကောင်းစရာများ

ဖြည့်ငွေ ၅၀၀၀ကျပ် – အပို ၃၀၀၀ကျပ် (၁လ ၁ ကြိမ်) ၁၂ လဆက်တိုက်

၁၂။ Huawei မှလက်ဆောင် ရောပေးပါသလား။

Huawei မှ power bank တခုလက်ဆောင်ပေးပါမည်။

၁၃။ အပို bonus ကိုစစ်ရန် လုပ်ဆောင်ချက် ။

*၂၂၄# ကိုခေါ်ဆိုလိုက်ပါ bonus ကိုပြသော sms ကိုရရှိပါမည် ။

၁၄။ Bonus ရဖို့ activation လုပ်ခြင်း နှင့် မရခဲလျင်လုပ်ဆောင်ရမဲ့အချက်များ ။

Handset ကို 3G network သို့ ပြောင်း ပြီးမှ*၂၆၈# ကိုဖုန်းခေါ်ဆိုပါ activation sms ဝင်လာပါမည်။
sms မဝင်လာပါက ဖုန်းကို restart ပြန်ချ၍ *၂၆၈# ကိုထက်မံခေါ်ဆိုလိုက်ပါ ။

၁၅။ MPT SIM နှင့်တွဲ၍ bonus ရပြီးသား Huawei ကို နောက်ထပ် MPT SIM နှင့်တွဲပြီး ပြောင်းသုံးလျင် bonus ထပ်ရ၊ မရ

ပထမဆုံးတွဲ၍ bonus ရထားသော MPT SIM နှင့်သာ ရရှိမည်ဖြစ်ပြီး နောက်ထပ် MPT SIM ပြောင်းသုံးလျင် bonus မရတော့ပါ ပထမဆုံးတွဲထားသော MPT SIM နှင့်သာ ၁၂ လဆက်တိုက်သုံးရမှာဖြစ်ပါသည်

၁၆။ တခြား MPT bonus ရပြီးသား MPT SIM ကိုသုံးပြီး ယခု Huawei handset တွင် MPT bonus နောက်ထပ်ရနိုင်ပါသလား။

နောက်ထက်မရနိုင်ပါ ၊ ဥပမာ Samsung S8/S8+ bonus ရထားသော MPT SIM card အနေဖြင့် Huawei Nova 2i တွင် bonus နောက်ထပ်မရနိုင်ပါ
ထို Samsung S8/S8+ data bonus ၆လသက်တမ်းကုန်မှသာ ရရှိနိုင်ပါသည်

MPT ၏ မိုဘိုင်းလ်အက်ပလီကေးရှင်းအသစ် APPBOX မှတစ်ဆင့် မိုဘိုင်းလ်ဂိမ်းများ အကန့်အသတ်မရှိ ရယူနိုင်မည်

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်) – တစ်ရက်တာချင်း ဝန်ဆောင်ခပေးသွင်းပြီး မိုဘိုင်းလ်ဂိမ်းများကို အကန့်အသတ်မရှိ ရယူကစားနိုင်မည့် APPBOX အက်ပလီကေးရှင်း အသစ်ကို MPT က မိတ်ဆက်ကြေညာ လိုက်ပြီဖြစ်ပါသည်။ အဆိုပါ အက်ပလီကေးရှင်းတွင် Android မိုဘိုင်းလ်ထုတ်ကုန် များအတွက် လိုင်စင်ရယူထားသည့် နာမည်ကြီး ဂိမ်းများနှင့် ဖျော်ဖြေရေးဂိမ်းများစွာထည့်သွင်းထားပါသည်။

