မြန်မာနိုင်ငံတစ်ဝန်း ကာလရှည်ကြာ ရေအခက်အခဲဖြစ်နေရသည့် ဒေသများအတွက် MPT က ရေတွင်းရေကန်များ တူးဖော်ထောက်ပံ့

(ရန်ကုန်၊ ၂၇ ဖေဖော်ဝါရီ၊ ၂၀၁၈ ခုနှစ်) – MPT ၏ “သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်” မှ တစ်ဆင့် မြန်မာ့လူမှုပတ်ဝန်းကျင်အတွင်း ရင်ဆိုင်တွေ့ကြုံနေရသည့် အဓိကပြဿနာ တစ်ခုဖြစ်သော ရေရှားပါးခြင်း ကိုဖြေရှင်းပေးနိုင်ရန်အတွက် ရေတွင်းများတူးဖော်ခြင်း၊ ရေလှောင်ကန်များတည်ဆောက်ခြင်းကို MPT က အစိုးရမဟုတ်သောအဖွဲ့အစည်း (NGOs) များနှင့်အတူ ပူးပေါင်းကာလှူဒါန်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

အဆိုပါ အစီအစဉ်မှာ MPT မှ သံန္နိဌာန်ချမှတ်လုပ်ဆောင်လျက်ရှိသော လူမှုအကျိုးပြု လုပ်ငန်းကဏ္ဍများထဲမှ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါသည်။ MPT အနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် အလျင်မြန်ဆုံးနှင့် အကျယ်ပြန့်ဆုံးသော ကွန်ရက်ကို ဖန်တီးတည်ဆောက်နိုင်သကဲ့သို့ ပြည်သူများ နေ့စဉ်တွေ့ကြုံနေရသည့် အခက်အခဲတို့ကိုလည်း တွေ့ကြုံသိမြင်နေရပါသည်။ MPT အနေဖြင့် မြန်မာနိုင်ငံသားတိုင်း ကောင်းမွန်သော လူနေမှုဘဝကို ရရှိပိုင်ဆိုင်နိုင်စေရန် အစဉ်ရှေးရှုဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံသားတိုင်း၏ ဘဝနေ ထိုင်မှုအတွက် အရေးပါသည့် ကူညီထောက်ပံ့မှုများကိုလည်း အစဉ်တစိုက် ကူညီဆောင်ရွက်ပေး သွားမည် ဖြစ်ပါသည်။

“သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်” ၏ ပထမဆုံးအကြိမ် ရေတွင်း၊ ရေကန်များ လှူဒါန်းခြင်းကို ပြီးခဲ့သည့် နှစ်ကစ၍ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ရေတွင်း၊ရေကန် (၁၅) ခုကို ထောက်ပံ့လှူဒါန်းနိုင်ခဲ့ ပါသည်။ ယခုနှစ်တွင်လည်း “သန့်ရှင်းပြည့်ဖြိုး ရေအကျိုးအစီအစဉ်” တိုးချဲ့ဆောင်ရွက်ခြင်း လူမှုအကျိုးပြု အစီအစဉ်အတွက် MPT က မြန်မာကျပ်ငွေသိန်း (၂,၀၀၀) ကို အသုံးပြုသွားမည်ဖြစ်ပြီး ရေရှားပါးသည့် ဒေသများ၏ ရေအခက်အခဲများကို ကူညီဖြေရှင်း ပေးသွားမည်ဖြစ်ပါသည်။ MPT အနေဖြင့် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများအပြင် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်နေပြီး Network Activities Group (NAG) နှင့် Bridge Asia Japan (BAJ) တို့နှင့်အတူ လှူဒါန်းမှုများကို အကောင်းဆုံး ဖြစ်လာစေရန် အသေအချာဆောင်ရွက်သွားမည် ဖြစ်ပါသည်။ MPT က ယခုကဲ့သို့ ရေတွင်း ရေကန်များကို လိုအပ်သော နေရာဒေသများသို့ လှူဒါန်းပြုလုပ်ခြင်းကြောင့် လူမှုပတ်ဝန်းကျင်တွင် သိသာသည့်ပြောင်းလဲမှု တစ်ရပ်ဖြစ်လာစေရန် ဆန္ဒရှိနေပြီး ရေရှည်အနေအထားဖြင့် ကြာရှည်ခံသော ဖြေရှင်းဆောင်ရွက်မှုကို ဖော်ဆောင်ပေးရန်လည်း သံန္နိဌာန်ချမှတ်ထားပါသည်။

MPT-KSGM Joint Operations မှ တာဝန်ရှိသူ Mr. Yoshiaki BENINO က“ရေဟာ လူတိုင်းအတွက် အသက်ပဲဆိုတာကို ကျွန်တော်တို့အားလုံး သိထားကြပါတယ်။ ဒီလို အသက်တမျှအရေးကြီးတဲ့ ရေကို ရရှိဖို့ ခက်ခဲနေကြတဲ့ မြန်မာနိုင်ငံအနှံ့အပြားက ပြည်သူတွေအားလုံးအတွက် MPT ရဲ့ သန့်ရှင်းပြည့်ဖြိုး ရေအကျိုး အစီအစဉ်ကနေတစ်ဆင့် ထောက်ပံ့ကူညီပေးသွားမှာပါ။ ဒီလိုထောက်ပံ့ကူညီပေးတာကြောင့် ကျေးလက် ဒေသတွေမှာ နေထိုင်ကြရတဲ့ ပြည်သူတွေဟာ သန့်ရှင်းပြီး ရေပြတ်လပ်မှုမရှိဘဲ အမြဲရရှိစေနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်သလို ဒီအထောက်အပံ့ဟာ ကျေးလက်ဒေသတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာ ဖို့ကိုသာမကဘဲ မြန်မာနိုင်ငံကြီးကိုပါ ရှေ့သို့တက်လှမ်းရာမှာ အကူအညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါ တယ်” ဟု ပြောကြားပါသည်။

Bridge Asia Japan (BAJ) မှ Country Representative ဖြစ်သည့် Ms. Akiko MORI က “အခုလို သန့်ရှင်းပြီးကောင်းမွန်တဲ့ရေကို မြန်မာနိုင်ငံအနှံ့အပြားမှာ ရရှိနိုင်ဖို့ အစီအစဉ်ရေးဆွဲလုပ်ဆောင်နေတဲ့ MPTနဲ့ အတူတူ မြန်မာနိုင်ငံတစ်ဝှမ်း အရည်အသွေးမြင့်တဲ့ ရေထောက်ပံ့မှုအစီအစဉ်ကို ဆက်လက်ကူညီ ထောက်ပံ့မှုရတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဒါဟာ ရေမလုံလောက်တဲ့ ဒေသတွေမှာ အရေးကြီးတဲ့ အခြေခံရေအရင်းအမြစ်ဖြစ်တဲ့ ရေရရှိဖို့အတွက် အထောက်အပံ့ဖြစ်ပြီး ရေမပြတ်ရရှိနိုင်စေ မှာဖြစ်သလို ပြည်သူတွေရဲ့အသိအမှတ်ပြု တံဆိပ်တစ်ခုရဲ့ ထောက်ပံ့မှုကလည်း အရေးပါလှပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေက ရေတွင်းရေကန် စီမံကိန်းတွေကနေ ကြီးမားတဲ့ အကျိုးကျေးဇူးရလဒ်တွေရရှိတာကို အားလုံးပဲတွေ့မြင်သိရှိပြီး ဖြစ်ပါတယ်။ နောင်လာမယ့်နှစ်တွေ အတွက်ကိုလည်း MPTအနေနဲ့ ဒီလိုအကျိုးရှိတဲ့ ထောက်ပံ့မှုအစီအစဉ်တွေကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ထားဖို့ လိုအပ်ပါတယ်။” ဟု ပြောကြားပါသည်။

Network Activities Group ၏ အမှုဆောင်ချုပ်ဖြစ်သူ ဦးဘော်ဘီ ကလည်း “သန့်ရှင်းပြီးဘေးကင်းတဲ့ သောက်သုံးရေဟာလူတိုင်းအတွက် အရေးကြီးလှပါတယ်။ ဘေးကင်းလုံခြုံတဲ့ ရေမရှိဘဲ အစားအသောက်နဲ့ အာဟာရဓါတ်ရဲ့ တန်ဖိုးကိုထိန်းသိမ်းထားနိုင်မှာ မဟုတ်တဲ့အပြင် အသက်ဓါတ် ဒါမှမဟုတ် ကျန်းမာတဲ့ လူသားအရင်းအမြစ်ကိုလည်း ထိန်းသိမ်း နိုင်မှာမဟုတ်ပါဘူး။ စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး ဦးတည်ချက် အမှတ် ၆ ဖြစ်တဲ့ ဘေးကင်းပြီးသန့်ရှင်းတဲ့ ရေကို ရရှိနိုင်ခြင်းဟာ လူမှုအဖွဲ့အစည်းအတွက် ဝန်ထုပ်ဝန်ပိုးတွေကိုလျော့ချပေးနိုင်ရုံတင်မကပါဘူး ကျန်းမာပြီး အကျိုးရှိတဲ့ဘဝကို ရရှိစေမှာဖြစ်ပါတယ်” ဟုပြောကြားပါသည်။

ယခုနှစ်တွင် MPT သည် အထက်ပါ စီမံကိန်းကို ဆောင်ရွက်သွားရန်အတွက် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း (အနောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်တို့တွင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ MPT သည် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ နှင့် အနီးကပ် ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာဒေသအလိုက် လိုအပ်ချက်နှင့် အသုံးပြုမည့် ဘတ်ဂျက်ပေါ် မူတည်၍ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တ့ိုနှင့်အတူ ပူးပေါင်းကာ အရေးတကြီးလိုအပ်နေသည့် နေရာများသို့ ဦးစားပေး ဆောင်ရွက်နေခြင်းလည်းဖြစ်ပါသည်။ MPT သည် အခြေခံရေအရင်းအမြစ်ရရှိရေး ဆောင်ရွက်ရာတွင် အကောင်းဆုံးအကျိုး ကျေးဇူးများ ရရှိစေရန်နှင့် ရေရှည်ဆက်လက်ထိန်းသိမ်းထားရန်အတွက် စီမံကိန်းမဟာဗျူဟာများ၊ ရေတွင်းနှင့် ယင်းနှင့် ဆက်စပ်ပစ္စည်းများစသည်တို့ကို ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း လုပ်ဆောင်လျက်ရှိပါသည်။ MPT ၏ သန့်ရှင်းပြည့်ဖြိုး ရေအကျိုး အစီအစဉ်သည် ရေရှည်တည်တံ့ခိုင်မြဲ စေမည့်အသွင်ကို စဉ်းစားပြီး သေချာစွာ ရေးဆွဲထားသော နည်းဗျူဟာများပါဝင်ခြင်း ၊ အနာဂတ်တွင် ရေလုံလောက်စွာ ရရှိစေရန် စီမံချမှတ်ထားခြင်း၊ ရေရှည်အသုံးပြုနိုင်အောင် မည်ကဲ့သို့ ထိန်းသိမ်း စောင့်ရှောက်ရမည် စသည့် အချက်အလက်များကိုပါ ပါဝင်အောင် ဆောင်ရွက်ထားခြင်းတို့မှာ MPT နှင့် အခြားရေရရှိမှု အစီအစဉ်များ အကြား ကွာခြားချက်များဖြစ်ပါသည်။

