“ မြန်မာပြည်သူများအကြား စဥ်ဆက်မပြတ် ဆက်သွယ်ချိတ်ဆက် ပေးနိုင်ရန် “နာရီတိုင်းမှာ ၅ မိနစ်စာ” အထူးအစီအစဥ်ကို MPT မိတ်ဆက် “

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂ ရက်) – မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အားလုံး လတ်တလောတွင် ဖြစ်ပွားနေသော COVID-19 ကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် ယခုကဲ့သို့သော အချိန်ကာလတွင် မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT အနေဖြင့် သုံးစွဲသူများ အဆင်ပြေစေရန် အထူးပရိုမိုးရှင်းအစီအစဥ်များ ပြုလုပ်ပေးခြင်းဖြင့် နိုင်ငံတစ်ဝန်း၌ ဆောင်ရွက်နေသည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ပြန့်ပွားမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိပါသည်။

မိမိတို့အနေဖြင့် စိုးရိမ်ပူပန်မှုများ မြင့်မားနေသည့် ယခုကဲ့သို့သော အချိန်ကာလတွင် ယုံကြည်စိတ်ချရသည့် ဆက်သွယ်ရေး ကွန်ရက်များနှင့် အင်တာနက် ဝန်ဆောင်မှုများ လိုအပ်သည်ကို သိရှိနားလည်သည့် အားလျော်စွာ MPT သုံးစွဲသူများအတွက် မိမိတို့၏ မိသားစုဝင်များ၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် စဥ်ဆက်မပြတ် ဆက်သွယ်ပြောဆိုနိုင်ရန်နှင့် အရေးပေါ် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ တိကျမှန်ကန်စွာ ရရှိနိုင်ရန်တို့ကို အဓိကထား ဆောင်ရွက်လျက်ရှိပါသည်။

ဤအနေအထားတွင် MPT ဖုန်းအချင်းချင်း ဆက်သွယ်ခေါ်ဆိုရာတွင် ဖုန်းတစ်ခါခေါ်တိုင်း တစ်နာရီအတွင်း ပထမ(၅) မိနစ်စာ ဆက်တိုက်ပြောဆိုမှုများအတွက်  ကနဦး (၅) မိနစ်စာ အတွက်သာ ကျသင့်မည် ဖြစ်ပြီး ကျန် ၅၅ မိနစ်ကို အခမဲ့ ခေါ်ဆိုနိုင်မည့် နာမည်ကျော် “နာရီတိုင်းမှာ ၅ မိနစ်စာ” အထူးအစီအစဥ်ကို MPT မှ ပြန်လည်ယူဆောင် လာခဲ့ပြီဖြစ်ပြီး သုံးစွဲသူများအနေဖြင့် ဤအထူးအစီအစဥ်ကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ခံစားခွင့်ရရှိမည်ဖြစ်သည်။

MPT ၏ GMS နှင့် WCDMA စနစ် သုံးစွဲသူများ အားလုံးသည် “နာရီတိုင်းမှာ ၅ မိနစ်စာ” အထူးအစီအစဥ်ကို ဝန်ဆောင်ခ ထပ်ဆောင်းပေးရန် မလိုအပ်ဘဲ သုံးစွဲနိုင်မည်ဖြစ်သည်။ တစ်နာရီအတွင်း ဆက်တိုက်ပြောဆိုမှု များအတွက် ပထမ(၅)မိနစ်စာအတွက်သာ ကျသင့်မည်ဖြစ်ပြီး နောက်ထပ်(၅၅)မိနစ် အထိ အခမဲ့ပြောဆိုနိုင်မည် ဖြစ်ပါသည်။

ဆွေသဟာ၊ ရှယ်ပြောနှင့် ရွှေစကား အစီအစဥ်များကို အသုံးပြုနေသူများအနေဖြင့် *5055# (သို့) *5055*1# တို့ကို ခေါ်ဆိုပြီး “နာရီတိုင်းမှာ ၅ မိနစ်စာ” အထူးအစီအစဥ်ကို အလွယ်တကူ ရယူနိုင်မည် ဖြစ်ပါသည်။ Base Tariff အသုံးပြုသူများအနေဖြင့် *234*2# ကိုခေါ်ဆိုပြီး ဆွေသဟာသို့ အရင်ဆုံး ပြောင်းလဲသုံးစွဲရန် လိုအပ်ပါမည်။ “နာရီတိုင်းမှာ ၅ မိနစ်စာ” အထူးအစီအစဥ်ကို သုံးစွဲရာတွင် ကနဦး ၅ မိနစ်စာအတွက် တစ်မိနစ်လျှင် ၂၇ ကျပ်နှုန်း ကျသင့်မည်ဖြစ်ပြီး ၅၅ မိနစ်ကြာ အခမဲ့ ခေါ်ဆိုမှုကာလ ကျော်လွန်သွားပါက မိနစ်တိုင်းအတွက် အလားတူ နှုန်းထားအတိုင်း ကျသင့်မည်ဖြစ်သည်။