သုံးစွဲသူများအနေဖြင့် Cut the Rope 2 ၊ Tag the Frog ၊ 3D Tower Box ၊ Snakes.io နှင့် Garfield kart ကဲ့သို့သော နာမည်ကျော် ဂိမ်းအများစုကို ကစားနိုင်မည်ဖြစ်သည်။ ၎င်းဂိမ်းများကို လုံခြုံစိတ်ချရသော app store ဖြစ်သည့် APPBOX မှ ဒေါင်းလုပ် ရယူနိုင်မည်ဖြစ်ပြီး အက်ပ်ပလီကေးရှင်း အမည်၊ အမျိုးအစားနှင့် ကဏ္ဍအလိုက် Keyword များဖြင့် အလွယ်တကူ ရှာဖွေနိုင်မည်ဖြစ်သည်။ ထို့အပြင် လစဉ်လတိုင်း နောက်ဆုံးပေါ် နာမည်ကျော်ဂိမ်းအသစ်များစွာကိုလည်း ထည့်သွင်းပေးသွားမည် ဖြစ်သောကြောင့် စုံလင်လှသည့် အမျိုးအစားများစွာကို စစ်ထုတ်ရှာဖွေ နိုင်မည်ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သော Mr. Reizo Umeda က “ဂိမ်းဝါသနာရှင်တွေအနေနဲ့ အခုမိတ်ဆက်လိုက်တဲ့ APPBOX ကနေ မိုဘိုင်းလ်ဖုန်းနဲ့ဆော့ကစားနိုင်တဲ့ ဂိမ်းအများအပြားကို အကန့်အသတ်မရှိ ရယူကစားနိုင်ပါပြီ။ ဒီအက်ပလီကေးရှင်းကို မိတ်ဆက်ရတဲ့
အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ MPTကို အသုံးပြုသူတွေအတွက် သင့်တင့်တဲ့ နှုန်းထား နဲ့ ဖျော်ဖြေရေးဂိမ်း အတွေ့အကြံုတွေကို ပေးချင်လို့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံက မိုဘိုင်းလ်ဂိမ်းတွေရဲ့ လောကကို လှုပ်ခတ်သွားစေမယ့် ဒီအက်ပလီကေးရှင်းသစ်ကို ဂိမ်းဝါသနာရှင်တွေ အသုံးပြုလာကြလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ပြောကြားသည်။

လူအများ မျှော်လင့်စောင့်စားနေကြသည့် ၎င်း အန်းဒရွိုက် အက်ပလီကေးရှင်းကို မြန်မာဘာသာဖြင့် အသုံးပြု နိုင်မည်ဖြစ်သည်။ ထို့အပြင် သုံးစွဲသူများ၏ စိတ်ဝင်စားမှုအလိုက် ဆန်းသစ်သော ဂိမ်းများကို စဉ်ဆက် မပြတ် ဖော်ပြပေးမည့် content catalogue တစ်ခုလည်း ပါဝင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် ယနေ့မှ စတင်ကာ Android OS မိုဘိုင်းလ်ထုတ်ကုန်များကို အင်တာနက်ဖြင့် ချိတ်ဆက်၍ Android Version 4.2 သို့ အဆင့်မြှင့်တင်ပြီး ဂိမ်းများကို ဒေါင်းလုပ် ရယူကစားနိုင်ပြီ ဖြစ်ပါသည်။

အက်ပလီကေးရှင်းစတင်မိတ်ဆက်သည့် အထိမ်းအမှတ်အဖြစ် ယခုဝန်ဆောင်မှုကို ရယူသုံးစွဲသူများ အနေဖြင့် ပထမတစ်ပါတ်စာအတွက် အသုံးပြုခပေးဆောင်ရန်မလိုဘဲ အခမဲ့သုံးစွဲနိုင်မည်ဖြစ်ပါသည်။ အခမဲ့ အသုံးပြုခွင့် ရရှိသည့် ရက်သတ္တပတ် ပြီးဆုံးသွားပါက နေ့စဉ်ကြေး ၂၅၀ ကျပ် (ကုန်သွယ်ခွန်ပါဝင်ပြီး) ဖြင့် သုံးစွဲနိုင်မည်ဖြစ်ပါသည်။ အသုံးပြုပြီးမှ ငွေပေးချေသည့် (Post-paid) အစီအစဉ် အသုံးပြုသူများအတွက်မူ သုံးစွဲထားသည့် ပမာဏလိုက် လစဉ်ထည့်သွင်း ကောက်ခံသွားမည် ဖြစ်ပါသည်။