MPT သည် ပညာရေး၊ ဆက်သွယ်ရေးမှ အစပြု၍ ငလျင် နှင့် သဘာဝဘေးအန္တရာယ်အစရှိသည့် ကဏ္ဍများအပြင် ကယ်ဆယ်ရေးလုပ်ငန်းများအထိ ကျယ်ပြန့်သော လူမှုအကျိုးပြု အစီအစဉ်များကို ပြုလုပ်ခဲ့ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ပူပြင်းခြောက်သွေ့သောရာသီများ၌ ရေရရှိရန်အခက်အခဲဖြစ်နေသည်ကို သိရှိခဲ့ရပါသည်။ ရေအရင်းအမြစ် ရရှိနိုင်သော်လည်း လုံလောက်သည့် သိုလှောင်ကန်နည်းစနစ် သို့မဟုတ် မြေအောက်သိုလှောင်ကန်စနစ်အား တူးဖော်တည်ဆောက်ရန် ကျွမ်းကျင်မှုမရှိခြင်း၊ တည်ဆောက်ရန်ခက်ခဲခြင်း နှင့် ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ကြုံတွေ့လျက်ရှိပါသည်။ ထို့ကြောင့် MPT သည်လာမည့် ခြောက်သွေ့ပူအိုက်သော ရာသီများတွင် အဆိုပါဒေသများ၏ နောင်လာမည့် ကာလများအတွက်ပါ စိတ်ချယုံကြည်ရသော ရေအရင်းမြစ် တူးဖော်ပေးခြင်း နှင့် ရေရှည်တည်တံ့သော ရေအရင်းမြစ်ရရှိမှု ဖြစ်စေရေးအတွက် ထောက်ပံ့ကူညီပေးရန် စိတ်အားထက်သန်လျက်ရှိပါသည်။

စိတ်လှုပ်ရှားဖွယ် ဆုများနှင့် MPT ၏ “ဆုများဆွတ်ခူး ပျော်ရွှင်မြူး”ကံစမ်းမဲအစီအစဉ်

(ရန်ကုန်၊ ၂၃ ဖေဖော်ဝါရီ၊ ၂၀၁၈ ခုနှစ်) – မြန်မာနိုင်ငံအနှံ့အပြားရှိ MPT ၏ ကြိုတင် ငွေဖြည့်သွင်းသည့် နည်းလမ်းဖြင့် အသုံးပြုသူများအနေဖြင့် မိုလ်ဘိုင်းဖုန်းများတွင် E Top-up ဖြင့် ငွေဖြည့်သွင်းခြင်း သို့မဟုတ် MPT အမှတ်တံဆိပ်စတိုးဆိုင်များတွင် ဆင်းမ်ကတ်အသစ် ဝယ်ယူခြင်းဖြင့် အထူးဆုကြီးများ ဆွတ်ခူးရရှိနိုင်မည့် အခွင့်အရေးကို ရရှိတော့မည် ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှ မတ်လ ၁၄ ရက်အထိ ပြုလုပ်မည့် MPT ၏ ကံစမ်းမဲအစီအစဉ်တွင် iPhone X (၈) လုံး၊ Laptop (၁၂) လုံးနှင့် LCD တီဗီ အလုံး (၄၀) တို့ကို ပေးအပ်သွားမည်ဖြစ်ပြီး MPT ရုံးချုပ်မှ ကံထူးသူများအား မတ်လ ၈ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် ၂ ကြိိမ်တိုင်တိုင် ဖုန်းခေါ်ဆို၍ အသိပေးကြေညာသွားမည်ဖြစ်ပါသည်။

ယခုကံစမ်းမဲအစီအစဉ်ကာလအတွင်း MPT အမှတ်တံဆိပ်စတိုးဆိုင် ၁၇၄ ဆိုင်တွင် MPT ဆင်းမ်ကတ်အသစ် activate လုပ်ခြင်းနှင့် E Top-up ၁၀၀၀ ကျပ်ဖိုး ငွေဖြည့်သူတိုင်း ကံစမ်းမဲအစီအစဉ်ကို ပါဝင်ယှဉ်ပြိုင်ခွင့် တစ်ကြိမ်ရရှိမည်ဖြစ်သည်။ လက်ရှိအသုံးပြုသူများအနေဖြင့် E Top-up ကျပ် ၃၀၀၀ ဖိုးနှင့် အထက်ငွေဖြည့်သွင်းတိုင်း ကံစမ်းမဲအစီအစဉ်တွင် တစ်ကြိမ် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပြီး E Top-up ဖြင့် များများငွေဖြည့်သွင်းလေ ကံထူးနိုင်မည့် အခွင့်အရေး ပို၍များများ ရရှိလေပင်ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေ ဒီအစီအစဉ်ကို ပါဝင်ဆင်နွှဲတဲ့အခါမှာ ရှင်းလင်းလွယ်ကူစေဖို့အတွက် သေချာအောင် ဆောင်ရွက်ပေးထားပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံးက အသုံးပြုသူတွေ

အနေနဲ့လည်း ကျပ် ၃၀၀၀ ဖိုးနဲ့အထက် ငွေဖြည့်သွင်းမယ်ဆိုရင် ကံစမ်းမဲအစီအစဉ်မှာ အလိုအလျောက် ပါဝင်သွားမှာဖြစ်ပြီးတော့ iPhone X အသစ်တစ်လုံးနဲ့ အခြားတန်ဖိုးကြီး ဆုမဲတွေကို ရရှိမှာဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးနဲ့ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာရဲ့ မိုဘိုင်းလ်ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြုသူအသစ်တွေကိုလည်း ကျွန်တော်တို့ ကြိုဆိုလျက်ပါ။ ပြီးတော့ သုံးစွဲသူတွေ အနေနဲ့လည်း MPT အမှတ်တံဆိပ်ပါတဲ့ စတိုးဆိုင်တွေမှာ E Top-up ၁၀၀၀ ကျပ်နဲ့ ဆင်းမ်ကတ်အသစ်တွေကို ဝယ်ယူအသုံးပြုရုံနဲ့ ကံစမ်းမဲအစီအစဉ်မှာ ပါဝင်သွားမှာဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ ကံစမ်းမဲအစီအစဉ်ကို နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

ကံစမ်းမဲအစီအစဉ်ကို မတ်လ ၇ ရက်နေ့တွင် တစ်ကြိမ်၊ မတ်လ ၁၉ ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ကျင်းပပေးသွားမည် ဖြစ်ပါသည်။ ပထမ ကံစမ်းမဲအစီအစဉ်တွင် ဖေဖေါ်ဝါရီ ၁၄ ရက်နေ့မှ ၂၈ ရက်နေ့ထိ စုဆောင်းထားခဲ့သော အမှတ်များအတွက် ဖြစ်ပါသည်။ ဒုတိယ ကံစမ်းမဲအစီအစဉ်ကို မတ်လ ၁၉ ရက်နေ့တွင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ကံစမ်းမဲကာလ တစ်လျှောက်လုံးဖြစ်သည့် ဖေဖေါ်ဝါရီ ၁၄ ရက်နေ့မှ မတ်လ ၁၄ ရက်နေ့ထိ စုဆောင်းထားခဲ့သော ရမှတ်များကိုစုပေါင်းသွားမည်ဖြစ်ပါသည်။ ယခုအစီအစဉ်ကျင်းပချိန် နှစ်ခုလုံးတွင် ရွေးချယ်ခံရသူများသည် iPhone X ၊ တီဗွီ သို့မဟုတ် Laptop အစရှိသည့် ဆုကြီးများကို ရရှိနိုင်မည် ဖြစ်ပါသည်။ ကံစမ်းမဲပေါက်သူ ၆၀ ဦး ကို ရန်ကုန်ရှိ MPT ရုံးချုပ်မှ ဖုန်းဖြင့် အသိပေးကြေညာသွားမည် ဖြစ်ပြီး မဲပေါက်သူများသည် ၎င်းတို့၏ဆုများကို မိမိဝယ်ယူခဲ့သည့် MPT အမှတ်တံဆိပ်စတိုးဆိုင်များတွင် ထုတ်ယူနိုင်မည် ဖြစ်ပါသည်။

ကံစမ်းမဲအစီအစဉ်သို့ အောင်မြင်စွာ ဝင်ရောက်ပြီး နောက်တစ်နေ့မနက်တွင် MPT အသုံးပြုသူများကို SMS ဖြင့် အသိပေးသွားမည်ဖြစ်ပြီး SMS တွင် ထည့်သွင်းလိုက်သော မဲအရေအတွက်၊ အစီအစဉ် နှင့် ပတ်သက်သည့်အချက်အလက်များ၊ အရောင်းမြှင့်တင်ရေးကာလနှင့် ပတ်သက်သော အသိပေးချက်တို့ ပါဝင်မည်ဖြစ်သည်။ အသေးစိတ် သိရှိလိုသော အချက်အလက်များရှိပါက MPT ၏ ဝန်ဆောင်မှုစင်တာ ၁၀၆ သို့မဟုတ် http://bit.ly/2ohoEPB တွင် လေ့လာနိုင်မည်ဖြစ်ပါသည်။

MPT တက္ကသိုလ်များအဆင့် ဘောလုံးပြိုင်ပွဲ (၂၀၁၈) စတင်

(ရန်ကုန်၊ ၂၂ ဖေဖော်ဝါရီ၊ ၂၀၁၈ ခုနှစ်) – ၂၀၁၈ ခုနှစ်အတွက် တက္ကသိုလ်များအဆင့် ဘောလုံးအားကစား ပြိုင်ပွဲ ဖြစ်သည့် MPT-University Football Tournament 2018 ၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဇုန်အလိုက် အသင်း(၂၄)သင်း၏ အုပ်စုပတ်လည် ယှဉ်ပြိုင်မှုကို နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များတွင် လာမည့့် မေလနှင့် ဇွန်လများတွင် ပြုလုပ်တော့မည်ဖြစ်ကြောင်း MPT-MNL က ဂုဏ်ယူစွာဖြင့်သတင်း ထုတ်ပြန် ကြေညာလိုက်ပါသည်။ ပညာရေးဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ၂၀၁၈ခုနှစ် တက္ကသိုလ် ဘောလုံး ရာသီအတွင်း အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ရှိ သက်ဆိုင်ရာ တက္ကသိုလ်များ၊ ကောလိပ်များမှ တက္ကသိုလ် ဘောလုံးအသင်းများက မြန်မာပြည်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ရေးအတွက် ယှဉ်ပြိုင်သွားကြမည် ဖြစ်ပါသည်။ ယခုလို MPT-University Football Tournament 2018 စတင်သည့် အခမ်းအနားဖွင့်ပွဲအဖြစ် လာမည့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏမြက်ခင်းတု အားကစားကွင်းအတွင်းတွင် ဖွင့်ပွဲအစီအစဉ်ကို စည်ကားသိုက််မြိုက်စွာကျင်းပသွားမည်ဖြစ်ပါသည်

MPT နှင့် MNL တို့၏ သဘောတူညီမှု မဟာဗျူဟာစီမံကိန်းအရ ဘောလုံးအားကစားကဏ္ဍမှာ “သည်းခြေကြိုက်ကစားပွဲ”တစ်ခုဖြစ်သည့် ဘောလုံးအားကစားကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်စေရန် အတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပင်ကိုယ်စွမ်းရည် မြင့်မားသည့် ကစားသမား မျိုးဆက်သစ်တစ်ခု ရှေ့တန်းသို့ ရောက်လာစေရန် MPT မှ ကြိုးပမ်း အားထုတ်သွားမည်ဟု ကတိကဝတ်ပြုထားခဲ့ပြီး ဖြစ်ပါသည်။ ကျန်းမာသောဘဝနေထိုင်မှုပုံစံ၏ အရေးပါမှုကို ဘောလုံး ကစားခြင်းဖြင့် ရရှိစေနိုင်မည့် အကြောင်းအား ပညာရေးဝန်ကြီးဌာန၏ထောက်ပံ့မှု အောက်တွင် MPT MNL က အထူးအလေးပေး ဖော်ဆောင်သွားမည်ဖြစ်ပြီး အနာဂတ် မျိုးဆက်သစ်များအတွက် ကောင်းမွန် မှန်ကန်သော ကျန်းမာရေးဆိုင်ရာအလေ့အထများ ဆောင်ကျဉ်းသွားမည် ဖြစ်သည်။