ကျွန်တော်တို့ MPT အနေနဲ့ အခုလို မြန်မာပြည်သူပြည်သားများ မိမိတို့ရဲ့ မိသားစုဝင်များ၊ မိတ်ဆွေ သူငယ်ချင်းများ နှင့် ဆက်သွယ်ပြောဆိုနိုင်ခြင်း၊ ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သည့် သတင်းအချက်အလက် များကို အချိန်မီ သိရှိနိုင်ခြင်းတို့ဟာ MPT သုံးစွဲသူများအတွက် အလွန်အရေးပါတယ်ဆိုတာကို နားလည်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ သုံးစွဲသူဦးစားပေး  အစီအစဥ်များဟာ  နိုင်ငံတော်ရဲ့ COVID-19 တိုက်ဖျက်ရေး လုပ်ငန်းများကို တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေနိုင်မယ်လို့လည်း  ယုံကြည်ပါတယ်။ ဟု MPT-KSGM JO ၏ စီးပွားရေးဌာနကြီး၏ အရာရှိချုပ် ဖြစ်သူ Mr.Reizo Umeda က ရှင်းလင်း ပြောကြားသွားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် (COVID-19) နှင့် ပတ်သက်ပြီး ပြောင်းလဲဖြစ်ပေါ်နေသည့် အခြေအနေများနှင့် အညီ MPT အနေဖြင့် အစိုးရအဖွဲ့အစည်းများနှင့် အနီးကပ် ပူး‌ပေါင်းဆောင်ရွက်ခြင်းဖြင့် လည်းကောင်း၊ စီးပွားရေး မိတ်ဖက်များ၊ ချိတ်ဆက်လုပ်ဆောင်သူများဖြင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လည်းကောင်း MPT သုံးစွဲသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများကို ဆက်လက်ကူညီ ပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်လျက် ရှိသည်။ လက်ရှိအချိန်တွင် MPT သည် ကိုရိုနာဗိုင်းရပ်စ် (COVID-19) စောင့်ကြည့်လူနာများအား ထားရှိသည့် နိုင်ငံတစ်ဝန်းရှိ (Quarantine) ပြုလုပ်သည့် နေရာ (၁၀) နေရာအတွက် ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုကို ပေးအပ်ထားပြီးဖြစ်သည်။ ထို့အပြင် ရန်ကုန်၊ နေပြည်တော်နှင့် ကရင်ပြည်နယ်များရှိ စောင့်ကြည့်လူနာများ မိသားစုဝင်များ၊ တာဝန်ရှိသူများနှင့် လွယ်ကူ အဆင်ပြေစွာ ဆက်သွယ်နိုင်ရန်အတွက် မိုဘိုင်းလ်‌ဒေတာ ထည့်သွင်းပေးထားသည့် ဆင်းမ်ကတ် ၉၀၀၀ ကိုလည်း လှူဒါန်းခဲ့ပြီးဖြစ်သည်။

မရှိမဖြစ် လိုအပ်သော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပံ့ပိုးသူအနေဖြင့် MPTသည် ကွန်ရက်များကို အရန်ဆက်ကြောင်းများဖြင့် ချိတ်ဆက်ထားပြီး အရေးပေါ်ကာလများတွင် သုံးစွဲသူများနှင့် အစဥ်ချိတ်ဆက်နိုင်စေရန် စီစဉ်ဆောင်ရွက်ထားရှိပါသည်။ စီးပွားရေးလုပ်ငန်းများ၊ ကျောင်းများနှင့် အဖွဲ့အစည်း အသီးသီးရှိ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ နေအိမ်မှ အလုပ်လုပ်ကိုင်နိုင်ရန် လိုအပ်ခြင်းကြောင့် MPT ၏ ကွန်ရက်များကို လက်ရှိနှင့် နောင်ဖြစ်ပေါ်လာနိုင်သည့် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ထားပါသည်။ ထို့ကြောင့်  MPT အနေဖြင့် သုံးစွဲသူများ၏ဆက်သွယ်မှုများကို အပြည့်အဝ ဆောင်ရွက်ပေးရန် မျှော်လင့်ထားပါသည်။

MPT သည် ဌာနအားလုံး၏ လုံခြုံစိတ်ချရသော လုပ်ငန်းလည်ပတ်မှုများ ကို ဆက်လက်လုပ်ဆောင်နိုင်ရန် နှင့် ဖုန်းခေါ်ဆိုမှုစင်တာများတွင် သုံးစွဲသူများအတွက် ဝန်ဆောင်မှုများ တိုးတက်စေရန် ဌာနတွင်းမူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို အဆင့်မြှင့်တင်ထားသည်။

MPT သုံးစွဲသူများ အနေဖြင့် မိုဘိုင်းလ်ဝန်ဆောင်မှုများအပေါ်တွင် ၎င်းတို့၏ အကောင့်များကို စီမံရန်  MPT4U application ကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106  သို့ခေါ်ဆို၍သော် လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။