အဆိုပါ အက်ပလီကေးရှင်းကို သုံးစွဲကြမည့် မိဘပြည်သူများအား ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် ကံစမ်းမဲ အစီအစဉ်တစ်ရပ်ကို ဒီဇင်ဘာလ အတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ၄င်းအစီအစဉ် တွင် ဝန်ဆောင်ခအခမဲ့ဖြင့် အသုံးပြုနိုင်မည့် သက်တမ်းကျော်လွန်ချိန်မှ စ၍ နိုဝင်ဘာလ ၉ ရက်နေ့မှ ၃၀ရက်နေ့ အထိ အက်ပလီကေးရှင်းကို စာရင်းသွင်းရယူအသုံးပြုသူများအားလုံး အကျံုးဝင်မည်ဖြစ်ပါသည်။ နေ့စဉ် စာရင်းသွင်း ရယူအသုံးပြုသူများအားလုံး ယင်းကံစမ်းမဲအစီအစဉ်တွင် အကျံုးဝင်မည်ဖြစ်ကာ ဆုလက်ဆောင် အဖြစ် Samsung Galaxy S8 ၊ MPT စမတ်ဖုန်းများ၊ MiBand အားကစားလက်ပတ်များ၊ Remax ဂိမ်းလက်ကိုင်များ နှင့် Remax အားသွင်းတုံး တို့ကို ရရှိပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။

စာရင်းသွင်းခြင်း ပြီးဆုံးပါက စာရင်းပေးသွင်းကစားကြသူများအနေနှင့် မိမိတို့ကြိုက်နှစ်သက်ရာ ဂိမ်းများကို အမျိုးအစားအလိုက် online နှင့် offline ရွေးချယ်ကစားနိုင်မည် ဖြစ်ပါသည်။

အဆိုပါ APPBOX အက်ပလီကေးရှင်းကို အသုံးပြုလိုပါက Google Play Store တွင် download ပြုလုပ်နိုင်မည် ဖြစ်ပြီး၊ http://xrink.me/BOEoi တွင်လည်း download ရယူနိုင်မည်ဖြစ်သည်။

MPT မှ ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ကုသရေး သတင်းအချက်အလက်များ ရယူနိုင်မည့် “သင့်ကျန်းမာရေး စောင့်ရှောက်ပေး” VAS ဝန်ဆောင်မှု အသစ်ကို စတင်မိတ်ဆက်

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ရ ရက်) – MPT သည် သုံးစွဲသူများအတွက် သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်စေရေးအပြင် ကျန်းမာရေးထိခိုက်စေသည့် အကြောင်းရင်းများ၊ အကျိုးဆက်များ၊ ကုသမှုများနှင့် ပတ်သက်၍ မိဘပြည်သူများ သိသင့်သိထိုက်သော အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာစေရေးကို ဦးစားပေးရည်ရွယ်ထားသည့် “သင့်ကျန်းမာရေး စောင့်ရှောက်ပေး” ဟူသော ကျန်းမာရေးအသိပညာပေး VAS ဝန်ဆောင်မှုအသစ်ကိုMPT က စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။