အောက်မြန်မာပြည်တက္ကသိုလ်ဇုံကြီး ၈ ဇုံမှ အမျိုးသား ၈ သင်း၊ အမျိုးသမီး ၈ သင်းတို့ အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အနိုင်ရရှိကြသည့် အမျိုးသားဘောလုံးချန်ပီယံအသင်းနှင့် အမျိုးသမီး ဘောလုံးချန်ပီယံ အသင်းတို့ကို ပထမ၊ ဒုတိယ၊ တတိယ စသည်ဖြင့် ဆုကြေးငွေများ ချီီးမြှင့်သွားမည် ဖြစ်သည်။ အလားတူ အထက်မြန်မာပြည်တက္ကသိုလ်ဇုံကြီး ၆ ဇုံမှ အမျိုးသား ၆ သင်း၊ အမျိုးသမီး ၆ သင်းတို့မှာလည်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ ပထမ၊ ဒုတိယ၊ တတိယ စသည်ဖြင့် ရွေးချယ်ကာ ဆုကြေးငွေများ ချီးမြှင့်သွားမည်ဖြစ်သည်။ ထို့နောက် မြန်မာနိုင်ငံလုံးအဆင့် အကောင်းဆုံး တက္ကသိုလ်ဘောလုံးလက်ရွေးစင် အမျိုးသားနှင့် အမျိုးသမီး ၄ သင်းစီကို နောက်ဆုံးပွဲစဉ် အဖြစ် ရန်ကုန်တွင် ဆက်လက်ယှဉ်ပြိုင် ကစားစေမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ပြိုင်ပွဲတွင် ပထမ နှင့် ဒုတိယ ရရှိသည့် အသင်းများကို ထိုက်တန်သည့်ဆုကြေးများ ချီးမြှင့်ပေးသွားမည် ဖြစ်ပါသည်။ MPT MNL အနေနှင့် အထူးသဖြင့် ဘောလုံးအားကစားကဲ့သို့သော အမျိုးသား ကစားသမားများသာ ထင်ရှားသည့် အားကစားနည်းတွင် အမျိုးသမီးကစားသမားများ ပိုမိုပါဝင်လာစေရန်အတွက် ယခုပြိုင်ပွဲများတွင် အမျိုးသမီးပြိုင်ပွဲကိုလည်း ထည့်သွင်းထားခြင်း ဖြစ်ပါသည်။

ပြိုင်ပွဲဝင်တစ်သင်းတွင် ကစားသမား ၂၀ ဦး၊ အုပ်ချုပ်သူ ၁ ဦး၊ ဂိုးနည်းပြ ၁ ဦး၊ ဆရာဝန်/သူနာပြု ၁ ဦး၊ လက်ထောက်နည်းပြ ၁ ဦးနှင့် နည်းပြချုပ် ၁ ဦး အပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၂၅ ဦးအထိ ပါဝင်မည် ဖြစ်သည်။ ယခုပြိုင်ပွဲသည် မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံကျင်းပသွားမည့် 2018 ASEAN University Games တွင် မြန်မာ့တက္ကသိုလ်လက်ရွေးစင်အသင်း အောင်မြင်မှုရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းလည်းဖြစ်ပါသည်။ တက္ကသိုလ်များအကြားတွင် ပြိုင်ပွဲအတွင်းအောင်မြင်မှုရရှိရေး ကြိုးပမ်းကြမည့် ကစားသမားများအားလုံး ဘေးကင်းလုံခြုံစေရန်နှင့် နိုင်ငံအဆင့်ယှဉ်ပြိုင်မှုတွင် အောင်မြင်သည့် အသင်းပေါ်ထွက်လာစေရန်အတွက် ဦးစားပေးကာဆောင်ရွက်သည့် ပွဲစဉ်များဖြစ်သဖြင့် MPT-MNL အနေဖြင့် တက္ကသိုုလ်အဆင့် ပြိုင်ပွဲများ ပြုလုုပ်နေစဉ် ကာလအတွင်း တင်းကြပ်သည့် နိုုင်ငံတကာ ပြိုင်ပွဲများ၏ စည်းမျဉ်းစည်းကမ်းများ အတိုုင်း စနစ်တကျ ကျင်းပသွားမည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr.Reizo Umeda က “MPTရဲ့ တက္ကသိုလ် ဘောလုံးပြိုင်ပွဲ၂၀၁၈ ကို နိုင်ငံတစ်ဝန်းမှာ စတင်မယ့်အပေါ် အထူးစိတ်လှုပ်ရှားမိပါတယ်။ ဒီနှစ် တက္ကသိုလ်များဘောလုံးပြိုင်ပွဲမှာ ကျော်ကြားတဲ့ ဂုဏ်သတင်းတွေရဖို့အတွက် ခြေစွမ်းသာတဲ့ အသင်းတွေ ယှဉ်ပြိုင်မှာဖြစ်တာကြောင့် ထူးခြားတဲ့ အောင်မြင်မှုတစ်ရပ် ဖြစ်လာမှာ အသေအချာပါပဲ။ နိုင်ငံရဲ့ ပထမဆုံးနဲ့ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ ဖြစ်တာနဲ့အညီ ဘောလုံးလောကဖွံ့ဖြိုးတိုးတက်ဖို့ကို အခုလို အထောက်အကူ ပေးနိုင်တဲ့အတွက် အထူးသဖြင့် နိုင်ငံတစ်ဝန်းက လူငယ်တွေကို ထောက်ပံ့ပေးရတဲ့ အတွက် ဂုဏ်ယူမိပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ ပါဝင်ယှဉ်ပြိုင်မယ့် တက္ကသိုလ်အဆင့် ဘောလုံးပြိုင်ပွဲတွေကို ထောက်ပံ့ပေးရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ တက္ကသိုလ်အဆင့်ပြိုင်ပွဲတွေကို နိုင်ငံတစ်ဝန်း ကျင်းပတဲ့နောက်ပိုင်းမှာ အခုလို ပူးပေါင်းပါဝင်မှုတွေ ဆက်လက် မြင့်တက်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

မြန်မာနေရှင်နယ်လိဂ် (MNL) မှ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က “ဒီပြိုင်ပွဲဟာ အသက် ၁၈ နှစ်ကနေ အသက် ၂၈ နှစ်အတွင်းမှာရှိတဲ့ ကျောင်းသားအားလုံး အတူတူပါဝင်နိုင်မယ့် ထူးခြားတဲ့ ဘောလုံးပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ တက္ကသိုလ်တွင်းပြိုင်ပွဲတွေဟာ ပွဲစဉ်တစ်လျောက်အတွင်းမှာ ကစားသမားတွေကို အပြန်အလှန်ရင်းနှီးမှုရှိစေမှာဖြစ်သလို နှစ်ဖက်အသင်းတွေကို ပိုမိုခိုင်မာတဲ့ ရင်းနှီးမှုကို ဖန်တီးပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ကျင်းပတာက ဒီကနေ ဘောလုံးကစားတဲ့ ကျောင်းသားတွေ များသထက်များလာစေဖို့နဲ့ ဟိုးတစ်ချိန်ကလို နိုင်ငံအတွက်အားထားရတဲ့ တက္ကသိုလ်ကျောင်းသားလက်ရွေးစင်ဘောလုံးသမားများစွာ ပြန်လည်ပေါ်ထွက်နိုင်ဖို့ကိုပါရည်ရွယ်ပြီး MPTနဲ့ ရေရှည်လက်တွဲပြီး တက္ကသိုလ်ဘောလုံးလောက ပြန်လည်ဖွံ့ဖြိုး တိုးတက်လာစေဖို့အတွက် အခုနှစ်ကစပြီး ပူးပေါင်းဆောင်ရွက်ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲတွေကနေ နိုင်ငံအတွင်းက မျိုးဆက်သစ်ဘောလုံး ပါရမီရှင်ကစားသမားတွေ စဉ်ဆက်မပြတ် ပေါ်ထွက်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေ အခုလိုအားပေးမြှင့် တင်ရာကနေတစ်ဆင့် မဝေးတော့တဲ့ အနာဂတ်မှာ အားလုံးပျော်ရွှင်ဝမ်းမြောက်စရာကောင်းတဲ့ အောင်မြင်မှုတွေကို ရရှိဖို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီပြိုင်ပွဲကြီးမှာ ဘောလုံးအားကစားကို စိတ်ဝင်စားဝါသနာပါတဲ့ တက္ကသိုလ်ကျောင်းသား/သူတိုင်း ပါဝင်ဆင်နွှဲဖို့ တိုက်တွန်းလိုပါတယ်။ ဒီလိုပြိုင်ပွဲတွေတစ်ခုစီကနေ အကောင်းဆုံးအမျိုးသားနဲ့ အမျိုးသမီး ကစားသမားတွေကို ရှာဖွေသွားမှာပါ။ ဒီလိုရှာဖွေမှုကို တက္ကသိုလ်အက်ဖ်စီအတွက် အားထားရမယ့် အရည်အချင်းရှိကစားသမားတွေ နိုင်ငံ့လက်ရွေးစင်အသင်းအဆင့်ဆင့်အတွက် တကယ်အားထားရမယ့် ကစားသမားကောင်းတွေ အမှန်တကယ်ရှာဖွေဖော်ထုတ်နိုင်တဲ့ အနေအထားထိ ရောက်ရှိလာအောင် တစ်နှစ်ထက်တစ်နှစ် ပိုမိုစနစ်တကျနဲ့ အကြိတ်အနယ်ရှိတဲ့ တက္ကသိုလ်ဘောလုံးပြိုင်ပွဲကြီးတွေ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်သွား နိုင်အောင် ပညာရေးဝန်ကြီးဌာန၊ MPT တို့နဲ့အတူတကွ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါဟာတက္ကသိုလ်ဘောလုံးလောက ပြန်လည်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ ကြီးမားတဲ့ခြေလှမ်းကြီး ဖြစ်စေသလို ဒီလိုပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်တဲ့တက္ကသိုလ်အသင်းအားလုံးအတွက်လည်း ပျော်ရွှင်ဖို့နဲ့ ရင်ခုန်စရာကောင်းတဲ့ မဟာအခွင့်ရေးကြီးတစ်ခုဖြစ်လာမယ်လို့ အခိုင်အမာ ယုံကြည်မိပါတယ်” ဟု ပြောကြားသည်။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာရေးဦးစီးဌာန(ရန်ကုန်ရုံးခွဲ) မှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဒေါက်တာ နေဝင်းဦးကလည်း “ မြန်မာနိုင်ငံဘောလုံးလောက တိုးတက်လာစေရေးအတွက် တက္ကသိုလ်ဘောလုံး လောကကို မြှင့်တင်ပေးတဲ့ အစီအစဉ်တစ်ရပ်ဖြစ်တဲ့အတွက် မြန်မာဘောလုံးလောကနဲ့ တက္ကသိုလ်ဘောလုံးလောကသား အားလုံးကိုယ်စား ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ကိုယ်ကာယ လေ့ကျင့်ခြင်းအပြင် စိတ်ဓါတ်အားမာန်နဲ့ ကျောင်းသားလူငယ်တွေအတွက် အလေ့အကျင့် ကောင်းပေးခြင်းဟာ အမျိုးသားရေး ကဏ္ဍအတွက် အထောက်အပံ့ကောင်းတစ်ရပ်လည်းဖြစ်ပါတယ်။ တစ်ဦးချင်းစီရဲ့ ဘဝရပ်တည်မှုမှာ ကိုယ်ကာယခွန်အားအပြင် စိတ်ဓါတ်ခွန်အားဟာ အရေးပါတဲ့အတွက် အနာဂတ်နိုင်ငံတော်အတွက်လည်း အရင်းအမြစ်ကောင်းတွေ မွေးထုတ်လေ့ကျင့်ပေးခြင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တက္ကသိုလ်အဆင့် အမျိုးသမီးဘောလုံးအားကစားဟာ ကမ္ဘာတစ်လွှားမှာ လူသိများလာသလို အရေးပါပြီး တိုးတက်လာနေတဲ့အတွက် ဆက်လက်ဖြစ်ထွန်းလာစေဖို့အတွက် အလွန်အရေးကြီးပါတယ်။ MPT- University Football Tournament 2018 ဘောလုံးအားကစားပြိုင်ပွဲဟာ အမျိုးသားများအပြင် အမျိုးသမီးများကိုပါ ကူညီထောက်ပံ့ပေးနိုင်တာဖြစ်လို့ မြန်မာနိုင်ငံတက္ကသိုလ်များ ဘောလုံးအသင်းတွေ အနေနဲ့ နိုင်ငံတကာအဆင့်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်သွားနိုင်မှာလည်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

