MPT မှ သုံးစွဲသူများအား ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို တိကျမှန်ကန်သော သတင်းအချက်အလက်များဖြင့် စာရင်းသွင်းလုပ်ဆောင်ရန် တိုက်တွန်း

(ရန်ကုန်၊ ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၂၉ ရက်) – ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) ၏ ညွှန်ကြားချက်များအရ မိုဘိုင်းလ်ဖုန်းအသုံးပြုသူများအနေဖြင့် မိမိတို့၏ ဆင်းမ်ကတ်များကို ဝယ်ယူပြီးချိန်မှစ၍ မှတ်ပုံတင်ရန်လိုအပ်ပြီး MPT အ‌နေဖြင့် ပြည့်စုံမှန်ကန်သောအချက်အလက်များဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း မပြီးမြောက်သေးသော သုံးစွဲသူများအား သတ်မှတ်ထားသော နောက်ဆုံး ရက်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၃၀) ရက်နေ့မတိုင်မီ တိကျမှန်ကန်သော ကိုယ်ရေးအချက်အလက်များ ဖြင့် စာရင်းသွင်းလုပ်ဆောင်ကြရန် အလေးအနက်ထား တိုက်တွန်းလိုက်ပါသည်။

၂၀၂၀ ပြည့်နှစ်၊ မေလ ၁ ရက် မှစပြီး ဆင်းမ်ကတ် (၂) ကတ်ထပ်ပို၍ မှတ်ပုံတင်ထားသော ဆင်းမ်ကတ်များ နှင့် အချက်အလက်မှန်ကန်စွာ မှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းမ်ကတ်များသည် အထွက်ဖုန်းခေါ်ဆိုခြင်း၊ SMS စာတိုပို့ခြင်း၊ အင်တာနက်အစရှိသော MPT ၏ ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်မဟုတ်ပဲ Call Center ၁၀၆ သို့ ဖုန်းခေါ်ဆိုခြင်းမှလွဲ၍ One Way Blocked အနေဖြင့် အဝင်ဖုန်းလက်ခံခြင်းကိုသာ ပြုလုပ်နိုင်မည်ဖြစ်သည်။ သို့သော် မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မိုဘိုင်းလ်ဖုန်းအသုံးပြုသူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

MPT ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းသည် မြန်ဆန်ပြီးလွယ်ကူသော လုပ်ဆောင်မှုတစ်ရပ်ဖြစ်ပြီး *601# သို့ ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် (သို့မဟုတ်) MPT ၏ Customer Self-care ဝက်ဘ်ဆိုက်ဖြစ်သည့် http://care.mpt.com.mm မှလည်းကောင်း သတ်မှတ်ထားသော နည်းလမ်းများ မှတစ်ဆင့် အခမဲ့စာရင်းသွင်း မှတ်ပုံတင်နိုင်ပါသည်။ MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ ဆင်းမ်ကတ်များကို မှတ်ပုံတင်ရာတွင် ပြည့်စုံမှန်ကန်သော တရားဝင်အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တို့အား ပြန်လည်စိစစ်ရန် အထူးလိုအပ်ပါသည်။ MPT Ownshop များ နှင့် MPT Branded Shop များ တွင်လည်းပြုလုပ်နိုင်မည်ဖြစ်သည်။

ထို့အပြင် MPT သုံးစွဲသူများအားလုံးသည် ကိုယ်ရေးအချက်အလက်များအား ပြည့်စုံမှန်ကန်စွာ ပြင်ဆင်ဖြည့်စွက်၍ မှတ်ပုံတင်မည်ဆိုပါက 1GB အင်တာနက် ဒေတာအပိုဆုကို ရရှိခံစားနိုင်မည်ဖြစ်သည်။ ထို့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့်လည်း MPT ၏ Customer Self-care ဝက်ဘ်ဆိုက်ဖြစ်သည့် http://care.mpt.com.mm မှ တစ်ဆင့် အချက်အလက်မှန်ကန်စွာ ပြင်ဆင်၍ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဆင်းမ်ကတ်သည် အထွက်ခေါ်ဆိုမှုပိတ်ထားခြင်း (One Way Blocked) အခြေအနေတွင် ရောက်ရှိနေပါက အထက်တွင် ဖော်ပြထားသော နည်းလမ်းများကို အသုံးပြု၍ ဆင်းမ်ကတ်များကို အချက်အလက်မှန်ကန်စွာဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၃၀) ရက်မတိုင်မီ စာရင်းသွင်း မှတ်ပုံတင်မည်ဆိုပါက ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အကယ်၍ သတ်မှတ်ကာလ အတွင်း (မေလ နှင့် ဇွန်လအတွင်း) အချက်အလက်မှန်ကန်စွာဖြင့် ဆင်းမ်ကတ်မှတ်ပုံ တင်ခြင်းကို မပြုလုပ်ထားသည့် ဆင်းမ်ကတ်များကို အပြီးပိတ်သိမ်းသွားမည်ဖြစ်သည်။

“ပုံမှန်အသုံးပြုနိုင်တဲ့ ဆင်းမ်ကတ်ရဲ့ အရေးပါမှုကို ကျွန်တော်တို့အနေနဲ့ သိရှိနားလည်ပြီး MPT သုံးစွဲသူတွေ အတွက် သူတို့ရဲ့ မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ချိတ်ဆက်ရာမှာ အဆက်အသွယ်မပြတ် ရှိစေချင်ပါတယ်။ MPT သုံးစွဲသူအားလုံးအနေနဲ့လည်း ပြည့်စုံမှန်ကန်တဲ့ တရားဝင်အမည်နဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်တို့ကို ဖြည့်စွက်ပြီး ဆင်းမ်ကတ်မှတ်ပုံတင်ဖို့ လိုအပ်တာကြောင့် နေရာဒေသမရွေး လွယ်ကူမြန်ဆန်စွာ လုပ်ဆောင်နိုင်ဖို့ သုံးစွဲသူတွေရဲ့ အိမ်ကနေလည်း မှတ်ပုံတင်လို့ရတဲ့ ရိုးရှင်းတဲ့ အွန်လိုင်းကနေတစ်ဆင့် ပြုလုပ်လို့ရတဲ့ဝန်ဆောင်မှုတွေကိုလည်း ဆောင်ရွက်ပေးထားပါတယ်။” ဟု MPT-KSGM JO ၏ Chief Commercial Officer ဖြစ်သူ Mr. Tetsunori Nagashima က ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းသည် ဥပဒေအရ အမှန်တကယ်လိုအပ်ပြီး ဆင်းမ်ကတ်များစွာ ကိုင်ဆောင်ထား သူများကြောင့် မိုဘိုင်းလ်ဖုန်းနံပါတ်များရှားပါးမှုကို ရှောင်ရှားနိုင်ရန်နှင့် တရားမဝင် ရာဇဝတ်မှုများ ကျူးလွန် ထားသော မသမာသူများကို တားဆီးခြေရာခံနိုင်ရန်အတွက် ကမ္ဘာအဝှမ်းရှိ ဆက်သွယ်ရေးအော်ပရေတာ များမှ လက်ရှိကျင့်သုံးလုပ်ဆောင်လျက်ရှိသည့် အရေးကြီးကိစ္စရပ်တစ်ခုဖြစ်ပါသည်။ ဆက်သွယ်ရေး ဝန်ဆောင်မှုများအသုံးပြုရာတွင် မျှော်လင့်မထားသော နှောင့်ယှက်မှုများမှ ရှောင်ရှားနိုင်ရန်အတွက် အသုံးပြု သူတိုင်းသည် ဆင်းမ်ကတ်မှတ်ပုံတင်ရာတွင် တိကျသောကိုယ်ရေးအချက်အလက်များနှင့် မှတ်ပုံတင်ရန် အလွန်အရေးကြီးသည်။