“သင့်ကျန်းမာရေး စောင့်ရှောက်ပေး” VAS ဝန်ဆောင်မှုသည် အများပြည်သူများ၏ နေ့စဉ်ဘဝ လိုအပ်ချက်များအတွက်သင့်လျော်မည့်ကျန်းမာရေးဆိုင်ရာ အချက်အလက်များကိုဖြန့်ဝေ ပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ အသိအမြင်နှင့် ဗဟုသုတများ၏ အရေးပါမှုကို သိရှိစေလာခြင်း၊ အထူးသဖြင့် ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ အကြံပြုချက်များကိုရှာဖွေနိုင်ခြင်း စသည့်အရေးပါသော အခန်းကဏ္ဍတစ်ခု ဖြစ်လာနိုင်မည်ဖြစ်ပါသည်။ MPT သုံးစွဲသူများအနေဖြင့် ယခု ဝန်ဆောင်မှုအသစ်အတွက်SMS မှ တစ်ဆင့် တစ်ပတ်လျှင်သုံးကြိမ်ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို လက်ခံရရှိမည်ဖြစ်ပြီး ရရှိသည့် SMS တွင် URL Link ပါဝင်လာမည်ဖြစ်ကာ ၎င်း Link မှတစ်ဆင့် ၀န်ဆိုင်မှုဆိုင်ရာ အချက်အလက်များအား အသေးစိတ် ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။

ကျန်းမာရေးအတွက် အရေးကြီးသော အခန်းကဏ္ဍ (၁၂)မျိုး ဖြစ်သည့် ကူးစက်တတ်သော ရောဂါများ၊ မကူးစက်နိုင်သော ရောဂါများ၊ မျိုးဆက်ပွားကျန်းမာရေး၊ သားဖွားနှင့်မီးယပ်၊ ကလေးကျန်းမာရေး၊ အလှအပနှင့် လူနေမှုဘဝ၊ အရေပြားရောဂါများ၊ စိတ်ကျန်းမာရေး၊ အစားအသောက်နှင့်ကျန်းမာရေး၊ အရေးပေါ်အခြေအနေများ အစရှိသည့်ကဏ္ဍများအတွက်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အချက်အလက်စာတိုများ၊ အသံဖိုင်များ၊ ဗွီဒီယိုဖိုင်များကို SMS မှတစ်ဆင့်ပေးပို့သွားမည်ဖြစ်ပါသည်။

အဆိုပါ ထပ်ဆောင်းဝန်ဆောင်မှုအသစ်တွင်ပေးအပ်မည့် ကျန်းမာရေးဆိုင်ရာ အသိပညာအချက်အလက်များသည် ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာနယ်ပယ်မှ ကျွမ် ကျင်ပညာရှင်ကြီးများမှ အတည်ပြုထုတ်ပြန်ထား သည့် အကြောင်းအရာများဖြစ်သည့်အတွက် ၀န်ဆောင်မှုအသုံးပြုသူများအနေဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer Mr.Reizo Umeda က “ကျန်းမာခြင်းက ပဓာနကျသလိုသုံးစွဲသူတွေအကြားမှာ ကျန်းမာရေးအသိအမြင်တွေကိုပိုမိုစိတ်ဝင်စားလာစေဖို့အတွက်MPT ရဲ့ “သင့်ကျန်းမာရေးစောင့်ရှောက်ပေး” အစီအစဉ်က အသုံးတည့်စေမယ့် ကျန်းမာရေးအကြံပြုချက်တွေ၊ ဗဟုသုတတွေကို ရိုးရှင်းပြီး အဆင်ပြေနိုင်စေတဲ့ နည်းလမ်းနဲ့ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးအကြံပြုချက် ခေါင်းစဉ်၁၂ မျိုးအောက်ကနေ အသက်အရွယ်၊ ကျား/မ အလိုက်ဖျားနာမှုတွေ၊ ရောဂါဖြစ်စေတဲ့ အကြောင်းတွေ၊ ကြိုတင်ကာကွယ်ခြင်းနည်းတွေ၊ နာတာရှည်ရောဂါ အခြေအနေတွေ၊ ရောဂါလက္ခဏာတွေ၊ ရောဂါကိုင်တွယ်ဖြေရှင်းမှုတွေအပါအဝင် လက်တွေ့ကျတဲ့အကြံပြုချက်တွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုမှာက မြန်မာဘာသာနဲ့ ရေးသားဖြန့်ဝေထားခြင်း မရှိသေးတဲ့
ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကိုပါ အများပြည်သူတွေအနေနဲ့ အလွယ်တကူ ဖတ်ရှုနိုင်မှာဖြစ်တဲ့ အတွက် ကျန်းမာရေးအသိပညာတွေကို ကျယ်ကျယ်ပြန့်ပြန့်ရရှိလာနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။” ဟု ပြောကြားသည်။