MPT က စတုတ္ထအကြိမ်မြောက် ဂျပန်-မြန်မာပွဲတော် ၂၀၁၈ ကို ပံ့ပိုးကူညီ

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁) – ရန်ကုန်မြို့ Thuwunnabhumi Event Park တွင် ယခု ဖေဖော်ဝါရီလ ၂၄ ရက်၌ ကျင်းပသွားမည့် စတုတ္ထအကြိမ်မြောက် ဂျပန်-မြန်မာပွဲတော် ၂၀၁၈ ဖြစ်မြောက်ရေးအတွက် မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT က ယခုနှစ်အတွက် ဆက်လက်ပြီး ပ့ံပိုးကူညီ ပေးသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ “Dreams shared by Myanmar and Japan together” ဟူသည့် ခေါင်းစဉ်အောက်တွင် ကျင်းပမည့် လေးကြိမ်မြောက် အခမ်းအနားမှာ ဂျပန်သံရုံး ၊ ဂျပန်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (မြန်မာ)၊ Yangon Japanese Association ၊ NHK နှင့် MNTV ရုပ်သံလိုင်းတိို့၏ လက်တွဲဆောင်ရွက်မှု ဖြစ်ပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များကို ဂျပန်ရိုးရာအစားအစာများ၊ တေးဂီတနှင့် ယဉ်ကျေးမှုတို့ကို ခံစားသိရှိနိုင်စေရန် ရန်ကုန်မြို့တွင် ဧည့်ခံပြသဖျော်ဖြေခြင်းလည်းဖြစ်သည်။

MPT အနေဖြင့် Sumitomo နှင့်အတူပူးပေါင်းကာ ဆိုင်ခန်းငယ်ဖွင့်လှစ် ထားမည် ဖြစ်ပါသည်။ MPT နှင့် Sumitomo မှ ဝန်ထမ်းများအနေဖြင့် ဂျပန်လူမျိုးများ၏ ရိုးရာ ၊ ဓလေ့နှင့် ထုံးထမ်းအစဉ်အလာများ၊ ယဉ်ကျေးမှုများကို မြန်မာနိုင်ငံသားများရှေ့တွင် ထပ်မံ ထုတ်ဖော်ပြသကာ ဖျော်ဖြေခွင့်ရရှိသည့်အတွက် ကုမ္ပဏီနှစ်ခုတွင် တာဝန်ထမ်းဆောင်နေကြသော ဂျပန်လူမျိုးဝန်ထမ်းများအားလုံးက အထူး စိတ်လှုပ်ရှားလျက် ရှိပါသည်။

MPT ဆိုင်ခန်းတွင်ပြုလုပ်မည့် လှုပ်ရှားမှုများတွင် ဂျပန်ရိုးရာ မုန့်များအား မြည်းစမ်းခြင်း၊ MPT အမှတ်တံဆိပ်ဖြင့် ကိတ်မုန့်ဖုတ်ပွဲ၊ ကိုယ်တိုင်ကိတ်မုန့်ဖုတ်နိုင်မည့်အခွင့်အရေး၊ ဂျပန်နိုင်ငံရှိ နွေရာသီကာလအတွင်း အများဝတ်ဆင်လေ့ရှိသည့် ယူကာတာ ဝတ်စုံဝတ်ဆင်ခွင့်နှင့် Origami စာရွက်ခေါက်ခြင်းအတတ် စသည်တို့ကို ပြသခြင်းတို့ပါဝင်မည်ဖြစ်သည်။ ထို့အပြင် ပြပွဲနေ့တွင် နာမည်ကျော်ကြားသည့် မြန်မာ တေးသံရှင်များဖြစ်ကြသည့် နီနီခင်ဇော်၊ ဓိရာမိုရ်၊ အမွန်း၊ သားငယ်နှင့် ဘီလီလမင်းအေးတို့အပြင် ဂျပန်နိုင်ငံမှ အကနှင့်အဆို ကျွမ်းကျင်သည့် နာမည်ကျော် အဖွဲ့များဖြစ်သော PrizmaX နှင့် AKB48 with BNK 48 တို့မှလည်း ဖျော်ဖြေမှုများ ပြုလုပ်သွားမည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Operating Officer ဖြစ်သူ Mr. Yoshiaki Benino က “ကျွန်တော်တို့ရဲ့ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံကဝန်ထမ်းတွေ အတူတကွလုပ်ငန်း ဆောင်ရွက်မှုကတစ်ဆင့် MPT အနေနဲ့ မြန်မာပြည်သူ ပြည်သားတွေရဲ့ ဘဝတွေကို တိုးတက်လာစေဖို့အတွက် နေစဉ်နေ့တိုင်း ကူညီဆောင်ရွက်ပေးနေပါတယ်။ ကျွန်တော်ကိုယ်တိုင် ဂျပန်လူမျိုးတစ်ယောက် ဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ အလှတရားကို မြန်မာပြည်သူတွေထံကို တင်ဆက်နိုင်မယ့်အတွက် အရမ်းပဲ စိတ်လှုပ်ရှားနေပါတယ်။ MPT အသုံးပြုသူအားလုံးအနေနဲ့ ဒီပွဲကို အခမဲ့ လာရောက်ပြီး ဂျပန်နိုင်ငံရဲ့ အတွေ့အကြုံတွေဖြစ်တဲ့ Origmai စက္ကူခေါက်တာတွေ ၊ ဂျပန်ရိုးရာ “ ယူကာတာ” ဝတ်စုံတွေ ဝတ်ကြည့်တာတွေ စတာတွေနဲ့အတူ နာမည်ကျော် ဂျပန် အဆိုအက အဖွဲ့ရဲ့ တင်ဆက်မှုကိုလည်း တွေ့ကြံုခံစားနိုင်စေဖို့ ဖိတ်ခေါ်လိုပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ဂျပန်-မြန်မာ ပွဲတော်အခမ်းအနားတွင် တေးဂီတသရုပ်ပြဖျော်ဖြေပွဲများနှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုပြကွက်များကို သရုပ်ဖော် တင်ဆက်ပြသမည်ဖြစ်ပြီး အများပြည်သူမှ အခမဲ့ ကြည့်ရှုနိုင်ရန် အတွက် MNTV မှ ရုပ်သံလိုင်းမှ တိုက်ရိုက်တင်ဆက်ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။ ဂျပန်အစားအစာ၊ ဂျပန်ထုတ်ကုန်နှင့် ဂျပန်၊ မြန်မာအနုပညာရှင်များ၏ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်မှုများပါဝင်သော ဂျပန်-မြန်မာပွဲတော်ကို အခမ်းအနားနှင့်အတူ ပူးပေါင်းတင်ဆက်ရင်း ယခု ၂၀၁၈ ခုနှစ်တွင်လည်း နောက်ထပ် အောင်မြင်မှုများ ရရှိရန်မျှော်မှန်းထားပါသည်။ လာရောက်သူများအတွက် အခမဲ့ဝင်ခွင့်နှင့်အတူ ဂျပန်-မြန်မာပွဲတော်ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့(စနေနေ့) နေ့လည် ၁၂ နာရီမှ ည ၁၀ နာရီအထိ ကျင်းပသွားမည် ဖြစ်ပါသည်။ အဆိုပါအစဉ် မစတင်မီ သောကြာနေ့ ညနေတွင် ရန်ကုန်မြို့၊ Chatrium ဟိုတယ်၌ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များနှင့် ပွဲတော်အကြိုပါတီပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

မြို့တော်နှင့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး MPTနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ဒေသခံများ လက်တွဲ ဆာင်ရွက်

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်၊)- MPT မှ ဝန်ထမ်းများနှင့် အခြားသော စေတနာ့ဝန်ထမ်းများ စုပေါင်း၍ လူမှုအကျိုးပြုလုပ်ငန်းဖြစ်သည့် သန့်ရှင်းခေတ်မီရှေ့သို့ချီ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလှုပ်ရှားမှုတစ်ရပ်ကို စတုတ္ထအကြိမ်အဖြစ် ယခုလ ၁၇ရက်နေ့(စနေနေ့)က ဧရာဝတီတိုင်းဒေသကြီး၌ ပြုလုပ်ခဲ့ကြသည်။ ၎င်းဒေသတွင်နေထိုင်ကြသည့် ဒေသခံပြည်သူများအတကွက် သန့်ရှင်းလှပသော သဘာဝပတ်ဝန်းကျင်ဖြစ်လာစေရန် စေတနာ့ဝန်ထမ်းပေါင်း ၅၀၀ ကျော်က အဆိုပါနေ့ နံနက်အစောပိုင်းတွင်
မြို့တစ်လျှောက်ရှိ အမှိုက်များကို စုပေါင်း ကောက်ယူလုပ်အားပေးခဲ့ကြသည်။

မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အကျယ်ပြန့်ဆုံး မိုဘိုင်းလ်ကွန်ရက်ပေါ်တွင် ဝန်ဆောင်မှုများ ပေးအပ်နေသည့် MPT အနေဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများမှာ လူများ၊ တိရိစ္ဆာန်များ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် မြစ်ချောင်းနှင့် ရေနုတ်မြောင်းများကိုပါ သက်ရောက်မှုရှိနေသည်ကိုလည်း တွေ့ရှိထားပါသည်။ တို့အပြင် ယခုလူမှုအကျိုးပြုလုပ်ငန်း အစီအစဉ်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို သက်ရောက်မှု ရှိစေရေးအတတွက် အဖွဲ့လိုက်အင်တိုက် အားတိုက်ဆောင်ရွက်ခြင်နှင့် ပိုမိုကောင်းမွန်သည့် အမှိုက်စွန့်ပစ်မှုစနစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု၏ အရေးပါပုံများကို မြန်မာလူငယ်များ နားလည် သဘောပေါက်စေရန် အတွက် အားပေးတိုက်တွန်းသွားမည်ဖြစ်ပါသည်။ MPT ၏ သန့်ရှင်း ခေတ်မီ ရှေ့သို့ချီလှုပ်ရှားမှုကို မော်လမြိုင်၊ မန္တလေးနှင့် ပဲခူးမြို့များရှိ ဒေသခံလူမှု အဖွဲအစည်းများဖြင့် ပူးပေါင်းလှုပ်ရှား ဆောင်ရွက်ခဲ့ပြီးဖြစ်ကာ လာမည့်လအတွင်း အခြားသော တိုင်းနှင့် ပြည်နယ် တို့တွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Operating Officer ဖြစ်သော Mr. Yoshiaki Benino က “ အခုလို လှပတဲ့ နိုင်ငံမှာ ကျွန်တော်တို့ အတူတကွ နေထိုင်ကြတဲ့အခါ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ဖို့နဲ့ တိုးတက်စေဖို့အတွက် ကျွန်တော်တို့တတ်နိုင်သလောက် အကောင်းဆုံးဆောင်ရွက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ပလပ်စတစ် အသုံးပြုမှုအပြင် သဘာဝဘတ်တီးရီးပိုးနဲ့ဆွေး မြည့်ပျက်စီးနိုင်စွမ်းမရှိတဲ့ ပစ္စည်းတွေက ဆက်လက် တိုးပွားလာနေပြီး နေ့စဉ်နှင့်အမျှ အမှိုက်တွေရဲ့ပမာဏဟာလည်း များပြား လာနေတာကိုတွေ့ကြုံနေရပါတယ်။ အခုလို ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုမှာ ပါဝင်တဲ့လူတိုင်းကိုကျေးဇူးအထူးတင်ရှိပြီး လာမယ့်မတ်လမှာ ဆက်လက်ပြုလုပ်မယ့် လှုပ်ရှားမှုတွေမှာလည်း နောက်ထပ်လူတွေအများကြီး ပါဝင်လာဖို့ မျှော်လင့်ထားပါတယ်” ဟု ပြောကြားသည်။