PT SIM Card မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

တန်ဖိုးထားလေးစားရပါသော MPT သုံးစွဲသူမိဘပြည်သူများခင်ဗျာ

တန်ဖိုးထားလေးစားရပါသော MPT သုံးစွဲသူမိဘပြည်သူများခင်ဗျာ
ဗဟန်းမြို့နယ်ရှိစျေးဝယ်စင်တာတစ်ခု၌ မိမိတို့နှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်နေသည့် ကုမ္ပဏီ၏ စီမံခန့်ခွဲမှု အောက်တွင်ရှိသော MPT အမှတ်တံဆိပ်ဆိုင်တွင် အလုပ်တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦး၌ COVID-19 ရောဂါကို စစ်ဆေးတွေ့ရှိ ကြောင်း ယမန်နေ့က သိရှိခဲ့ရပါသည်။
အဆိုပါကိစ္စနှင့် စပ်လျဥ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MOHS) နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ညွှန်ကြားချက်များနှင့်အညီ မိမိတို့မှ အပြည့်အဝလိုက်နာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မိမိတို့နှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်နေသည့် ကုမ္ပဏီ၏ စီမံခန့်ခွဲမှု အောက်တွင်ရှိသော MPT အမှတ်တံဆိပ်ဆိုင်မှ ရောဂါကူးစက်ခြင်းခံရသည့် ဝန်ထမ်းနှင့် အတူတကွ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၊ တိုက်ရိုက်ထိတွေ့မှုရှိသူများကို ၂၁ ရက်တိတိ အသွားအလား ကန့်သတ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လက်ရှိအချိန်အထိ မိမိတို့MPT ဝန်ထမ်း တစ်ဦးတစ်ယောက်မျှ အဆိုပါ ရောဂါပိုးကူးစက်ခံရသူ ဝန်ထမ်းနှင့် အနီးကပ်ထိတွေ့မှု မရှိကြောင်းကိုလည်း တွေ့ရှိထားပါသည်။
မိမိတို့အနေဖြင့် MOHS ၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းအတွင်းနှင့် လုပ်ငန်းပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ယခုလိုဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများဖြစ်ပေါ်ခဲ့သည့် အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။

MPT က MPT4U မှတစ်ဆင့် “Saw Saw Shar” မိုဘိုင်းလ် အက်ပလီကေးရှင်းအား ဒေါင်းလုတ်ရယူသည့် သုံးစွဲသူများကို 1GBဒေတာ အပို လက်ဆောင်ပေးအပ်သွားမည်

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၁ ရက်) – MPT သည် ယနေ့မှစတင်၍  သုံးစွဲသူများအတွက်  ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းဖြင့် MPT ကွန်ရက်ကိုအသုံးပြုကာ COVID-19 ကို ကာကွယ်တိုက်ခိုက်ရာတွင် အထောက်အပံ့ဖြစ်စေမည့် COVID-19 App ဖြစ်သည့် , “Saw Saw Shar” မိုဘိုင်းလ် အက်ပလီကေးရှင်းကို MPT4U မှတစ်ဆင့်ဒေါင်းလုတ်ပြုလုပ်ခြင်း၊ installation (ဖုန်းထဲသို့ ထည့်သွင်းခြင်း) ပြုလုပ်သည့် သုံးစွဲသူများကို 1GB ဒေတာအပိုလက်ဆောင် ပေးအပ်သွားမည် ဖြစ်သည်။

“Saw Saw Shar” မိုဘိုင်းလ် အက်ပလီကေးရှင်းသည် COVID-19 ရောဂါ နှင့် ပတ်သက်သည့် ကူးစက်နိုင်ခြေရှိသူများကို ရှာဖွေခြင်း၊ ရောဂါကူးစက်မှုကို ထိန်းချုပ်ခြင်းနှင့် အရေးပေါ်တုန့်ပြန်ဆောင်ရွက်မှု လုပ်ငန်းစဥ်များကို ကူညီဆောင်ရွက်နိုင်ရန် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ICT နည်းပညာအထောက်အကူပြုလုပ်ငန်းအဖွဲ့တို့က ရေးဆွဲခဲ့ခြင်းဖြစ်သည်။

MPT သုံးစွဲသူများသည် “Saw Saw Shar” မိုဘိုင်းလ်အက်ပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ်ပြုလုပ်၍ အသုံးပြုနိုင်မည်ဖြစ်သည့်အပြင် ဇူလိုင်လ ၃၁ ရက်အထိ 1GB ဒေတာအပိုလက်ဆောင်ကို ရယူနိုင်မည်ဖြစ်သည်။ 1GB ဒေတာအပိုလက်ဆောင် ကိုရရှိရန် MPT သုံးစွဲသူများသည် MPT4U မှတစ်ဆင့် “Saw Saw Shar” မိုဘိုင်းလ်အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူခြင်း၊  ထည့်သွင်းခြင်းကို ပြုလုပ်ခြင်း နှင့် SIM Card များကို အချက်အလက်မှန်ကန်စွာ ဖြည့်သွင်း၍ မှတ်ပုံတင်ခြင်းတို့ကိုပြုလုပ်ရန် လိုအပ်မည် ဖြစ်သည်။ အချက်အလက်မှန်ကန်စွာဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို မပြုလုပ်ရသေးပါက App ကိုဒေါင်းလုတ်ပြီး (၃)ရက်အတွင်းပြုလုပ်ခြင်းဖြင့် 1GB ဒေတာ အပိုလက်ဆောင်ကို ရရှိနိုင်မည် ဖြစ်သည်။

“Saw Saw Shar” မိုဘိုင်းလ် အက်ပလီကေးရှင်းကို MPT4Uမှတစ်ဆင့် ဒေါင်းလုတ်ရယူရန် အောက်ပါညွှန်ကြားမှုများအတိုင်းဆောင်ရွက်နိုင်မည်ဖြစ်သည်။

(၁) MPT4U App ကို *4040 # ကို ခေါ်ဆိုပြီး ဒေါင်းလုတ် URL လင့်ခ်ကိုရယူလိုက်ပါ။

(၂) MPT4U App ကိုဖွင့်ပြီး “Saw Saw Shar” banner ပုံလေးကိုနှိပ်ပါ။

(၃) ဒေါင်းလုတ်စာမျက်နှာပေါ်ရှိ ဒေါင်းလုတ် ခလုတ်ကိုနှိပ်ပါ။

ဒေတာအပိုလက်ဆောင်ကို သုံးစွဲသူတစ်ဦးလျှင် တစ်ကြိမ်သာရရှိမည် ဖြစ်ပြီး အဆိုပါ လက်ဆောင်ကို ရက် (၃၀) သက်တမ်းအတွင်း အသုံးပြုနိုင်မည် ဖြစ်သည်။

 

“MPT ဟာ ပုံမှန်ချိန်တွေသာမကပဲ ယခုလို ခက်ခဲတဲ့အချိန်တွေမှာလည်း ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးအပ်ဖို့အတွက် အမြဲ စဥ်းစားဆောင်ရွက်လျက်ရှိပါတယ်။ သုံးစွဲသူတွေ အနေနဲ့လည်း ဒီ “Saw Saw Shar” မိုဘိုင်းလ်အက်ပလီကေးရှင်းကို အသုံးပြုပြီး ဒေတာကုန်ကျမှုမရှိဘဲ COVID-19 နဲ့ ပတ်သက်တဲ့ လက်ရှိ သတင်းအခြေအနေတွေကို ပိုမိုပြီးသိရှိမယ်၊ လိုအပ်တဲ့ ဒီအက်ပလီကေးရှင်း အသုံးပြုမှုမှာ ဒေတာခ ကုန်ကျမှုမရှိဘဲ အသုံးပြုနိုင်ဖို့ ပါဝင်လာနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်”  ဟု MPT-KSGM JO ၏ Chief Commercial Officer ဖြစ်သူ Mr.Tetsunori Nagashima က ပြောကြားသည်။