MPT ၏ ဆွေသဟာ၊ ရှယ်ပြော နှင့် ရွှေစကား အစီအစဉ်ရယူထားကြသော GSM ၊ WCDMA သုံးစွဲသူများ အနေဖြင့် 8411 ထံ “HL” ဟု SMS ပေးပို့ရယူနိုင်မည်ဖြစ်ပြီး ဝန်ဆောင်မှုကို အတည်ပြုရန်အတွက်8411 ထံ “HL ON” ဟုSMS တစ်စောင်ထပ်မံပေးပို့ရမည်ဖြစ်သည်။ သုံးစွဲသူများ အနေဖြင့်တစ်ပတ်လျှင်(၃) ကြိမ်အင်္ဂါ၊
ကြာသပတေး နှင့် တနင်္ဂနွေ နေ့တို့တွင် ကျန်းမာရေးဝန်ဆောင်မှု အကြံပေးချက်သုံးစောင်ကို လက်ခံရရှိမည်ဖြစ်ပြီး ဝန်ဆောင်မှုကို ရပ်တန့်လိုပါက 8411 ထံသို့ “HL OFF” ဟု ပေးပို့ရမည်ဖြစ်သည်။ SMS တစ်စောင်အတွက်၁၉၄ ကျပ်ကျသင့်မည်ဖြစ်ပြီး သုံးစွဲသူများအနေဖြင့် တစ်ပတ်လျှင်SMS ၃ စောင်ကို အင်္ဂါနေ့၊ ကြာသပတေးနေ့နှင့်တနင်္ဂနွေနေ့တို့တွင်လက်ခံရရှိမည်ဖြစ်သည်။ ၎င်းကျသင့်ငွေတွင်ကုန်သွယ်ခွန်၅ ရာခိုင်နှုန်း ပါဝင်ပြီး ဖြစ်ပါသည်။ သုံးစွဲသူအနေဖြင့်ဝန်ဆောင်မှုကိုရယူခြင်းနှင့်အသစ်ပြန်လည်လျှောက်ထားခြင်း တို့အတွက်SMS နှုန်းထားကိုမူပေးဆောင်ရန်မလိုအပ်ပါ။ စတင်မိတ်ဆက်သည့် နိုဝင်ဘာလ (၇) ရက်နေ့ မှ စ၍ ဝန်ဆောင်မှုရယူအသုံးပြုသူများအတွက်(၁၄) ရက်တာ ဝန်ဆောင်ခ အခမဲ့ဖြင့်စတင်ရယူအသုံးပြုနိုင်မည် ဖြစ်ပါသည်။ သတ်မှတ်ထားသော ပရိုမိုးရှင်းကာလ ကုန်ဆုံးသွားပါက အထက်ပါနှုန်းထားအတိုင်း စတင် ကောက်ခံသွားမည်ဖြစ်ပါသည်။

“သင့်ကျန်းမာရေး စောင့်ရှောက်ပေး” အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိလိုပါက Customer Care Service ဖုန်းနံပါတ်106 သို့ဆက်သွယ်စုံစမ်းမေးမြန်း နိုင်မည်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်တို့၏ တန်ဆောင်တိုင်နေ့ထူးနေ့မြတ်တွင် MPT က မြန်မာနိုင်ငံတစ်ဝန်းရှိ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၌ ယောဂီတဘက် နှင့် ဖယောင်းတိုင်များ လှူဒါန်းမှု ပြုလုပ်သွားမည်