လွန်ခဲ့သည့် စနေနေ့က ဧရာဝတီတိုင်းဒေသတွင် ပြုလုပ်ခဲ့သည့်ကြိုးပမ်းမှုမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်ပေါင်းစုံမှ ပြည်သူလူထုပူးပေါင်းပါဝင်လာနိုင်ရေး အစီအစဉ်တစ်ခုဖြစ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများ၏ သန့်ရှင်းသာယာရေးအတွက် MPT၏ ကြိုးပမ်းဆောင်ရွက်မှုတစ်ခုလည်းဖြစ်သည်။ ပြီးခဲ့သည့် လများက မန္တလေး၊ မော်လမြိုင်နှင့် ပဲခူးမြို့တို့တွင် ပြုလုပ်ခဲ့သည့် လှုပ်ရှားမှုတွင် MPT ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းပေါင်း ၂၀၀၀ ကျော်ပါဝင်ခဲ့ကြကာ အမှိုက်ကောက်ခြင်းနှင့် ဒေသတွင်း သဘာဝပတ်ဝန်းကျင် ပိုမိုကောင်းမွန် စေရေးအတွက် လုပ်ဆောင်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏အထင်ကရ ဆက်သွယ်ရေးလုပ်ငန်းဖြစ်သည့် MPT အနေဖြင့် လူမှုအကျိုးပြုလုပ်ငန်း အများအပြားကို နှစ်စဉ် ဆောင်ရွက်နေပါသည်။ “ သန့်ရှင်းခေတ်မှီရှေ့သို့ချီ” လှုပ်ရှားမှုကို မြန်မာနိုင်ငံ၏ မြို့ကြီးများတွင် ကျင်းပခဲ့သည့်အပြင် MPT အနေဖြင့် မြန်မာလူငယ်များအတွက်ပညာရေးဆိုင်ရာ အကျိုးရလဒ်များ တိုးတက်စေရန်အတွက်လည်း အာရုံစိုက်လုပ်ဆောင်လျက်ရှိပါသည်။ MPT-MCF ၏ မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေး အစီအစဉ်က မြန်မာနိုင်ငံတစ်ဝန်းမှ ကျောင်းသားလူငယ်များနှင့် လူငယ်များအကြားတွင် ၎င်းတို့၏ စွန့်ဦးတီထွင်ဆိုင်ရာ အရည်အချင်းများ တိုးတက်လာစေရေးအတွက် စီးပွားရေး၊ ဆက်သွယ်ရေးနှင့် နည်းပညာနယ်ပယ်မှ ထင်ရှားသည့် ပုဂ္ဂိုလ်အချို့၏ အကြံဉာဏ်များနှင့် အထောက်အပံ့များ၏ အကူအညီဖြင့် အားပေးခြင်းများကိုလည်း ပြုလုပ်ခဲ့ပါသည်။ အခြားသော ဆောင်ရွက်ချက်များထဲတွင် ကျန်းမာရေးအကျိုးရလဒ်များ ဖြစ်ထွန်းစေမည့် MPT ၏ ရှေးဦးပြုစုခြင်းဆိုင်ရာ လှုပ်ရှားမှုအစီအစဉ်ဖြစ်သော “ First Aid For All” နှင့် ဒီဂျစ်တယ်ပညာရေးကဏ္ဍအတွက် NLD ပညာရေးကွန်ရက်နှင့် ကြိုးပမ်းမှုများလည်း ပါဝင်ပါသည်။

MPT က အကန့်အသတ်မရှိ ဖျော်ဖြေရေးဗွီဒီယို ရယူနိုင်မည့် Vuclip Video Store ဝန်ဆောင်မှုအသစ် မိတ်ဆက်

(ရန်ကုန်၊ ၁၆ ဖေဖော်ဝါရီ ၂၀၁၈ ခုနှစ်) – မြန်မာနိုင်ငံတစ်ဝန်းရှိ MPT သုံးစွဲသူများအတွက် ရယ်မောပျော်ရွှင်ဖွယ်နှင့် စိတ်ဝင်စားဖွယ်ကောင်းသော ဗွီဒီယိုများကို အကန့်အသတ် မရှိကြည့်ရှုနိုင်ရန် Vuclip နှင့် ပူးပေါင်းဆောင်ရွက်လိုက်ပြီ ဖြစ်ကြောင်းယနေ့ သတင်းထုတ်ပြန် ကြေညာလိုက်သည်။ Vuclip ဝန်ဆောင်မှု စျေးနှုန်းမှာချိုသာပြီး နေ့စဉ် ဝန်ဆောင်ခ ၉၉ ကျပ်သာ ကျသင့်မည် ဖြစ်ပါသည်။ အဆိုပါဝန်ဆောင်မှုတွင် Content Provider ၂၅၀ ကျော်က ပံ့ပိုးပေးထားသော နာရီပေါင်း သုံးသိန်းကျော်စာဗီဒီယိုများအား MPT မိုဘိုင်းလ်သုံးစွဲသူအားလုံးက အကန့်အသတ်မရှိ ကြည့်ရှုခံစားနိုင်မည်ဖြစ်ပါသည်။

ဝန်ဆောင်မှုတွင်ပါဝင်သော အခြားအကြောင်းအရာများမှာ-
– မြန်မာစာတန်းထိုး ကိုရီးယားဒရာမာဇာတ်လမ်းများနှင့် ရုပ်ရှင်များ
– အကောင်းဆုံး ဟောလီဝုဒ်ရုပ်ရှင်ပြကွက်များ
– ဘောလုံးအားကစားအကြောင်းအရာများ

မြန်မာနှင့် နိုင်ငံတကာမှ ဂီတဗွီဒီယိုများစျေးနှုန်းသင့်တင့်ပြီး ပျော်ရွှင်စိတ်လှုပ်ရှားစရာ ဖျော်ဖြေရေးအစီအစဉ်များကို ခံစားကြည့်ရှုနိုင်မည့် Vuclip ဝန်ဆောင်မှုအား MPT ၏ မိုဘိုင်းလ်ဖုန်း မှတစ်ဆင့် ရယူနိုင်မည်ဖြစ်ပါသည်။ စတင်သုံးစွဲသူများအနေဖြင့် ပထမဆုံး ရ ရက်ကို အခမဲ့ဝင်ရောက် ကြည့်ရှုခွင့်ရရှိမည်ဖြစ်ပါသည်။ အဆိုပါဝန်ဆောင်မှုကို အသုံးပြုသူ များအနေဖြင့် အင်တာနက်ကို အချိန်တိုင်း ဖွင့်ထားရန် မလိုအပ်ဘဲ နောက်ပိုင်းတွင် Offline အနေဖြင့် ကြည့်ရှုနိုင်ရန် ဗွီဒီယိုများကို ဒေါင်းလုတ်ယူထားနိုင်မည်လည်းဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သော Mr.Reizo Umeda က “ကျွန်တော်တို့အနေနဲ့ အမြန်ဆုံး အင်တာနက်ဆုရရှိထားတဲ့ 3G နဲ့ 4G/LTE မိုဘိုင်းလ်ကွန်ရက် ကို မိတ်ဆက်ပြီးတဲ့နောက် MPT ကွန်ရက်ပေါ်ကနေ မိုဘိုင်းလ်ဗွီဒီယိုကြည့်ရှုနှုန်းဟာ အလျင်အမြန် တိုးတက်လာတဲ့ အရာတွေထဲက တစ်ခုဖြစ်လာပါတယ်။ ဒီ Vuclip Video Store ၀န်ဆောင်မှုကို မိတ်ဆက်ပေးရတဲ့ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က အသုံးပြုသူတွေကို ပိုမိုကောင်းမွန်ပြီး အရည်အသွေးကောင်းတဲ့ ဖျော်ဖြေရေးအစီအစဉ် အတွေ့အကြုံတွေကို နေရာတိုင်းမှာရှိတဲ့ ကျွန်တော်တို့အသုံးပြုသူတွေကို စျေးနှုန်းသက်သက်သာသာနဲ့ ၀န်ဆောင်မှုပေးနိုင်ဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့က အသုံးပြုသူတွေရဲ့ လိုအပ်ချက်ကို အမြဲတမ်းနားစွင့်ထားတဲ့အတွက်ကြောင့် သက်သာမှုရှိတဲ့ နေ့စဉ်နှုန်းထားတွေ နဲ့အတူ အရည်အသွေးမြင့် ဖျော်ဖြေရေး ဗွီဒီိယိုအသစ်တွေကို ကြည့်ရှူခံစားနိုင်မယ့် ဗွီဒီယိုစတိုးတစ်ခုကို မိတ်ဆက်ခွင့်ရတဲ့ အတွက် အထူးပဲ စိတ်လှုပ်ရှား မိပါတယ်” ဟု ပြောကြားပါသည်။

Vuclip ၏ Chief Revenue Officer ဖြစ်သူ Salman Hussain က “ အခုလို MPT နဲ့အတူ လက်တွဲပြီး MPTကို အသုံးပြုနေကြသူတွေဆီ ကျွန်တော်တို့ရဲ့ ဗီဒီယိုစတိုးကို မိတ်ဆက်ပြီး အသုံးပြုခွင့်ရစေတဲ့အတွက် အရမ်းပဲ ဝမ်းသာပီတိဖြစ်မိပါတယ်။ မူပိုင်ခွင့်နည်းပညာတွေနဲ့ တီထွင်ထားတဲ့ ကျွန်တော်တို့ရဲ့နည်းပညာက အသုံးပြုသူတွေအတွက် အထစ်အငေါ့မရှိ ကြည့်ရှူနိုင်မယ့် ခံစားမှုမျိုး ရရှိမှာဖြစ်ပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ မိုဘိုင်းလ်စျေးကွက်ဖွံ့ဖြိုးတိုးတက်မှု အလျင်အမြန်ဖြစ်ပေါ်နေတာနဲ့အညီ ကျွန်တော်တို့အနေနဲ့ လည်း အခုလိုအချိန်မှာ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့အတွက် တကယ်ကို စိတ်လှုပ်ရှား
နေမိပါတယ်။ ဒါ့အပြင် ဖျော်ဖြေရေးကဏ္ဍတစ်ခုအနေနဲ့ MPT နဲ့အတူ တိုးတက်မှု တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ်ပါဝင်ခွင့်ရတာ အလွန်ပျော်ရွှင်မိပါတယ်” ဟု ပြောကြား ပါသည်။

အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိလိုပါက သို့မဟုတ် ဝန်ဆောင်မှုအသစ်ကို ရယူလိုပါက http://www.vzonempt.com သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။

မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၈ အတွက် အနိုင်ရရှိသည့် အသင်း (၃) သင်းထွက်ပေါ်လာ

(ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၈ ခုနှစ်) – MPT နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) တို့ ပူးပေါင်းကျင်းပနေသည့် “မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၈” ၏ နောက်ဆုံး အဆင့် ရွေးချယ်ပွဲ သို့တက်လှမ်းခဲ့သော အသင်း (၁၀) သင်းမှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်တွင် ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်နယ်မြေရှိ MICT Park တွင် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး ၎င်းတို့အနက်မှ အနိုင်ရရှိသူများကို အပြီးသတ်ကြေညာနိုင်ခဲ့ပြီဖြစ်သည်။ အနိုင်ရရှိခဲ့သည့် အကောင်းဆုံး အသင်း (၃) သင်းမှာ Secret Art, DigiSportal နှင့် Doctor Kyaw တို့ ဖြစ်ပါသည်။

လျှောက်လွှာများ လျှောက်ထားခြင်းနှင့် ပဏာမရွေးချယ်ပွဲအစီအစဉ်များမှတစ်ဆင့် အဆင့်ဆင့် တက် လှမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်းမှ ရွေးချယ်ခံခဲ့ရသည့် အသင်း (၁၀) သင်းမှာ ၎င်းတို့၏ အောင်မြင်မှုနှင့် အနိုင်ရရှိရေးအတွက် နောက်ဆုံးအဆင့် ရွေးချယ်သည့် ယခုပွဲအတွင်း အကာင်းဆုံး ယှဉ်ပြိုင် ဆောင်ရွက်ခဲ့ကြ ပါသည်။ MPT နှင့် MCF တို့ပူးပေါင်းကျင်းပသည့် ယခုအစီအစဉ်မှာ မြန်မာနိုင်ငံကို နည်းပညာစွမ်းအားဖြင့် ရှေ့သို့လှမ်းချီစေရန်ကြိုးပမ်းကြသည့် နည်းပညာကျွမ်းကျင်သူ စွန့်ဦးတီထွင်မျိုးဆက်သစ်လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးထောက်ပံ့မှုပြုရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။