MPT သည် အများပြည်သူများအတွက် မရှိမဖြစ် လိုအပ်သော ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့များ ဖြစ်သည့် COVID-19 တိုက်ဖျက်ရေးကြိုးပမ်းမှုများတွင် နေရာ ၆နေရာရှိ အသွားအလာ ကန့်သတ်ထားသူများအတွက် အင်တာနက်ပါဝင်သော ဆင်းမ်ကတ် ၁၅, ၄၀၀ ပေးအပ်ခြင်း၊ သတင်းဌာန ဝက်ဘ်ဆိုက်များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ ဝက်ဘ်ဆိုက်များသို့ အင်တာနက်ဖိုး အခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ်၏ဖုန်းနှင့် ဆွေးနွေးအကြံပြုစင်တာများသို့ အခမဲ့ဖုန်းခေါ်ဆိုနိုင်ရန် စီစဥ်ပေးခြင်းတို့ကိုလည်း ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။

ထို့အပြင် MPT သည် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၀ ခု ရှိ အသွားအလာကန့်သတ် ဆောင်ရွက်ထားသော နေရာများ၊ ဆေးရုံများ၊ ကုသမှု စင်တာများ၊ ကျောင်းများနှင့် အဖွဲ့အစည်းများသို့ FTTH နှင့် B2B Fiber အင်တာနက်ဆက်သွယ်မှု ၄၀ ခု အထိ   ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။

ဝန်ဆောင်မှုနှင့် ပတ်သက် ၍ ထပ်မံသိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍သော် လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

Facebook ၊ MPT တို့မှ စာသားသီးသန့် Facebook ဗားရှင်းကို ကျန်းမာရေး အခက်အခဲဖြစ်နေစဥ်ကာလအတွင်း အသုံးပြုနိုင်ရန် မိတ်ဆက်

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၁ ရက်နေ့ – Facebook နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တို့ပူးပေါင်း၍ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် အင်တာနက်ဒေတာ ကုန်ကျစရိတ်မရှိဘဲ ကြည့်ရှု့ အသုံးပြုနိုင်မည့် စာသားသီးသန့် Facebook ဗားရှင်းတစ်ခုအား မိတ်ဆက်ပေးမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာလိုက်ပါသည်။

ပြည်သူများအနေဖြင့် COVID-19 ကျန်းမာရေး အခက်အခဲဖြစ်နေစဥ်ကာလအတွင်း မှန်ကန်တိကျသည့် သတင်း အချက်အလက်များ ရယူနိုင်ရန်နှင့် မိမိတို့ ချစ်ခင်ရသူများနှင့် ဆက်သွယ်ပြောဆိုနိုင်ရန် အလွန် အရေးကြီး ပါသည်။ ယခု အစီအစဉ်မှတစ်ဆင့် မြန်မာနိုင်ငံရှိ MPT သုံးစွဲသူများမှာ Facaebook ၏ ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက်စင်တာအပါအဝင် အရေးကြီးသတင်းအချက်အလက်များကို မိမိတို့၏ မိုဘိုင်းလ်ဒေတာ ကုန်ကျစရိတ် မရှိဘဲ ယခင်ကထက်ပို၍ ပုံမှန် ရယူသိရှိနိုင်ပြီ ဖြစ်ပါသည်။

ဘယ်လို အသုံးပြုနိုင်မယနေ့မှစပြီး MPT သုံးစွဲသူများအနေဖြင့်  အင်တာနက်ဒေတာဖိုး ကုန်ကျမှုမရှိဘဲ စာသားသီးသန့် အသုံးပြုနိုင်သည့် Facebook နှင့် Messenger ဗားရှင်းများအား ရွေးချယ်အသုံးပြုနိုင်ပြီ ဖြစ်သည်။

“မြန်မာနိုင်ငံကလူတွေ အချင်းချင်း ဆက်သွယ်ရာမှာ အဓိကသုံးနေကြတဲ့ နည်းလမ်းတွေထဲမှာ Facebook ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကျန်းမာရေး အခက်အခဲဖြစ်နေတဲ့ ကာလမှာ အင်တာနက် ဒေတာဖိုး မကုန်ဘဲ COVID-19 နဲ့ပတ်သက်တဲ့ ယုံကြည် စိတ်ချရတဲ့ ကျန်းမာရေး အချက်အလက်တွေ ရယူနိုင်ဖို့၊ ကိုယ်ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ် မပြတ်ဖို့  အရမ်းအရေးကြီးပါတယ်။ ဒီလို အသက်တမျှ အရေးကြီးတဲ့ကာလမှာ တစ်ဦးနဲ့တစ်ဦး အဆက်အသွယ် မပြတ်ဖို့ အရေးကြီးတယ်လို့ ကျွန်တော်တို့ ယုံကြည်လက်ခံထားသလို အသုံးပြုသူတွေအနေနဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေကို သိရှိရယူနိုင်ဖို့ ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်က ကူညီပံ့ပိုးပေးနိုင်တဲ့အတွက်လည်း ပျော်ရွှင်ကျေနပ်မိပါတယ်” ဟု  Facebook ၏ Connectivity and Access Policy အဖွဲ့မှ Public Policy Manager ဖြစ်သူ Tom Chottayil Varghese ကပြောသည်။

“ MPT အနေနဲ့ ဒီလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ မြန်မာနိုင်ငံက ပြည်သူတွေ တစ်ဦးနဲ့တစ်ဦး အမြဲ ထိတွေ့ဆက်သွယ်နိုင်အောင် ဆောင်ရွက်ပေးနေဖို့က အဓိက ဦးစားပေးပါပဲ။ ကျွန်တော်တို့အနေနဲ့လည်း MPT သုံးစွဲသူတွေအတွက် သူတို့ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ် မပြတ်အောင်၊  တိကျမှန်ကန်မှုရှိတဲ့ အရေးအကြီးဆုံး ကျန်းမာရေး သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ရယူနိုင်အောင် ယုံကြည်အားထားရတဲ့ ဆက်သွယ်ရေးကွန်ရက်တစ်ခုရှိဖို့ အလွန် အရေးကြီးတယ်ဆိုတာ နားလည်လက်ခံထားပါတယ်။ အခုလို Facebook နဲ့ ပူးပေါင်းဆောင်ရွက်လိုက်တဲ့အတွက် MPT သုံးစွဲသူတွေအနေနဲ့ အင်တာနက်ဒေတာဖိုး ကုန်ကျစရာ မလိုဘဲ Facebook ဗားရှင်းတစ်ခုကို ရယူအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် MPT အနေနဲ့ COVID-19 ကူးစက်ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေနဲ့  တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု MPT-KSGM JO ၏ Chief Commercial Officer ဖြစ်သူ Mr.Tetsunori Nagashima က ပြောသည်။

“ ကျွန်တော်တို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ COVID-19 ကျန်းမာရေး အခက်အခဲဖြစ်နေစဥ် ကာလမှာ ပြည်သူတွေအတွက် ပိုပြီး အဆင်ပြေမယ့် ဝန်ဆောင်မှုတွေပေးဖို့ ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာတွေကို တိုက်တွန်းခဲ့ပါတယ်။ အခုလို ကပ်ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ ပြည်သူတွေကို တစ်ဦးနဲ့တစ်ဦး အဆက်အသွယ် မပြတ်စေဘဲ ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေး သတင်းအချက်အလက်တွေ ရရှိနိုင်အောင် Facebook နဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တို့ ပူးပေါင်းပြီး ငွေကြေး အကုန်အကျမရှိတဲ့ Facebook ဗားရှင်းတစ်ခုကို မိတ်ဆက်ပေးတဲ့အတွက် အထူးပဲ ဝမ်းသာကျေနပ်မိပါတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက ပြောသည်။