မြန်မာနိုင်ငံ၏ မီးထွန်းပွဲတော်ကာလဖြစ်သော တန်ဆောင်တိုင်အထိမ်းအမှတ်အဖြစ် MPT က ပြင်ဦးလွင်တွင်ကျင်းပမည့် တန်ဆောင်တိုင် မီးပုံပျံပွဲတွင် ပါဝင်ယှဉ်ပြိုင်

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁) –မိုးရာသီကာလ ကုန်ဆုံးချိန်နှင့်အတူ မြန်မာနိုင်ငံတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ အချိန်အခါသမယဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့ အထိမ်းအမှတ်အဖြစ် MPT က ရန်ကုန်၊ မန္တလေးနှင့် မွန်ပြည်နယ်ရှိ စေတီပုထိုး ၁၀ ဆူ၌ ယောဂီတဘက် နှင့် ဖယောင်းတိုင်များကို ဘုရားဖူးလာ ပြည်သူများသို့ ပေးအပ်လှူဒါန်းခြင်းကို နိုဝင်ဘာလ အစောပိုင်းတွင် ပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါ နေ့ထူးနေ့မြတ်မှာ ဗုဒ္ဓဘာသာဝင်များက ရဟန်းသံဃာတော်များအတွက် သင်္ကန်းနှင့် အခြား လှူဖွယ်ပစ္စည်းများကို ဘာသာရေးထုံးတမ်းစဉ်လာနှင့်အညီ ဆက်ကပ်လှူဒါန်းကြသည့် ပွဲတော်တစ်ခုလည်း ဖြစ်ပါသည်။ MPT အနေဖြင့် ရန်ကုန်မြို့ရှိ ဆူးလေ၊ ဗိုလ်တထောင်၊ ကမ္ဘာအေးနှင့် ကျောက်တော်ကြီးစေတီ၊ မန္တလေးရှိ စန္ဒာမုနိ၊ ကုသိုလ်တော်၊ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်တို့ အပါအဝင် မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးစေတီ အစရှိသည့် အထင်ကရ နေရာ(၈)ခုတွင် မြတ်စွာဘုရားရှင်အား အလင်းရောင်ဖြင့် ပူဇော်နိုင်ရန်အတွက် ဆီမီးခွက်ငယ်များကို ထွန်းညှိ ပူဇော်သွားမည် ဖြစ်ပါသည်။ ထို့သို့ ဆီမီးများဖြင့်ပူဇော် လှူဒါန်းရုံသာမက ရန်ကုန်မြို့၏ အထင်ကရဖြစ်သော ရွှေတိဂုံစေတီတော်နှင့် မဟာဝိဇိယ စေတီတော်တို့ အပါအဝင် အထက်ဖော်ပြပါ နေရာများအားလုံးတွင် ယောဂီတဘက်များနှင့် ဖယောင်းတိုင်များကိုပါ ဘုရားဖူးလာရောက် သူများသို့ လှူဒါန်းသွားမည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Operating Officer ဖြစ်သူ Mr. Yoshiaki Benino က “တန်ဆောင်မုန်း လပြည့်နေ့ အားလပ်ရက် အထိမ်းအမှတ်အနေနဲ့ MPT က နိုင်ငံတစ်ဝန်းမှာရှိတဲ့ အထင်ကရ စေတီပုထိုးတွေမှာ တဘက်တွေ၊ ဖယောင်းတိုင်တွေလှူဒါန်းပြီး ဆီမီးပူဇော်မှုတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အခုလို မင်္ဂလာရှိတဲ့ အခါသမယမှာ ဘာသာရေးကိုင်းရှိုင်းသူတွေနဲ့၊ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေကို ခုလို လှူဒါန်းမှုပြုလုပ်ခွင့်ရတဲ့အတွက် အလွန်ပဲဝမ်းသာမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အနေနဲ့ သူတို့ရဲ့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ ကောင်းမှုကုသိုလ်တွေကို ဝမ်းမြောက်ဝမ်းသာ ဆောင်ရွက်နေကြလို့ပဲဖြစ်ပါတယ်” ပြောကြားခဲ့ပါသည်။