အရွေးချယ်ခံခဲ့ရသည့် အသင်း (၃) သင်းအနေဖြင့် ၎င်းတို့၏ကုမ္ပဏီအသစ်များအတွက် ကနဦး စတင် အလုပ် လုပ်ကိုင်ကြမည့် ကာလအတွင်း အပိုဆောင်း ထောက်ပံ့မှုအဖြစ် ကုမ္ပဏီမှတ်ပုံတင်ခွင့်၊ ရန်ကုန်အခြေစိုက် Incubation centre တစ်ခုဖြစ်သော Kanaung Hub တွင် (၆) လတာ ရုံးခန်းနေရာ အသုံးပြုခွင့် ရရှိမည့်အပြင် လုပ်ငန်း စတင်လည်ပတ်နိုင်ရန်အတွက် အထောက်အကူဖြစ်စေမည့် ဆုကြေးငွေ ကျပ်သိန်းငါးဆယ်ကိုလည်း လက်ခံ ရရှိခဲ့ပါသည်။ ပြိုင်ပွဲအတွင်း အောင်မြင်မှုရရှိရန်အတွက် အဖွဲ့များမှာ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော စခန်းသွင်းလေ့ကျင့်မှု အစီအစဉ်တစ်ရပ်တွင် ပါဝင်ခဲ့ကြပြီး ၎င်းတို့အနေဖြင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် ရှိရမည့် အခြေအနေ၊ ခံယူချက်နှင့် ၎င်းတို့၏ လူမှုဆက်ဆံရေးအတွက် လိုအပ်သည်များကို အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ hackathon များ နှင့် ပညာရှင်များ ကိုယ်တိုင် လေ့ကျင့်သင်ကြားပေးမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြရပြီး ဖြစ်ပါသည်။

အနိုင်ရရှိခဲ့သည့် (၃) သင်းအနက်မှ Secret Art အသင်းသည် မြန်မာ့ရသစာပေဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူဖြစ်စေရန်အတွက် ဓမ္မနှင့် ကလေးများအတွက် ပုံပြင်များပါဝင်သော audio book app ကို ရေးသားခဲ့ခြင်းဖြစ်သည်။ ဒုတိယဆုရရှိခဲ့သည့် DigiSportal သည် ကစားသူများကို ဆိုက်ဘာကဖေးများနှင့် ချိတ်ဆက်ပေးမည့် DiGicafe ကို ဖန်တီးထားခြင်းဖြစ်ပြီး တက္ကစီမောင်းသူများကို ခရီးသည်များနှင့် ချိတ်ဆက်ပေးမည့် ride-sharing app များနှင့် ပုံစံဆင်တူပါသည်။ အနီးစပ်ဆုံး ဆိုက်ဘာကဖေးကို အလွယ်တကူရှာဖွေနိုင်ပြီး မိမိအတွက်သာမက၊ သူငယ်ချင်းများအတွက်ပါ စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။ တတိယဆုရရှိခဲ့သည့် Dotctor Kyaw သည် စမတ်ဖုန်းအသုံးပြုသူတိုင်း သုံးစွဲနိုင်မည့် စျေးသက်သာသည့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု app တစ်ခုဖြစ်သည်။ အဆိုပါ app သည် သုံးစွဲသူများ၏ ကျန်းမာရေးကို AI စနစ်သုံး chatbot တစ်ခုမှ ခြေရာခံပေးနိုင်သည့်စနစ်ပါဝင်ပြီး အသုံးပြုသူများသည် ၎င်းတို့၏ကျန်းမာရေးနှင့် သက်ဆိုင်သည့် မေးခွန်းများကို ဖြေကြားပြီး (ဥပမာအားဖြင့် ဆေးဆိုင်သို့သွားရောက်ရန်လမ်းညွန်မှု) အကြံဉာဏ်များရယူနိုင်မည်ဖြစ်ပါသည်။

MPT အနေနှင့် မြန်မာလူငယ်များအတွက် ပိုမိုကောင်းမွန်သည့် အကျိုးရလဒ်များဖြစ်ထွန်းစေမည့် အခန်းကဏ္ဍ များတွင် စွမ်းစွမ်းတမံဖြင့် ပါဝင်ကူညီပေးလျက်ရှိနေပြီး ယခုစီစဉ်ပြုလုပ်သော လူငယ်နည်းပညာစွန့်ဦးတီထွင် ပြိုင်ပွဲမှာလည်း နိုင်ငံတွင်း သိပ္ပံနှင့် နည်းပညာဖွ့ံဖြိုးတိုးတက်ရေးအတွက် များစွာသော အထောက်အကူပြုရရှိ စေနိုင်ရေးအတွက် MPT မှ အခြေခံအုတ်မြစ်ချ ပူးပေါင်းဆောင်ရွက်မှုတစ်ခုလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း နေထိုင်သူများအနေဖြင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် စီးဆင်းရရှိမှု အနေအထားမှာ မြန်ဆန်ကောင်းမွန်သည့် အရှိန်အဟုန်တစ်ခုဖြင့် တိုးတက်လာမည်ဟု MPT အနေဖြင့် ယုံကြည်ထားပြီး လူမှုအဖွဲ့အစည်းများစွာကို ထောက်ပံ့ပေးခြင်းဖြင့် မြန်မာပြည်သူများ၏ လူမှုဘဝများကို ပိုမိုတိုးတက်လာစေမည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ COO ဖြစ်သူ Mr. Yoshiaki Benino က “MPT အနေနဲ့ မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၈ မှာ နောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်ခဲ့သူ တွေအတွက် အလွန်ဂုဏ်ယူမိပါတယ်။ ဒီအစီအစဉ်ရဲ့ အဓိကပံ့ပိုးပါဝင်သူ ဖြစ်တာနဲ့အညီ ကျွန်တော်တို့က နိုင်ငံတစ်ဝန်းက ပြည်သူတွေ ကြုံတွေ့နေတဲ့ ဒေသတွင်း ပြဿနာတွေကို ဖြေရှင်းပေးမယ့် တီထွင် ဆန်းသစ်မှုတွေ တိုးတက်စေဖို့အတွက် မြန်မာလူငယ်တွေက ကမ္ဘာ့အဆင့်မီ နည်းပညာတွေကို သုံးစွဲဆောင်ရွက်မှုကို တွေ့မြင်နေရတဲ့အပေါ် တကယ်ပဲသဘောကျနှစ်သက်မိပါတယ်။ ဒီယှဉ်ပြိုင်သူတွေက ပြိုင်ပွဲ တစ်လျှောက်မှာ အံ့အားသင့်ဖွယ်ရာ တိုးတက်မှုတွေကို ပြသနိုင်ခဲ့သလို သူတို့ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုကို လည်း ပိုကောင်းအောင် မွမ်းမံခဲ့ပါတယ်။ အနိုင်ရရှိသူတွေက သူတို့ရဲ့ စီးပွားရေးအစီအစဉ်တွေ ဖွံ့ဖြိုးတိုးတက် မှုတွေ ဖြစ်ပေါ်စေဖို့ အံ့အားသင့်ဖွယ်ရာ အခွင့်အလမ်းတွေကို ဘယ်လိုအသုံးချမလဲဆိုတာကို မြင်တွေ့ရဖို့ တကယ့်ကိုမစောင့်နိုင်လောက်အောင် ဖြစ်မိပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာပါဝင် ယှဉ်ပြိုင်ခဲ့သူအားလုံးကို သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ဂုဏ်ယူပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နောက်ဆုံးအဆင့်ပြိုင်ပွဲဝင် ကျန်အသင်းများမှာ Baby Lover, Myanmar CNC, Team Liquid, Particles, Team Hexasky, Butterfly နှင့် My Player တို့ ဖြစ်ပါသည်။

(ပြိုင်ပွဲဝင်များ၏ အချို့သော ဝန်ဆောင်မှု၊ထုတ်ကုန်များတွင် မိဘအသစ်စက်စက်များအတွက် ကလေးငယ်အား အကောင်းမွန်ဆုံး ပြုစု စောင့်ရှောက်နည်း၊ စက်မှုလုပ်ငန်းများတွင် သစ်သားနှင့် သံ ထည်ပစ္စည်းများအား အလိုအလျောက်ပုံသွင်း ဖြတ်တောက်ပေးခြင်း စနစ်၊ လယ်သမားများအတွက် လယ်ယာထွက်ကုန်များ ရောင်းချ ရန်နည်းလမ်းများ၊ နည်းပညာပေါ်မှတစ်ဆင့် ယုံကြည်စိတ်ချစွာ လှူဒါန်းနိုင်မည့် ပရဟိတစနစ်များ နှင့် ခရီးသွားခြင်းကို ခုံမင်သူများအတွက် ခရီးစဉ်များကြည့်ရှုလေ့လာ စီစဉ်နိုင်မည့် စနစ်များ၊ Voice ကိုအခြေခံထားသည့် Home Control System၊ My Player များ ပါဝင်သည်။ ) ၎င်းအသင်းများကိုလည်း နှစ်သိမ့်ဆုအဖြစ် တစ်သင်းလျှင် ဆုငွေကျပ် (၅)သိန်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ပြိုင်ပွဲတွင် အကောင်းဆုံးအသင်းတစ်သင်းအဖြစ် အနိုင်ရရှိထားသည့် Dr.Kyaw အသင်းက “အခုလို စိတ်လှုပ်ရှားဖို့ကောင်းလွန်းတဲ့ ပြိုင်ပွဲမှာ အနိုင်ရရှိတဲ့ အသင်းတစ်သင်းဖြစ်ခွင့်ရတာ ကျွန်တော်တို့အတွက် တကယ့်ကိုပဲ ပြောမပြတတ်အောင် ဝမ်းသာမိနေပါတယ်။ ဒီလိုပြိုင်ပွဲကြီးဖြစ်မြောက်အောင် စီစဉ်ပြုလုပ်ပေးတဲ့ MPT နဲ့ MCF ကိုလည်း ကျေးဇူးအများကြီး တင်တယ်ဆိုတာလည်း ထပ်ပြီးတော့ ပြောချင်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက လေ့ကျင့်သင်ကြားထားတဲ့ ကျွန်တော်တို့ရဲ့အရည်အချင်းတွေကို ဒီလိုနေရာမှာ အရည်အသွေးတစ်ခုအဖြစ် ချပြခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါတယ်။ ကျွန်တော်တို့ရဲ့အဖွဲ့ရဲ့  စီမံကိန်းနံမည်ကတော့ Dr.Kyaw ဖြစ်ပြီးတော့ ဒီပြိုင်ပွဲမှာ MPT က ပေးအပ်တဲ့ ဆုကြေးငွေ သိန်းငါးဆယ်နဲ့ Kanaung Hub မှာ (၆) လကြာလုပ်ငန်းနေရာကို အခမဲ့အသုံးပြုပြီး မြန်မာနိုင်ငံထဲမှာ နေထိုင်ကြတဲ့ နိုင်ငံသားတွေအတွက် သူတို့ရဲ့ နေ့စဉ်လူနေမှုဘဝတွေ ပိုပြီးဖွံ့ဖြိုးနိုင်ဖို့ ကျွန်တော်တို့ ဝန်ဆောင်မှုတွေက တစ်ဆင့် အကောင်းဆုံးလုပ်ဆောင် သွားမှာပါ။ ဒါ့အပြင် ကျွန်တော်တို့နဲ့အတူတူ ပြိုင်ပွဲဝင်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေ၊ အသင်းတွေ အားလုံးနဲ့ တွေ့ဆုံခွင့်ရတာ တကယ်ကို ကျေနပ်ဖို့ ကောင်းသလို သူတို့အတွက်လည်း တကယ်ကိုပဲ ဝမ်းသာဂုဏ်ယူမိတယ် လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဌ ဖြစ်သူ ဦးခွန်ဦး ကလည်း “MPT နဲ့ MCF တို့ ပထမဆုံးပူးပေါင်းလုပ်ဆောင်တဲ့ မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ်မှာ ထူးခြားတဲ့