ပြည်သူများအား ယုံကြည်စိတ်ချရသော ကျန်းမာရေး သတင်းအချက်အလက်များနှင့် ချိတ်ဆက်ပေးခြင်း

COVID-19 အား အရေးပေါ် ကျန်းမာရေးအခြေအနေအဖြစ် ကြေညာပြီးသည့် အချိန်မှစ၍ Facebook သည် ယုံကြည်စိတ်ချရသော ကျန်းမာရေး သတင်းအချက်အလက်များ အလွယ်ကကူ ရရှိနိုင်ရန်နှင့် ပြည်တွင်း ကျန်းမာရေး အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်များအား ပံ့ပိုးကူညီနိုင်ရန် ပြည်တွင်း၊ ပြည်ပရှိ ကျန်းမာရေး အဖွဲ့အစည်းများနှင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ ယခုလ အစောပိုင်းတွင် မြန်မာ နိုင်ငံရှိ ပြည်သူများအတွက် ယုံကြည်စိတ်ချရသည့် ကျန်းမာရေးအဖွဲ့အစည်းများမှ သတင်းအချက်အလက်များနှင့် သတင်းရင်းမြစ်များကို စုစည်းပေးထားသော နေရာတစ်ခုအဖြစ်  COVID-19 သတင်းအချက်အလက် စင်တာကို စတင် မိတ်ဆက်ပေးခဲ့သည်။ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ UNICEF Myanmar နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (MOHS) တို့မှ ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်များ၊ သတင်းရင်းမြစ်များနှင့် ချိတ်ဆက်ပေးလျက် ရှိပါသည်။

အဆိုပါ သတင်းအချက်အလက်စင်တာကို ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှ လေ့လာဖတ်ရှုနိုင်ရန် ဘာသာစကားပေါင်း (၄၀) ကျော်ဖြင့် ဖော်ပြပေးလျက် ရှိသည်။

MPT အနေဖြင့်လည်း COVID-19 ကာလအတွင်း မြန်မာနိုင်ငံရှိ သုံးစွဲသူများအချင်းချင်း ပိုမို ဆက်သွယ်နိုင်ရန် အတွက် “နာရီတိုင်းမှာ ၅ မိနစ်စာ” အထူးအစီအစဉ် အစီအစဉ်အပါအဝင် ဆက်သွယ်ရေးဆိုင်ရာ အထူးဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပြီး COVID-19 ရောဂါတုံ့ပြန်ရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြိုးပမ်းဆောင်ရွက်ရာတွင် ပူးပေါင်း ပါဝင်လျက် ရှိပါသည်။  ထို့အပြင် MPT မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝက်ဘ်ဆိုက်၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း ဝက်ဘ်ဆိုက်နှင့် နာမည်ကြီး သတင်းမီဒီယာ ဝက်ဘ်ဆိုက် (၄) ခုသို့ အင်တာနက် ဒေတာဖိုး အခမဲ့ဖြင့် အကန့်အသတ်မရှိ ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ရန် ဆောင်ရွက်ပေးထားပါသည်။

MPT သည် နိုင်ငံတစ်ဝန်းရှိ အသွားအလာ ကန့်သတ်ထိန်းချုပ်စောင့်ကြည့်လျက်ရှိသော နေရာ (၄၀) ခု အတွက် ဖိုင်ဘာအင်တာနက် တပ်ဆင်ပေးထားပါသည်။ ရန်ကုန်၊ နေပြည်တော်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တို့ရှိ အသွားအလာ ကန့်သတ်ထိန်းချုပ်စောင့်ကြည့်ထားသည့် နေရာများတွင် ရောက်ရှိနေသူများအတွက် မိသားစုများ၊ ကျန်းမာရေး တာဝန်ရှိသူများနှင့် အဆက်အသွယ်မပြတ်စေရန် MPT မှ မိုဘိုင်းလ်ဒေတာပါဝင်သည့် ဆင်းမ်ကတ် (၁၅,၄၅၀) ကျော်ကိုလည်း ပေးအပ်လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် MPT သည် အဓိကကျသော ဆက်သွယ်ရေး အခန်းကဏ္ဍမှ ဆက်လက်ပံ့ပိုးပေးလျက်ရှိ

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၀ ရက်) – မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို  အရှိန်အဟုန်ဖြင့် ဆက်လက်လုပ်ဆောင်နေသကဲ့သို့  MPT အနေဖြင့် လည်း မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရာဒေသအသီးသီးတွင် အဆင့်မြင့် ဆက်သွယ်ရေး နည်းပညာများနှင့် ဝန်ဆောင်မှုများကိုပေးအပ်ခြင်းနှင့် အများပြည်သူတို့အတွက် မရှိမဖြစ် လိုအပ်သော ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့များကို ဆင့်ပွားတိုးချဲ့ လုပ်ဆောင်လျက် ရှိပါသည်။

 

မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သည့် MPT အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် COVID-19 တိုက်ဖျက်ရေးကြိုးပမ်းမှုများတွင် အသွားအလာကန့်သတ်ထားသူများ အတွက် အင်တာနက်ပါဝင်သော ဆင်းမ်ကတ်များပေးအပ်ခြင်း၊ သတင်းဌာနဝက်ဘ်ဆိုက်များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ ဝက်ဘ်ဆိုက်များသို့ အင်တာနက်ဖိုး အခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ်၏ဖုန်းနှင့် ဆွေးနွေးအကြံပြုစင်တာများသို့ အခမဲ့ဖုန်းခေါ်ဆိုနိုင်ရန် စီစဥ်ပေးခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ စောင့်ကြည့်လူနာများအား ထားရှိရာ အသွားအလာကန့်သတ် ဆောင်ရွက်ထားသော စင်တာများသို့  ဖိုင်ဘာအင်တာနက် အသုံးပြုနိုင်သည့် ဝန်ဆောင်မှုပေးအပ်ထားခြင်းများကိုလည်း စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။   လွန်ခဲ့သည့် ရက်သတ္တပတ်များတွင် MPT သည် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၀ ခု ရှိ အသွားအလာကန့်သတ် ဆောင်ရွက်ထားသော နေရာများ၊ ဆေးရုံများ၊ ကုသမှု စင်တာများ၊ ကျောင်းများနှင့် အဖွဲ့အစည်းများသို့  FTTH နှင့် B2B Fiber အင်တာနက်ဆက်သွယ်မှု  ၄၀ ခု အထိ  တိုးချဲ့ကာ ပံ့ပိုးဆောင်ရွက်ထားပါသည်။ ထို့အပြင် PSTN အော်တိုတယ်လီဖုန်း ဝန်ဆောင်မှုကို ရခိုင်ပြည်နယ်အတွင်းရှိ နေရာ ၁၆ ခု ၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ  နေရာ ၂ ခုနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဖောင်ကြီး ကုသရေးစင်တာတို့တွင် ဖိုင်ဘာစနစ်သုံး (Fax အသုံးပြုနိုင်သည့်) အော်တိုတယ်လီဖုန်းလိုင်း ၄ လိုင်းတို့ကိုလည်း ထောက်ပံ့ဆောင်ရွက် ပေးလျက်ရှိပါသည်။ အလားတူပင် အများပြည်သူတို့အနေဖြင့် COVID-19 နှင့်ပတ်သက်သည့် စုံစမ်းမေးမြန်းမှုများအတွက် သတ်မှတ်ထားသည့် ကျန်းမာရေးစင်တာများနှင့် ဌာနများရှိ နံပါတ်များသို့ ဖုန်းခေါ်ဆိုခြင်းတွင် အခပေးရန်မလိုသည့်(toll-free call) ဝန်ဆောင်မှုကိုလည်း ပေးအပ်လျက် ရှိသည်။