ထို့အပြင် MPT အနေဖြင့် နှစ်စဉ်ကျင်းပလေ့ရှိသည့် တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ပြိုင်ပွဲကို ယခုနှစ်တွင်လည်း ပါဝင်ဆင်နွှဲသွားမည်ဖြစ်ပြီး အောက်တိုဘာ ၃၁ မှ နိုဝင်ဘာ ၄ ရက်နေ့အထိ ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဘုရားဝင်း၌ ရောင်စုံမီးပုံးပျံများကို လွှတ်တင်သွားမည်ဖြစ်သည်။ ဒေသခံများအတွက် စိတ်လှုပ်ရှားဖွယ်ရာ အခမ်းအနားများကိုလည်း MPT ၏ ပျော်ရွှင်ဖွယ်ရာ အရောင်းမြှင့်တင်ရေး လှုပ်ရှားမှုများပြုလုပ်မည့် နေရာများတွင် ကျင်းပပေးသွားမည်ဖြစ်သည်။

ဆက်လက်၍ Mr. Benino က “MPT အနေနဲ့ တန်ဆောင်တိုင်ရဲ့ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို မြန်မာနိုင်ငံက လူမှုအဖွဲ့ အစည်းတွေနဲ့အတူ ဝေမျှဖို့ ဆန္ဒရှိပါတယ်။ အများပြည်သူတွေ မျှော်လင့်စောင့်စားနေကြတဲ့အတိုင်း အခုရက်သတ္တပတ်အတွင်း ပြင်ဦးလွင်ရဲ့ ကောင်းကင်ယံမှာ လှပတဲ့ မီးရှုးမီးပန်းတွေဖောက်ခွဲပြီး ရောင်စုံမီးပုံးပျံလွှတ်တင်တဲ့ မီးထွန်းပွဲကို ကျင်းပမှာဖြစ်ပါတယ်။ ဒီလို ကြည့်ရှုပျော်ရွှင်နိုင်မယ့် အစီအစဉ်မှာ ကျွန်တော်တို့အနေနဲ့ ပါဝင်ဆင်နွှဲခွင့် ရတဲ့အတွက် အလွန်ပဲ စိတ်လှုပ်ရှားမိသလို ဒီအစီအစဉ်တွေကို လာရောက်ခံစားဖို့အတွက်လည်း ပြည်သူအားလုံးကို ဖိတ်ခေါ်ပါတယ်” ဟု ထပ်လောင်း ပြောကြားသည်။

သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ပွဲတော်ကာလနှင့် တိုက်ဆိုင်စွာပင် MP အနေဖြင့် ဒုတိယအကြိမ်မြောက် “ရွှင်မြူးပျော်ရွှင် မြန်ပြည်တစ်ခွင်” အမှတ်တရဓာတ်ပုံ ပြိုင်ပွဲကိုလည်း ကျင်းပပြုလုပ်လျက် ရှိပါသည်။ အဆိုပါပြိုင်ပွဲသို့ အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင်ကာ လာမည့် နိုဝင်ဘာ ၆ ရက် နေ့အထိ နောက်ဆုံးထား ဝင်ရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်။ ပါဝင်ယှဉ်ပြိုင် လိုသူများ အနေဖြင့် (http://bit.ly/HappyMM2)လင့်ခ်မှ တစ်ဆင့် မိမိတို့ဓါတ်ပုံများကို ပေးပို့ရမည် ဖြစ်ကာ ယခုနှစ်၏ ထူးမြတ်သည့် လပြည့်နေ့နှင့် တိုက်ဆိုင်စွာပင် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် အထူးလက်ဆောင်ဆုကြီးများ ရရှိနိုင်မည် ဖြစ်ပါသည်။