ပြိုင်ပွဲဝင်တွေကို ရရှိထားပါတယ်။ MPT နဲ့အတူ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံအတွက် အကောင်းဆုံး အသစ်ဆုံးသော နည်းပညာစွန့်ဦးတီထွင်သူတွေ ပေါ်ထွက်လာစေဖို့ ရှာဖွေရတာဟာ အလွန်ပဲ ကောင်းမွန်လှ ပါတယ်။ ဒီပြိုင်ပွဲမှာ အကောင်းဆုံးကြိုးစားခဲ့ကြတဲ့ ပြိုင်ပွဲဝင်များအားလုံးအတွက် ဂုဏ်ယူပါကြောင်းနဲ့ အခုအရွေး ချယ်ခံခဲ့ရသူတွေကိုလည်း Kanaung Hub မှာ (၆)လကြာ အတူတူအလုပ်လုပ်ကိုင် နိုင်ကြဖို့အတွက် လည်းမျှော်လင့်နေပါတယ်” ပြောကြားခဲ့ပါသည်။

ယနေ့အထိ မြန်မာ့မိုဘိုင်းလ်ကွန်ရက်အော်ပရေတာများကို သုံးစွဲသူဦးရေမှာ သန်း ၅၀ ကျော်သွားပြီဖြစ်

(ရန်ကုန်၊ ဖေဖော်ဝါရီ ၉၊ ၂၀၁၈ ခုနှစ်) – မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းဆောင်ရွက်နေပြီးဖြစ်သော အော်ပရေတာသုံးခုဖြစ်သည့် MPT, အူရီဒူး နှင့် တယ်လီနော တို့၏ စုစုပေါင်းသုံးစွဲသူ ဦးရေသည် သန်း ၅၀ ကျော်ခဲ့ပြီဖြစ်ကာ အလျင်အမြန်တိုးတက်နေသော အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ၏ လူဦးရေ စုစုပေါင်းနီးပါးကို လွှမ်းခြုံနိုင်သည့် မှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါသည်။ ယခုအောင်မြင်မှု သည် ၂၀၁၄ ခုနှစ်က စတင်ခဲ့သောဆက်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက် ဖြေလျှော့မှုများကြောင့်ဖြစ်ပြီး အကျိုးဆက်အနေဖြင့် ခိုင်မာကောင်းမွန်သော အများနှင့်ယှဉ်ပြိုင်ရသည့် အခန်းကဏ္ဍကို ဖြစ်ထွန်းစေပြီး မြန်မာနိုင်ငံ၏ လူမှုအသိုက်အဝန်းအများအပြားအပေါ် အပေါင်းလက္ခဏာဆောင်သော အကျိုး သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့ပါသည်။

ဆက်သွယ်ရေးအခန်းကဏ္ဍ၏ တိုးတက်မှုအတွက် မြန်မာပြည်သူလူထုနှင့် ပြည်ထောင်စုအစိုးရ၏ ဆောင်ရွက်မှုများကြောင့်ဖြစ်ကြောင့်ဖြစ်ကြောင်း အော်ပရေတာမျာကကောင်းစွာနားလည်ပြီး ကျေးဇူးတင်ရှိ ကြပါသည်။ အော်ပရေတာများအနေဖြင့် မိုဘိုင်း ကွန်ရက်တိုးတက်မှု၊ အထူးသဖြင့် ဝေးလံခေါင်ဖျားသည့် ဒေသများတွင် ယခုထက်ပို၍ ဖွံ့ဖြိုးလာစေရန် ကတိကဝတ်များ ထပ်လောင်း အတည်ပြု ခဲ့ကြပြီး နောက်ဆုံးပေါ် 4G ကွန်ရက်အတွက် အခြေခံ အဆောက်အအုံကို လက်တွေ့အသုံးချရန်နှင့် အများပြည်သူထံ ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက်လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများ ထောက်ပံ့ရန် ကြိုးပမ်းခဲ့သည်။

ထို့အပြင် ဆက်သွယ်ရေးလုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရန်အတွက် ကတိပြုခဲ့ ကြပြီး တာဝန်ရှိသော အော်ပရေတာများအနေဖြင့် သုံးစွဲသူများက ပိုကောင်းသည့် ဝန်ဆောင်မှုများရရှိ စေရန် နှင့် ကောင်းမွန်သောစျေးကွက်တစ်ခု၏ သင်္ကေတများဖြစ်သော မှန်ကန်သည့် စျေးနှုန်းယှဉ်ပြိုင်မှု အလေ့အထများကို လိုက်နာရန် အသေအချာ ဆောင်ရွက်ခဲ့သည်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များမှ ချ မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအပေါ်တွင် အခြေခံပြီး မျှတစွာယှဉ်ပြိုင်ရန် သဘောတူညီခဲ့ကြသလို ဆက်သွယ်ရေး ဆိုင်ရာ အကောင်းဆုံးအလေ့အထများနှင့် ကျင့်ဝတ်ဆိုင်ရာ စီးပွားရေးလမ်းညွှန်ချက်များကို လိုက်နာ ရန် သဘောတူညီခဲ့ကြသည်။

ဆက်သွယ်ရေးအော်ပရေတာများလိုက်နာကျင့်သုံးရမည့် စည်းကမ်းဘောင်များကို ၂၀၁၇ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ဆက်သွယ်ရေး ဦးစီးဌာန၏ Pricing and Tariff Regulatory Framework ပါ သတ်မှတ်ကြမ်းခင်းစျေးအတိုင်း လိုက်နာဆောင်ရွက်ရန် ဆိုသည်မှာလည်းယင်းကဲ့သို့ စည်းမျဉ်စည်းကမ်းများမှ အချက်တစ်ခုပင် ဖြစ်ပါသည်။ ရှောင်ကြဉ်ရမည့် အပြုအမူများထဲတွင် ဆင်းမ်ကဒ်များကို အခမဲ့ ပေးဝေခြင်း၊ ဝန်ဆောင်မှုနှင့် ဟန်းဆက်များကို သဘောတူညီထားသည့် စျေးနှုန်းအောက် လျော့ပေါ့ ရောင်းချခြင်းနှင့် ဖြန့်ဝေခြင်းများမပြုလုပ်ရန်လည်းပါဝင်ကာ သတ်မှတ်ကြမ်းခင်းစျေးအတိုင်း လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
MPT, အူရီဒူး နှင့် တယ်လီနော တို့သည် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေများနှင့် လမ်းညွှန်ချက်များနှင့်အညီသာ ယှဉ်ပြိုင်ကြပါမည်ဟု ခိုင်မာစွာ ကတိကဝတ်ပြုထားကြပါသည်။

မြန်မာနိုင်ငံကို ဒီဂျစ်တယ်အနာဂတ်ဆီသို့ ဦးတည်သွားရောက်နိုင်ရန်အတွက် ဒုတိယအကြိမ်မြောက် Mobile Symposium ကို ကျင်းပ

၂ဝ၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်၊ နေပြည်တော် – မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိုင်စင်ရ အော်ပရေတာများဖြစ်ကြသည့် MPT, My Tel, အူရီဒူးမြန်မာနှင့် တယ်လီနောမြန်မာတို့ ပူးပေါင်း၍ နှစ်စဉ်ကျင်းပသည့် Myanmar Mobile Symposium ကို ဒုတိယအကြိမ်မြောက်အဖြစ် နေပြည်တော်တွင် ယနေ့ကျင်းပခဲ့သည်။ ယမန်နှစ်၏ အောင်မြင်မှုပေါ်တွင်မူတည်၍ မြန်မာနိုင်ငံအနေဖြင့် ဒီဂျစ်တယ်အနာဂတ်ကို ဖန်တီးနိုင်ရန် မည်ကဲ့သို့ အားစိုက်ဆောင်ရွက်နိုင်မည်ဆိုကြောင်းကို ရှင်းလင်းဆွေးနွေးရန်အတွက် ရည်ရွယ်ကျင်းပခဲ့သည့် ယနေ့အခမ်းအနားသို့ အယောက် ၂၀၀ခန့် တက်ရောက်ခဲ့ကြပါသည်။ ဒုတိယအကြိမ်မြောက်ကျင်းပသည့် ဆွေးနွေးပွဲ၌ ဆွေးနွေးပြောကြားခဲ့သူများမှ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများအကြားတွင် ဒီဂျစ်တယ်စနစ်၌ ထိပ်တန်းဦးဆောင်နိုင်ငံတစ်နို်င်ငံ ဖြစ်လာစေရန်အတွက် ၎င်းတို့၏ရည်မှန်းချက်ကို သိသာထင်ရှားစွာဖြင့် အရှိန်အဟုန်မြင့် အရောက်လှမ်းရာတွင် လိုအပ်သည့် အချက်အလက်များနှင့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြပါသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ နိုုင်ငံတကာကုမ္ပဏီများ ဖြစ်သည့် တယ်လီနော၊ အူရီဒူး၊ KDDI/SUMITOMO နှင့် Viettel တို့မှ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးစေရန် ကူညီအားဖြည့်သည့်အနေဖြင့် မိုဘိုင်းဆက်သွယ်ရေးကွန်ရက် ကိရိယာများနှင့် ဝန်ဆောင်မှုသစ်များ အပေါ်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာကြသည့်အတွက် မြန်မာ့ဆက်သွယ်ရေးကဏ္ဍသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပို်င်းအတွက် ထိပ်တန်းဦးဆောင် အခန်းကဏ္ဍတစ်ခုဖြစ်လာခဲ့သည်။

Myanmar Mobile Symposium ၌ ဆွေးနွေးပြောကြားသူများအဖြစ် ကမ္ဘာတစ်လွှားရှိ မိုဘိုင်းအော်ပရေတာများကို ကိုယ်စားပြုနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် GSMA မှ ကို်ယ်စားလှယ်များ၊ မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာလေးခု ၊ မြန်မာနိုင်ငံတော်အစိုးရ၊ ၀ါရှင်တန် ဒီစီ တွင် အခြေစိုက်သော ကမ္ဘာ့ဘဏ်၊ အိန္ဒိယနိုင်ငံမှ Telecom Regulatory Authority၊ နည်းပညာမြင့် ဆန်းသစ်တီထွင်မှုများပြုလုပ်နေသည့် ပြည်တွင်းလုပ်ငန်းဖြစ်သည့် Phandeeyar နှင့် ကမ္ဘာ့ဝန်ဆောင်မှုရန်ပုံငွေ အပိုင်း၌ ကျွမ်းကျင်သည့် အပြည်ပြည်ဆိုင်ရာ အကြံပေး Ms. Lynne Dorwood တို့မှ ပါဝင်ဆွေးနွေးပြောကြားခဲ့ကြပါသည်။

GSMA မှ Ms. Emanuela Lecchi က ဦးဆောင်၍ ဆက်သွယ်ရေးကုမ္ပဏီလေးခုမှ အမှုဆောင်အရာရှိချုပ်များမှ စမတ်ဖုန်းခေတ်ကို ကျော်လွန်ကူးပြောင်းခြင်းအတွက် မြန်မာနိုင်ငံအနှံ့အပြားတွင် မိုဘိုင်းဝန်ဆောင်မှုများ စတင်ဆောင်ရွက်ခဲ့ပြီးနောက် မည်သည့်အရာများကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။ “မြန်မာနိုင်ငံအနေနဲ့ ယခင် ဆက်သွယ်ရေးဖွ့ံဖြိုးမှုနည်းပါးရာ လူမှုဝန်းကျင်ကို four-generation မိုဘိုင်း ဆက်သွယ်ရေးခေတ်သို့ တိုက်ရိုက်ပြောင်းလဲခဲ့ခြင်းဟာ အခြားနိုင်ငံများထက် ပိုမိုမြန်မြန်ဆန်ဆန် တိုးတက်ပြောင်းလဲမှုကို ပြုလုပ်နိုင်ခဲ့ပါတယ်။” ဟု Ms. Lecchi က ပြောကြားလိုက်သည်။ ဆက်လက်၍ သူမက “ယခု ကျွန်မတို့အနေဖြင့် အနာဂတ်အတွက် နောက်ထပ်ခြေလှမ်းများစွာ ပိုပြီးလှမ်းနိုင်အောင် ကူညီပံ့ပိုးပေးလိုပါတယ်။” ဟု ပြောကြားလိုက်သည်။