ထိုပြင့် MPT သည် ရန်ကုန်၊ နေပြည်တော်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး နှင့် ကရင်ပြည်နယ်များရှိ စောင့်ကြည့်လူနာများထားရှိသည့် အသွားအလာ ကန့်သတ်ဆောင်ရွက်ထားသော နေရာ(၆)ခု တွင် စောင့်ကြည့်လူနာများနှင့် တာဝန်ရှိသူများအနေဖြင့် သတင်းအချက်အလက် မျှဝေရန်နှင့် မိသားစုဝင်များနှင့် အဆက်အသွယ်မပြတ်စေရန် MPT ဆင်းမ်ကတ် ၁၅,၄၀၀ ကျော်ကိုလည်း လှူဒါန်းဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

MPT မှ COVID-19 ဖြစ်ပွားစဉ်ကာလအတွင်း မြန်မာနိုင်ငံသားများအားလုံး အဆက်အသွယ်မပြတ်ရှိနေ စေရန်နှင့် MPT သုံးစွဲသူများအားလုံး COVID-19 နောက်ဆုံးရတိုးတက်မှုအခြေအနေများကို သိရှိနိုင်စေရန် အောက်ပါ ဝက်ဘ်ဆိုက်များကို အကန့်အသတ်မရှိ အခမဲ့ ဝင်ရောက်ကြည့်ရှုခွင့် ပေးအပ်ထားသည်။

(၁) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

(၂)  မြန်မာနိုင်ငံဆရာဝန်အသင်း

(၃)  Eleven သတင်းမီဒီယာ

(၄)  7 Day သတင်းမီဒီယာ

(၅)  Irrawaddy သတင်းမီဒီယာ

(၆)  The Myanmar Times သတင်းမီဒီယာ

“အခုဆိုရင် အများပြည်သူတွေအနေနဲ့ အရင်ကထက်ပိုပြီး မိမိတို့ရဲ့မိသားစုတွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထိတွေ့နိုင်ဖို့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို အားထားနေရပါတယ်။ MPT အနေနဲ့ နိုင်ငံတော်အစိုးရရဲ့ ကြိုးစားဆောင်ရွက်မှုတွေကို အပြည့်အဝ ထောက်ခံအားပေးလျက်ရှိပြီး နိုင်ငံတစ်ဝန်းက သုံးစွဲသူတွေအားလုံးကို ကူညီထောက်ပံ့မှုတွေ ပေးအပ်နိုင်ဖို့ ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်” ဟု MPT-KSGM Joint Operations မှ လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးမျိုးသန်းမှ ပြောကြားခဲ့ပါသည်။

 MPT အနေဖြင့် မိမိ၏ ဌာနအားလုံး လုံခြုံစိတ်ချရသော လုပ်ငန်းလည်ပတ်မှုများကို စဉ်ဆက်မပြတ် ဆက်လက် လုပ်ဆောင်နိုင်ရန်နှင့် Call Center များတွင် သုံးစွဲသူများအတွက် ဝန်ဆောင်မှုများ တိုးတက် ကောင်းမွန်လာစေရန် ဌာနတွင်း မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို အဆင့်မြှင့်တင်ထားသည်။ အလားတူပင် MPT သုံးစွဲသူများအနေဖြင့် မိုဘိုင်းလ်ဖုန်းကို အသုံးပြုကာ မိမိတို့၏ ဝန်ဆောင်မှုများ၊ အကောင့်များကို MPT4U အက်ပလီကေးရှင်းကို အသုံးပြုပြီး အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ပါသည်။ အသေးစိတ် ထပ်မံသိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍သော် လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

MPT က ဂိမ်း၀ါသနာရှင်များအတွက် သင်္ကြန်ကာလအတွင်း PUBG MOBILE ဂိမ်းကို အခမဲ့ ဆော့ကစားနိုင်မည့် ဒေတာပရိုမိုးရှင်းကို မိတ်ဆက်

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက်) – PUBG MOBILE Myanmar Championship 2020 ပြိုင်ပွဲကြီး၏ Official Telecom Partner အဖြစ် ပူးပေါင်းကူညီပံ့ပိုးထားသည့် MPT သည် မြန်မာနိုင်ငံမှ ဂိမ်း၀ါသနာရှင်များ  အားလုံးအတွက် PUBG MOBILE ဂိမ်းကို ဒေတာ သုံးစွဲခ ကျသင့်ငွေ ပေးဆောင်ရန်မလိုဘဲ  အိမ်မှာနေရင်း အခမဲ့ ဆော့ကစားနိုင်မည့် PUBG MOBILE ဒေတာပရိုမိုးရှင်း အစီအစဉ်ကို မိတ်ဆက်ကြေညာလိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။

PUBG မိုဘိုင်းလ်ဒေတာ ပရိုမိုးရှင်းအစီအစဥ်သည် MPT သုံးစွဲသူများ အတွက် လတ်တလောတွင် ဖြစ်ပွားနေသည့် COVID-19 ကြောင့် သင်္ကြန်ကာလအားလပ်ရက်ရှည်များတွင် အိမ်မှာနေရင်း PUBG မိုဘိုင်းလ်ဂိမ်းကို ဒေတာသုံးစွဲခ ကျသင့်ငွေ ပေးဆောင်ရန် မလိုဘဲ စိတ်တိုင်းကျ အခမဲ့ ဆော့ကစားနိုင်မည့် အထူးအစီအစဥ်တစ်ရပ်ဖြစ်ပါသည်။ Covid-19 ရောဂါကူးစက်ပျံ့ပွားမှုမှ ကာကွယ်နိုင်ရန် အိမ်မှာနေဖို့ တိုက်တွန်းနှိုးဆော်ထားတာနဲ့အညီ MPT အနေနဲ့ သုံးစွဲသူ မိဘပြည်သူတွေကို သင်္ကြန်တွင်း PUBG ကစားရင်း ဒေတာဖိုး ကုန်ကျစရာမလိုဘဲ အိမ်မှာနေခြင်းဖြင့် COVID-19 ကူးစက်ပျံ့ပွားမှုမှ ကာကွယ်နိုင်ဖို့ ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။

 

ဧပြီလ ၁၀ ရက်မှ ၁၉ ရက်အတွင်း မိုဘိုင်းလ်ဒေတာ အသုံးပြုမှုကို အကန့်အသတ် မရှိဘဲ ကမ္ဘာ့အကျော်ကြားဆုံး မိုဘိုင်းလ်ဂိမ်း ဖြစ်သော PUBG MOBILE ဂိမ်းကို စိတ်တိုင်းကျ ဆော့ကစားနိုင်မည့် အထူးပရိုမိုးရှင်း အစီအစဥ်ဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့် ပရိုမိုးရှင်း ကာလအတွင်း PUBG MOBILE ဂိမ်း ဆော့ကစားရာတွင် ကြိုက်သလောက်သုံး ကျသင့်သလောက်ပေး (pay-as-you-go) အစီအစဥ် (သို့မဟုတ်) Data Pack/Bonus Data (သို့မဟုတ်) မည်သည့်ဒေတာဖြင့်မဆို  အသုံးပြုခြင်းအတွက် ဒေတာကျသင့်ငွေ ကောက်ခံခြင်း မရှိဘဲ အခမဲ့ ဆော့ကစားနိုင်မည်ဖြစ်သည်။ထို့အပြင် သုံးစွဲသူများအတွက် အကောင်းဆုံးသော ဂိမ်းကစားမှုအတွေ့အကြုံများကို ပေးအပ်နိုင်ရန်အတွက်  PUBG Data Pack ကိုဝယ်ယူခြင်းဖြင့် PUBG ဂိမ်း Item များကိုပါ ကံထူးနိုင်မည် ဖြစ်သည်။  900 MB ပါဝင်သော PUBG Pack တစ်ခုလျှင် စျေးနှုန်းသက်သာသောနှုန်းထားဖြစ်သည့် ၉၄၅ ကျပ် ကျသင့်မည်ဖြစ်ပြီး ရက်ပေါင်း (၃၀) သက်တမ်း ရှိမည်ဖြစ်ကာ သုံးစွဲသူများအနေဖြင့် အရေအတွက် ကန့်သတ်ချက်မရှိ ဝယ်ယူနိုင်မည်ဖြစ်သည်။ MPT ၏ ကြိုတင်ငွေဖြည့်ကတ်စနစ်သုံးစွဲသူများ အနေဖြင့် *8005# ကိုခေါ်ဆိုခြင်းဖြင့် PUBG Data Pack ကို လွယ်ကူစွာ ဝယ်ယူနိုင်မည်ဖြစ်သည်။“MPT ဟာ မြန်မာနိုင်ငံမှာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာတဲ့ အီလက်ထရောနစ် အားကစား ကဏ္ဍ (E-Sports) ကို တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့ပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိနေပြီး အခုလို PUBG MOBILE နဲ့ တွဲဖက်လုပ်ဆောင်မှုတွေဟာ ဒီရည်မှန်းချက်ရဲ့ သက်သေတစ်ခုပဲ ဖြစ်ပါတယ်။  PUBG MOBILE ဟာ မြန်မာနိုင်ငံရဲ့ မိုဘိုင်းလ်ဂိမ်း ဖျော်ဖြေရေးလောကကို မုန်တိုင်းတစ်ခုလိုပဲ လှုပ်ခပ်စေခဲ့တဲ့ အလွန်ထူးခြားတဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ MPT သုံးစွဲသူတွေအတွက် စိတ်လှုပ်ရှား ပျော်ရွှင်စရာကောင်းတဲ့ အတွေ့အကြုံတွေ ယူဆောင်ပေးလိုတာကြောင့် အခုလို အထူး PUBG MOBILE ‌ဒေတာ ပရိုမိုးရှင်းကို မိတ်ဆက်ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဂိမ်းဝါသနာရှင်တွေအနေနဲ့  MPT ကွန်ရက်ကို အသုံးပြုပြီး သင်္ကြန်အားလပ်ရက်တွေမှာ အိမ်မှာနေရင်း ဒေတာသုံးစွဲခကျသင့်မှာကို ပူစရာမလိုဘဲ PUBG မိုဘိုင်းလ်ဂိမ်းကို စိတ်တိုင်းကျ အခမဲ့ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။” ဟု MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr.Tetsunori Nagashima က ရှင်းလင်းပြောကြား သွားခဲ့သည်။

MPT အနေဖြင့် မြန်မာနိုင်ငံရှိ လူငယ်များအတွက် မိုဘိုင်းလ်ဂိမ်းကစားသည့် အတွေ့အကြုံများ ပေးအပ်နိုင်ရန်နှင့် အီလက်ထရောနစ် အားကစား ကဏ္ဍ (E-Sport) ဖွံ့ဖြိုးတိုးတက်ရန် ရည်မှန်းချက်ထားကာ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ MPT သည် ကမ္ဘာ့အကျော်ကြားဆုံး မိုဘိုင်းလ်ဂိမ်း ဖန်တီးထုတ် လုပ်သူများနှင့် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ပြီး သုံးစွဲသူများအတွက် ပိုမိုထူးခြားကောင်းမွန်သည့် ဒီဂျစ်တယ် လူနေမှုဘဝများ ရရှိစေရန် ဆောင်ရွက်လျက်ရှိသကဲ့သို့ အီလက်ထရောနစ်ဖျော်ဖြေရေး (E-Entertainment) ကဏ္ဍတွင်လည်း လမ်းသစ်များ ဖောက်လုပ် ဆောင်ရွက်လျက် ရှိနေပါသည်။

 

PUBG မိုဘိုင်းလ်ဂိမ်းကို Apple® ၏ App Store သို့မဟုတ် Google Play Store မှ ဒေါင်းလုတ်ရယူနိုင်ပါသည်။

PUBG MOBILE ဒေတာပရိုမိုးရှင်းနှင့် PUBG Data Pack တို့နှင့် ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက 106 သို့ ခေါ်ဆို၍သော် လည်းကောင်း၊ MPT ၏ တရားဝင် Facebook စာမျက်နှာဖြစ်သည့် www.facebook.com/mptofficialpage/  နှင့် MPT ၏ တရားဝင် ဝက်ဘ်ဆိုက် ဖြစ်သည့် https://mpt.com.mm တို့တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲပါမည်

(ရန်ကုန်၊ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၈ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် တယ်လီဖုန်းနံပါတ်အသစ်များဖြင့် ပြောင်းလဲ တပ်ဆင်ပေးသွားမည် ဖြစ်ပါသည်။ ထို့ကြောင့် အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီးဖြစ်ပါသဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃၀ ရက် တွင် အော်တိုတယ်လီဖုန်းနံပါတ်များ အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ ဇူလိုင်လ (၃၁) ရက်နေ့ အထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

 

နယ်မြေအိတ်ချိန်းလက်ရှိအသုံးပြုနေသော ဖုန်းနံပါတ်အသစ်ပြောင်းလဲမည့်

ဖုန်းနံပါတ်

ပဲခူးတိုင်းဒေသကြီး

(အရှေ့ပိုင်း)

ကညွတ်ကွင်း အိတ်ချိန်း၀၅၄-၅၀xxx၀၅၄-၂၈၅၀xxx
မန္တလေးတိုင်းဒေသကြီးမိတ္ထီလာ စက်မှုဇုန် အိတ်ချိန်း၀၆၄-၃၉xxx၀၆၄-၂၀၃၉xxx
စဥ့်ကူး အိတ်ချိန်း၀၈၆-၃၅xxx၀၈၆-၂၂၃၅xxx
လက်ပံလှ အိတ်ချိန်း၀၈၆-၃၉xxx၀၈၆-၂၂၃၉xxx
မွန်ပြည်နယ်သိမ်ဇရပ် အိတ်ချိန်း၀၅၇-၆၂xxx၀၅၇-၂၀၆၂xxx
ဘီးလင်း အိတ်ချိန်း၀၅၇-၆၄xxx၀၅၇-၂၀၆၄xxx
ချောင်းဆုံ အိတ်ချိန်း၀၅၇-၈၀xxx၀၅၇-၂၀၈၀xxx
စစ်ကိုင်းတိုင်းဒေသကြီးချောင်းဦး အိတ်ချိန်း၀၇၁-၄၅xxx၀၇၁-၂၀၄၅xxx
ရှမ်းပြည်နယ်

(အရှေ့ပိုင်း)

မိုင်းဖြတ် အိတ်ချိန်း၀၈၄-၆၃xxx၀၈၄-၂၀၆၃xxx
ရှမ်းပြည်နယ်

(မြောက်ပိုင်း)

သီပေါ အိတ်ချိန်း၀၈၂-၈၀xxx၀၈၂-၂၉၈၀xxx

 

 

MPT သုံးစွဲသူများ အိမ်မှာနေရင်း ဆင်းမ်ကတ်မှတ်ပုံတင်ပြီး “1GB ဒေတာ အခမဲ့ ” ရယူနိုင်

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၇ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည်  သုံးစွဲသူများအတွက် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များကို ပြန်လည်ပြင်ဆင်ခြင်း အတွက် မည်သည့် ထပ်ဆောင်းကုန်ကျမှုမျှ မရှိဘဲလွယ်ကူစွာ စာရင်းသွင်း၍ မှတ်ပုံတင်နိုင်ရန်အတွက် နည်းလမ်းများစွာ ဆောင်ရွက်ပေးထားပါသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမတိုင်မီ အသုံးပြုထားသော MPT သုံးစွဲသူများအားလုံးသည် မိမိတို့နေအိမ်မှာနေရင်း *601# (သို့) MPT 4U အက်ပလီကေးရှင်း (သို့) care.mpt.com.mm ဝက်ဘ်ဆိုက် တို့ကို အသုံးပြု၍ အသုံးပြုသူ/မိမိ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်မူရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ် တို့အား မှန်ကန်စွာ ပြန်လည်ပြင်ဆင် ဖြည့်စွက်၍ မှတ်ပုံတင်မည်ဆိုပါက 1GB မိုဘိုင်းလ်ဒေတာ အပိုဆုများ ရရှိခံစားနိုင်မည်ဖြစ်သည်။