ဆွေးနွေးပြောကြားသူများထဲမှ မြန်မာအစိုးရကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ မှ ဒေါက်တာဦးထွန်းသူရသက်က ဒီဂျစ်တယ်မြန်မာ လမ်းစဉ်ကို မျှဝေပေးခဲ့သည်။ Symposium တွင် အခြားသော ပါဝင်ဆွေးနွေးသူများကလည်း ဆက်သွယ်ရေးကဏ္ဍနှင့် စီးပွားရေး ဆက်လက်တိုးတက်ဖွံ့ဖြိုးရန်အတွက် မြန်မာအစိုးရနှင့် ဆက်သွယ်ရေးအော်ပရေတာများကို ဒေသတွင်းနှင့် နိုင်ငံတကာဆိုင်ရာ အကောင်းဆုံး လက်တွေ့ကျင့်သုံးလုပ်ဆောင်မှုများ၊ အဓိက စိန်ခေါ်မှုများနှင့် ဥပဒေဆိုင်ရာ ညီညွတ်မှုကို သေချာစေရန်အတွက် အလားအလာကောင်းသည့် ချဉ်းကပ်မှုပုံစံအမျိုးမျိုးတို့နှင့် စပ်လျဉ်း၍ ထောက်ပြပြောဆိုဆွေးနွေးခဲ့ကြပါသည်။

ဒုတိယအကြိမ်မြောက် မျက်နှာချင်းဆိုင်ဆွေးနွေးပွဲ၌ မိုဘိုင်းငွေကြေးနှင့် ပါတ်သတ်၍ ဆွေးနွေးခဲ့ကြပြီး ၄င်းဝန်ဆောင်မှုဖြင့် ဘဏ်များ (သို့မဟုတ်) ဘဏ်များ၏ ဆက်စပ်လုပ်ငန်းနှင့်အတူ ဆက်သွယ်ရေးအော်ပရေတာများမှ ၄င်းတို့၏ ၀န်ဆောင်မှုရယူထားသူများကို မိုဘိုင်းဖုန်းများမှတစ်ဆင့် ဒီဂျစ်တယ်ငွေကြေးကို ပေးပို့ရန်၊ လက်ခံရန်နှင့် စုဆောင်းထားခြင်းတို့ကို ပြုလုပ်စေနိုင်မည်ဖြစ်သည်။ Phandeeyar ၏ အမှုဆောင်အရာရှိချုပ်မှ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူများကို နိုင်ငံ၏ မိုဘိုင်းလုပ်ငန်းနှင့်ပါတ်သက်၍ ဆန်းသစ်တီထွင်ဆောင်ရွက်မှုအတွက် လက်ရှိအခြေအနေကို သုံးသပ်ရှင်းလင်း ပြောကြားခဲ့သည်။

MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Toshitake Amamiya က“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ရောက်ရှိလာဖို့အတွက် အခွင့်အလမ်းတွေကို တွေ့မြင်နေရပြီး အခုလိုအခြေအနေက ဆက်သွယ်ရေးကဏ္ဍအတွက် အပေါင်းလက္ခဏာဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ရှေ့ကိုလှမ်းချီနိုင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဒီလုပ်ငန်းမှာရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ပေးသူတွေနဲ့ အတူတကွပူးပေါင်းဆောင်ရွက်ပြီး ဒီလိုစည်းမျဉ်းစည်းကမ်းတွေက ရေရှည်မှာ စဉ်ဆက်မပြတ်တိုးတက်မှုရှိတဲ့ စီးပွားရေးဝန်းကျင်ကောင်းကိုရရှိအောင် အကူအညီပေးနိုင်တဲ့ တွန်းအားတစ်ခု ဖြစ််အောင် ဖော်ဆောင်ကြရမှာဖြစ်ပါတယ်။ ရှင်းလင်းတဲ့ ဥပဒေဟာ စျေးကွက်ရဲ့ လိုအပ်ချက်ကို ထိထိရောက်ရောက် ဖြည့်စွမ်းပေးနိုင်သလို တိုးတက်မှုအတွက် အထောက်အပံ့ကို ပေးမှာဖြစ်ပြီး မျှတတဲ့ယှဉ်ပြိုင်မှုတွေကို ဖော်ဆောင်ရာမှာ အရေးပါလှတဲ့အပြင် နောက်ဆုံးအနေနဲ့ သုံးစွဲသူတွေအတွက် ဝန်ဆောင်မှု အရည်အသွေးကိုလည်း မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

ကောင်းမွန်တဲ့ ဥပဒေနဲ့အတူ အချက်အချာကျတဲ့ အခြေခံအဆောက်အအုံတွေနဲ့ ပလက်ဖောင်းတွေမှာ ရင်းနှီးမြှုပ်နှံခြင်းကတစ်ဆင့် ကျွန်တော်တို့အနေနဲ့ စဉ်ဆက်မပြတ်တိုးတက်နေတဲ့ စျေးကွက်ကို မြင်တွေ့နိုင်မှာဖြစ်ပြီး မြန်မာလူမှုအဖွဲ့အစည်းတွေအားလုံးကို အကျိုးအမြတ်ကောင်းတွေ ဖော်ဆောင်ပေးစွမ်း နိုင်မှာဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Toshitake Amamiya ကပြောကြားခဲ့ပါသည်။

Telecom International Myanmar (Mytel) ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr. Nguyen Thanh Nam က “မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူများအတွက် broadband ဆက်သွယ်မှုဖြင့်အကောင်းဆုံးသော ထောက်ပံံံ့မှုများပေးနိုင်ရန် တိုးချဲ့ဆောင်ရွက်ခြင်းများ လိုအပ်နေပါသေးတယ်။ ထပ်မံပြီးတော့ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာနည်းပညာ အခြေခံအဆောက်အအုံများနှင့် ဒေသခံများ၏ ဆန်းသစ်တီထွင်မှုများအား မြှင့်တင်ခြင်းဟာဆိုရင် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီရာလည်းရောက်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။

အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr. Vikram Sinha က “ကျွန်တော်တို့ဟာ ဒီဂျစ်တယ်နိုင်ငံ ဖြစ်လာစေဖို့ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ရည်မှန်းချက်ကို ပံ့ပိုးပေးဖို့အတွက် ကတိအပြည့်အဝထားရှိပါတယ်။ ဒီရည်ရွယ်ချက်အောင်မြင်ဖို့အတွက် အူရီဒူးအနေဖြင့် အဆင်မြင့်နည်းပညာကို အသုံးပြုပြီး ကွန်ရက်ချိတ်ဆက်မှုတွေ တည်ငြိမ်ကောင်းမွန်ဖို့နှင့် ဒေတာနှုန်းမြန်ဆန်ဖို့ အတွက် ရေရှည်တည်တံ့ခိုင်မြဲမယ့် အခြေခံအဆောက်အအုံပိုင်းမှာရင်းနှီးမြှုပ်နှံရုံမျှမက စျေးနှုန်းသက်သာပြီး မြန်ဆန်တဲ့ ဒေတာဝန်ဆောင်မှုတွေနှင့်အတူ မြန်မာပြည်သူလူထု၏ ဘဝတွေပြည့်စုံကောင်းမွန်စေဖို့အတွက် ဆောင်ရွက် နေပါတယ်။ ကျွန်တော်တို့ရဲ့ အဆင့်မြင့်နည်းပညာနှင့် ဆန်းသစ်တီထွင်မှုတွေကနေတဆင့် သုံးစွဲသူတွေအတွက် အရည်အသွေးကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကိုပေးအပ်နိုင်တာအပြင် ကျေးလက်ဒေသတွေနဲ့ လူထုအားလုံးကို တစ်ဦးတစ်ယောက်ချင်းစီအတွက် ထူးခြားကောင်းမွန်တဲ့ အကောင်းဆုံးအင်တာနက်ကို နှစ်ခြိုက်စွာအသုံးပြုနိုင်စေဖို့ ပံံ့ပိုးပေးနိုင်မှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒုတိယအကြိမ်မြောက် Mobile Symposium ၏ အောင်မြင်မှုအတွက် ဝမ်းသာပါတယ်။ အူရီဒူးမြန်မာအနေဖြင့် မြန်မာနိုင်ငံအတွက် အောင်မြင်တဲ့ ဒီဂျစ်တယ်အနာဂတ်ကိုပိုင်ဆိုင်နိုင်အောင် ပံ့ပိုးပေးနိုင်ဖို့ နိုင်ငံတော်အစိုးရရယ် လုပ်ငန်းတူကုမ္ပဏီတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုကနေ ရရှိလာတာတွေပေါ်မှာမူတည်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ။”ဟု ပြောကြားလိုက်ပါသည်။

“အာရှရဲ့ခေတ်အမှီဆုံး မိုဘိုင်းအခြေခံအဆောက်အအုံထဲကတစ်ခုကို တည်ဆောက်ထားပြီးတာနဲ့အတူ နိုင်ငံရဲ့ ဒီဂျစ်တယ်ဆိုင်ရာ ရည်မှန်းချက်တွေ အမှန်တကယ်အကောင်အထည်ပေါ်လာစေရေး နောက်ထပ်အဆင့်တစ်ခုကို ရောက်ရှိဖို့ မြန်မာနိုင်ငံအနေနဲ့ အနေအထားကောင်းတစ်ရပ် ရှိနေပြီ ဖြစ်ပါတယ်။ သင့်လျော်မှန်ကန်တဲ့ အစီအစဉ်တွေကို အကောင် အထည်ဖော်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ် စီးပွားရေး သိသိသာသာဖွံ့ဖြိုးလာဖို့ အလွန်ကောင်းတဲ့ အလားအလာတစ်ရပ်လည်း ရှိနေပါပြီ။ အရည်အသွေးမြင့် ဒီဂျစ်တယ်ဝန်ဆောင်မှုတွေ ဖော်ဆောင်မှုကို အရှိန်မြှင့်နိုင်ဖို့ ဒီဂျစ်တယ် အခြေခံမူဘောင်တွေ၊ အခြေခံအုတ်မြစ်၊ ဂေဟစနစ်နဲ့ ကျွမ်းကျင်မှုတို့ အခြေတည်ရာ ခိုင်မာတဲ့ ဒီဂျစ်တယ် အခြေခံ အုတ်မြစ်တစ်ခု လိုအပ်နေမှုကို တယ်လီနောက မကြာသေးခင်ကမှ ထုတ်ပြန်ထားတဲ့ “ဒီဂျစ်တယ် မြန်မာ” အစီရင်ခံစာ ထဲမှာ ရှင်းလင်းဖော်ပြထားပါတယ်။ ဆက်သွယ်ချိတ်ဆက်နေတဲ့ လူမှုအသိုင်းအဝိုင်းမှာ ရရှိမဲ့ အကျိုးကျေးဇူးတွေကို အစိုးရ ရယ် စီးပွားရေးလုပ်ငန်းတွေရယ်နဲ့ မြန်မာနိုင်ငံသူ/သားတွေအားလုံး အပြည့်အဝရရှိကြစေရေး ကူညီပံ့ပိုးသွားဖို့ ရည်သန် ထားတာ နဲ့အညီ တယ်လီနောအနေနဲ့ အပြုသဘောဆောင်တဲ့ ပံ့ပိုး ရပ်တည်မှုတွေကို ဆက်လက် လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr. Lars Erik Tellmann က ပြောကြားလိုက်ပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဒု-ကြီးကြပ်ရေးမှူးရာထူး နေရာ(၃၂)နေရာ ခန့်ထားရေးအတွက် အောင်စာရင်း ထုတ်ပြန်ခြင်း

၁။            ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ခေါ်ယူ ထားသော လစာနှုန်းကျပ်(၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ဒု-ကြီးကြပ်ရေးမှူးရာထူး(၃၂) နေရာ တွင်ခန့်ထားနိုင်ရေးအတွက်ရွေးချယ်ခြင်းခံရသူများစာရင်းကိုအောက်ပါအတိုင်း ထုတ်ပြန်ကြေညာ လိုက်သည်- Continue reading “ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဒု-ကြီးကြပ်ရေးမှူးရာထူး နေရာ(၃၂)နေရာ ခန့်ထားရေးအတွက် အောင်စာရင်း ထုတ်ပြန်ခြင်း”