ယနေ့မှစတင်ပြီး မိမိဆင်းမ်ကတ်အား အချက်အလက်မှန်ကန်စွာဖြင့် ပြန်လည် ပြင်ဆင် ဖြည့်စွက်ထားသော MPT သုံးစွဲသူများသည်  အပိုဆုလက်ဆောင်များကို ခံစားခွင့်ရရှိသွား မည်ဖြစ်သည်။ MPT သုံးစွဲသူများအား  အချက်အလက်မှန်ကန်စွာဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃၀ ရက် မတိုင်မီ စနစ်တကျ စာရင်းသွင်းမှတ်ပုံတင်ရန် တိုက်တွန်းအပ်ပါသည်။ ဆင်းမ်ကတ်များကို ပြန်လည်မှတ်ပုံတင်ခြင်းအတွက် လိုအပ်သည့်အချက်များမှာ-

(၁) အသုံးပြုသူ/မိမိ၏ အမည်

(၂) နိုင်ငံသားစိစစ်ရေးကတ်မူရင်း

(၃)နိုင်ငံသားစိစစ်ရေးကတ်အမှတ်     တို့ဖြစ်ပါသည်။

အောက်ပါ နည်းလမ်းများမှတစ်ဆင့် လွယ်ကူစွာ စာရင်းသွင်း၍ မှတ်ပုံတင်နိုင်ပါသည်။

(၁) သင်၏ဆင်းမ်ကတ်တွင် မှတ်ပုံတင်ထားသောအချက်အလက်များကိုစစ်ဆေးရန် * 601 # ကိုခေါ်ဆိုပါ။

(၂) MPT 4U အက်ပလီကေးရှင်း (Android ဖုန်းအသုံးပြုသူများအနေဖြင့် *4040# သို့ ခေါ်ဆိုခြင်းဖြင့် MPT4U အက်ပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ် ပြုလုပ်၍  ရယူနိုင်ပါသည်။ Apple Store https://apple.co/3bdjV7w သို့မဟုတ် Google Play store https://bit.ly/2WB6BWq တို့တွင် ဒေါင်းလုတ်ပြုလုပ်နိုင်မည် ဖြစ်ပြီး ဒေတာသုံးစွဲခ ကျသင့်မည်ဖြစ်သည်။)

(၃) MPT ၏ Customer Self-care ဝက်ဘ်ဆိုက်ဖြစ်သည့် care.mpt.com.mm

အထက်တွင်ဖော်ပြထားသော နည်းလမ်းအပြင် MPT Ownshop များ နှင့် MPT Branded Shop များ တွင်လည်းပြုလုပ်နိုင်မည်ဖြစ်သည်။ (နိုင်ငံသားစိစစ်ရေးကတ်မူရင်း နှင့် SIM Card ယူဆောင်လာရပါမည်)

MPT ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106  သို့ ခေါ်ဆို၍သော် လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ အပြာရောင်အမှတ်အသားပါသော (Blue Mark) တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာ www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

 

 

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဥ်များတွင် စေတနာရှင် MPT သုံးစွဲသူ အများပြည်သူတို့ ပါဝင်နိုင်စေရန် SMS စနစ်ဖြင့် လှူဒါန်းနိုင်သည့် အစီအစဥ်ကို MPT က စတင်ဆောင်ရွက်

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက်) –မြန်မာနိုင်ငံအတွင်း လက်ရှိ ဖြစ်ပွားလျက်ရှိသည့် အသက် အန္တရာယ်ထိခိုက်စေနိုင်သော ကိုရိုနာဗိုင်းရပ်စ် (COVID-19) တိုက်ဖျက်နိုင်ရေး လှုပ်ရှားမှုတွင် အတူတကွ ပါဝင် ကူညီလိုသူ MPT သုံးစွဲသူ များအတွက် SMS ဖြင့် လှူဒါန်းနိုင်မည့် အထူးဝန်ဆောင်မှု အစီအစဥ်တစ်ခုကို မိတ်ဆက် လိုက်ပြီဖြစ်ကာ ယင်းမှာ  COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စုပေါင်းအားဖြင့် ကူညီပံ့ပိုးရန် ကြိုးပမ်းဆောင်ရွက်မှု အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ မည်သူမဆို စာတိုတစ်စောင် ပေးပို့ခြင်းဖြင့် COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အထောက်အပံ့ပြု ကူညီနိုင်မည်ဖြစ်ပါသည်။ ရရှိလာသည့် လှူဒါန်းငွေများအားလုံးကို COVID-19  နှင့်ပတ်သက်ပြီး ဖွဲ့စည်းထားသည့်  Corona Virus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ သို့  တိုက်ရိုက်လှူဒါန်းသွားမည် ဖြစ်သည်။

ပါဝင်လှူဒါန်းလိုသူများသည် 9900 သို့  500 ဟုရိုက်နှိပ်ပြီး SMS(စာတို) ပေးပို့နိုင်ပါသည်။ SMS တစ်ကြိမ် ပေးပို့ခြင်းဖြင့် အလှူငွေကျပ် ၅၀၀ ကို လှူဒါန်းနိုင်မည်ဖြစ်သည်။ MPT သုံးစွဲသူများ၏ SMS မှတစ်ဆင့် လှူဒါန်းနိုင်သည့် အကြိမ်အရေအတွက်ကို ကန့်သတ်ထားခြင်း မရှိပါ။ GSM/WCDMA စနစ် ကို အသုံးပြုသည့် ကြိုတင်ငွေဖြည့်စနစ် နှင့် အသုံးပြုပြီးမှ ငွေပေးချေသည့်စနစ်ကို သုံးစွဲသူ မည်သူမဆို ပါဝင်လှူဒါန်း နိုင်ပါသည်။ အသုံးပြုပြီးမှ ငွေပေးချေသည့်စနစ် သုံးစွဲသူများအတွက် လှူဒါန်းလိုက်သည့် ငွေပမာဏကို ငွေတောင်းခံလွှာတွင် ထည့်သွင်းကောက်ခံ သွားမည်ဖြစ်ပြီး ကြိုတင်ငွေဖြည့်စနစ် သုံးစွဲသူများအတွက်မူ ငွေဖြည့်သွင်းထားသည့် ပမာဏထဲမှ နုတ်ယူသွားပါမည်။

“မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးနဲ့ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ MPT အနေနဲ့ အခုလို အချိန် ကာလမှာ  မြန်မာပြည်သူတွေအကြား စဥ်ဆက်မပြတ် ဆက်သွယ်ချိတ်ဆက်ပေးနိုင်ဖို့သာမက COVID-19 ရဲ့ အကျိုးသက်ရောက်မှုကိုပါ ထိန်းချုပ်နိုင်စေဖို့အတွက် စုပေါင်းအင်အားနဲ့ဆောင်ရွက်နိုင်ရေးကိုလည်း အားစိုက် လုပ်ဆောင်နေတာဖြစ်ပါတယ်။ နိုင်ငံတော်ကဆောင်ရွက်နေတဲ့  ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေမှာ အထောက်အပံ့ဖြစ်စေဖို့ စိတ်ဝင်စားသူ အများပြည်သူတွေ အနေနဲ့ တိုက်ရိုက်ပါဝင်ပြီး လှူဒါန်းနိုင်ဖို့အတွက် အခုလို SMS က တစ်ဆင့် လှူဒါန်းနိုင်မယ့် အစီအစဥ်ကို အကောင် အထည်ဖော်လိုက်ခြင်း ဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations မှ လုပ်ငန်း လည်ပတ်မှုဌာနကြီး၏ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးမျိုးသန်းက ပြောကြားခဲ့ပါသည်။

  MPT အနေဖြင့် လက်ရှိတွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဝက်ဘ်ဆိုက်၊ မြန်မာနိုင်ငံဆရာဝန်အသင်း ဝက်ဘ်ဆိုက် တို့အပြင် လူကြည့်များသည့် သတင်း ဝက်ဘ်ဆိုက် ၄ ခုသို့ အင်တာနက် အသုံးပြုခ  အခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှုခွင့် ပေးထားပါသည်။ ထို့အပြင် မိသားစုများ၊ မိတ်ဆွေ သူငယ်ချင်း များနှင့် အဆက်အသွယ် မပြတ်ရှိစေရန် MPT ကြိုတင်ငွေဖြည့်စနစ် သုံးစွဲသူများအနေဖြင့် ငွေဖြည့်ပမာဏ၏ ၁၅၀% အထိ ငွေဖြည့်အပိုလက်ဆောင်များ ရရှိနိုင်မည့် အစီအစဥ်ကိုလည်း ဆောင်ရွက်ပေးထားပါသည်။ အလားတူပင် MPT သည် နိုင်ငံတစ်ဝန်းရှိ အသွားအလာကန့်သတ်ဆောင်ရွက်ထားသည့် နေရာ ၁၀ ခုသို့ ဖိုင်ဘာအင်တာနက် ထောက်ပံ့ ပေးလျက်ရှိပါသည်။ ထိုနည်းတူစွာပင် MPT သည် ရန်ကုန်၊ နေပြည်တော်နှင့် ကရင်ပြည်နယ် တို့ရှိ အသွားအလာကန့်သတ်ဆောင်ရွက်ထားသည့် နေရာများတွင် နေထိုင်နေကြသူများအနေဖြင့်  ၎င်းတို့၏ မိသားစုများနှင့် အဆက်အသွယ်မပြတ်စေရန် MPT မှ အင်တာနက်ဒေတာပါဝင်သည့်  ဆင်းမ်ကတ် ၉၀၀၀ ကျော်ကိုလည်း လှူဒါန်းဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

MPT အနေဖြင့် မိမိ၏ ဌာနအားလုံး လုံခြုံစိတ်ချရသော လုပ်ငန်းလည်ပတ်မှုများကို စဉ်ဆက်မပြတ် ဆက်လက် လုပ်ဆောင်နိုင်ရန်နှင့် Call Center များတွင် သုံးစွဲသူများအတွက် ဝန်ဆောင်မှုများ တိုးတက် ကောင်းမွန်လာစေရန် ဌာနတွင်း မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို အဆင့်မြှင့်တင်ထားသည်။ အလားတူပင် MPT သုံးစွဲသူများအနေဖြင့် မိုဘိုင်းလ်ဖုန်းကို အသုံးပြုကာ မိမိတို့၏ ဝန်ဆောင်မှုများ၊ အကောင့်များကို MPT4U အက်ပလီကေးရှင်းကို အသုံးပြုပြီး အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ပါသည်။ အသေးစိတ် ထပ်မံသိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍သော် လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

ငွေဖြည့်လက်ဆောင် ၁၅၀ ရာခိုင်နှုန်းအထိ ရယူနိုင်မည့် MPT ၏ အစီအစဉ်သစ်

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၄ ရက်) – MPT သည် လတ်တလောတွင်ဖြစ်ပွားနေသည့် COVID-19 ကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် အချိန်ကာလတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများအကြား ဆက်သွယ်ချိတ်ဆက်မှု စဥ်ဆက်မပြတ် ရှိနေစေရန်အတွက် ငွေဖြည့် လက်ဆောင်များ ပေးအပ်သွားမည့် အထူးအစီအစဥ်ကို မိတ်ဆက်ပေးလိုက်ပြီကြောင်း သတင်း ထုတ်ပြန်လိုက်သည်။ MPT သုံးစွဲသူများအနေဖြင့် ဧပြီလ ၄ ရက်နေ့မှ စတင်၍ ဖုန်းငွေဖြည့်တိုင်း ငွေဖြည့်လက်ဆောင် ၁၅၀ ရာခိုင်နှုန်း အထိ ရရှိနိုင်မည်ဖြစ်သည်။
MPT ၏ GSM/WCDMA Prepaid စနစ် အသုံးပြုသူများ အနေဖြင့် အနည်းဆုံး ငွေ ၁,၀၀၀ ကျပ်မှ စတင်၍ ၁,၀၀၀ ကျပ်အထက် မည်သည့် နည်းလမ်းနှင့်မဆို ဖုန်းငွေဖြည့်တိုင်း အများဆုံး ၁၅၀ ရာခိုင်နိုင်နှုန်း အထိ ငွေဖြည့်လက်ဆောင် ရရှိမည်ဖြစ်သည်။ ဆွေသဟာ၊ ရှယ်ပြော၊ ရွှေစကား သုံးစွဲသူများအနေဖြင့် ထပ်ဆောင်းရရှိမည့် ငွေဖြည့် အပိုလက်ဆောင် ရာခိုင်နှုန်းကို ကျပန်းစနစ်ဖြင့် ရရှိမည်ဖြစ်သည်။
ငွေဖြည့်လက်ဆောင်များကို On-net calls (MPT အချင်းချင်း ဖုန်းခေါ်ဆိုမှု)နှင့် on-net SMS ( MPT အချင်းချင်း စာတိုပေးပို့မှု) နှင့် သုံးသလောက်သာကျသင့်မည့် ဒေတာအသုံးပြုခြင်း (PAYG Data) တို့ကို ၅ ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါ အစီအစဉ်အတွက် Opt-in ပြုလုပ်ရန် မလိုအပ်ပါ။
“ကျွန်တော်တို့ MPT အနေနနဲ့ မြန်မာနိုင်ငံရဲ့ COVID-19 တိုက်ဖျက်ရေး လုပ်ငန်းစဥ်တွေမှာ ပါဝင်ပြီး မြန်မာပြည်အား စဥ်ဆက်မပြတ် ဆက်သွယ်ချိတ်ဆက် ပေးထားနိုင်ရန်အတွက် ဆောင်ရွက်နေပြီး သုံးစွဲသူများ အားလုံးကို ထူးခြားကောင်းမွန်တဲ့ အစီအစဉ်တွေ စဉ်ဆက်မပြတ် ပေးအပ်သွားဖို့ ရှိပါတယ်။ အခုဆိုရင် MPT သုံးစွဲသူတွေ အားလုံးဟာ ငွေဖြည့်လက်ဆောင် ၁၅၀ ရာခိုင်နှုန်းအထိ ရရှိခံစားပြီး ယခုလို ခက်ခဲတဲ့ ကာလအတွင်းမှာ မိသားစုဝင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီ ပိုမို အဆင်ပြေလွယ်ကူစွာ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောကြား ခဲ့ပါသည်။
MPT သည် သုံးစွဲသူများပိုမို အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ရေးအတွက် ပရိုမိုးရှင်း အစီအစဉ်သစ်များ၊ အပိုလက်ဆောင်များ နှင့် လက်ဆောင်ဆုချီးမြှင့်ခြင်းအစီအစဉ်များကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ MPT ၏ နောက်ဆုံးပေါ် အစီအစဉ်သစ်များ၊ ဈေးနှုန်းသင့်တင့်သော ဒေတာ နှင့် အသံဝန်ဆောင်မှုဆိုင်ရာအစီအစဉ်များအကြောင်း အသေးစိတ်သိရှိလိုပါက MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပြီး Hotline ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍သော်လည်းကောင်း မေးမြန်းနိုင်မည်ဖြစ်သည်။