×

3G ကွန်ရက်ကို စစ်ကိုင်းတိုင်း နန်းယွန်းမြို့တွင် MPT မှ ပထမဆုံးဖြန့်ကျက်နိုင်

12 Jan 2018

(ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၈) – MPT အနေဖြင့် မြန်မာနိုင်ငံအနောက်မြောက်ဘက်ရှိ စစ်ကိုင်းတိုင်း နန်းယွန်းမြို့တွင် 3G အင်တာနက်ကွန်ရက်ကို ပထမဆုံးဖြန့်ကျက်ချိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ဂုဏ်ယူ ဝမ်းမြောက်စွာ ယနေ့သတင်းထုတ်ပြန်လိုက်ပါသည်။

ယခုလို ဝန်ဆောင်မှုကို နာဂဒေသခံပြည်သူများ နှစ်စဉ်ဆင်ယင်ကျင်းပသည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကာလ ဖြစ်သည့် ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်နေ့ အတွင်း MPT က စတင် မိတ်ဆက်ပေးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ရိုးရာပွဲတွင် ပါဝင်ဆင်နွှဲသူများအနေဖြင့် ၎င်းတို့၏ နှစ်သစ်ကူးပွဲတော်အား အရောင်အသွေး စုံလင်ကွဲပြားသော ရိုးရာဝတ်စုံများ ဝတ်ဆင်ကာ ရိုးရာအကအလှဖြင့် ဖျော်ဖြေမှုများကို သာယာလှပသော မြစ်ကမ်းပါးတစ်လျှောက် ဆင်နွှဲကြမည်ဖြစ်ပြီး ရာသီဥတု ကောင်းမွန်စေရေး၊ ကောက်ပဲသီးနှံ့များ ပေါကြွယ်ဝစေရေး နှင့် မွေးမြူရေးတိရစ္ဆာန်များ ကျန်းမာစေရေးအတွက် ဆုတောင်းကြမည် ဖြစ်ပါသည်။

MPT သည် မြန်မာတစ်နိုင်ငံလုံးအနှံ့ အကောင်းဆုံး ဆက်သွယ်ရေးကွန်ရက်ကို ဖော်ဆောင်ကာ မြန်မာနိုင်ငံကိုရှေ့သို့လှမ်းချီ နိုင်ရန်ကြိုးပမ်းနေသည်နှင့်အညီ နန်းယွန်းမြို့တွင် ကွန်ရက် အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ခဲ့ရာ၌ မူလကဂြိုလ်တုအခြေပြုနည်းပညာမှ မိုက်ခရိုဝေ့ဖ် နည်းပညာသို့ ပြောင်းလဲမြှင့်တင်ခဲ့ပြီး တစ်နိုင်ငံလုံး၏ အကျယ်ပြန့်ဆုံးနှင့် အမြန်ဆုံးကွန်ရက်ပေါ်တွင် ပိုမိုသိသာထင်ရှားသည့် ဒေတာအမြန်နှုန်း နှင့် ပိုမိုကောင်းမွန်သော ဖုန်းခေါ်ဆိုမှု အရည်အသွေးများကို ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ပါသည်။ ယခုလို နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အလွန်ဝေးကွာပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲများစွာရှိသည့် နန်းယွန်းမြို့တွင် အခက်အခဲများစွာကြားမှ ကျော်လွှားကာ အောင်မြင်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့သည့် အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။

MPT-KSGM Joint Operations ၏ နည်းပညာဌာန အရာရှိချုပ်ဖြစ်သူ Mr. Noboru Edagawa က “ အမြန်ဆုံး အင်တာနက် ဆုရရှိထားတဲ့ ကျွန်တော်တို့ရဲ့ MPT ကွန်ရက်ကို နန်းယွန်းမြို့မှာ ချဲ့ထွင်နိုင်တဲ့အကြောင်းကို ဝမ်းသာပျော်ရွှင်စွာ ကြေညာအပ်ပါတယ်။ ဒီဒေသအတွက် 3G ကွန်ရက်ကို ကျွန်တော်တို့က ပထမဆုံးအဖြစ် ချိတ်ဆက်ပေးနိုင်ခဲ့တာလည်းဖြစ််ပါတယ်။ မြန်မာနိုင်ငံအတွက် ဆက်သွယ်ရေးနဲ့ နည်းပညာ တိုးတက်စေရေး အကူအညီပေးနိုင်ဖို့ ကိစ္စဟာ ကျွန်တော်တို့အတွက်အမြဲတမ်း အရေးကြီးဆုံး အရာတစ်ခုပဲဖြစ်ပါတယ်။ နည်းပညာဆိုင်ရာ အခက်အခဲတွေ၊ ကုန်ကျစရိတ်တွေနဲ့ အခြားအခြေအနေတွေကြောင့် အဲ့ဒီ ဒေသမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေအတွက် အင်တာနက်ရရှိစေရေးဟာ အခုချိန်မတိုင်ခင်အထိ စိန်ခေါ်စရာ အချက်တစ်ခုအဖြစ် ရှိနေခဲ့တာဖြစ်ပါတယ်” ဟုပြောကြားပါသည်။

“အခုလို MPT ရဲ့ 3G အင်တာနက်ကွန်ရက်ဝန်ဆောင်မှုကို ချဲ့ထွင်လိုက်ခြင်းက မြေပုံပေါ်မှာ တည်ရှိနေမယ့် အမှတ်အသားတစ်ခုထက် ပိုမိုလေးနက်တဲ့ အဓိပ္ပာယ်ရှိပြီး အဲဒီဒေသမှာ နေထိုင်ကြတဲ့ ဒေသခံတွေ အနေနဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ရာမှာ ပိုပြီး ကောင်းမွန်မယ့် အင်တာနက်ဝန်ဆောင်မှု ရရှိလာ တာက ပိုပြီးကောင်းမွန်တဲ့ မနက်ဖြန်တွေအတွက် MPT အနေနဲ့ လေးနက်တဲ့ ကတိတစ်ရပ်ကို ပေးအပ် လိုက်တာနဲ့အညီ အရေးပါတဲ့ သတင်းအချက်အလက်တွေကို ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့ နည်းလမ်းရှာဖွေတွေ့ ရှိခြင်းလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ နန်းယွန်းဒေသခံ ပြည်သူတွေကို ဒီခရီးမှာ ကျွန်တော်တို့နဲ့ အတူတူလိုက်ပါပြီး ဒေသခံ MPT ကိုယ်စားလှယ်များ နှင့်အတူ သတင်းအချက်အလက်တွေကို ဒီ 3G ကွန်ရက် ပေါ်ကနေ အတူတကွ ပိုမိုရှာဖွေတွေ့ရှိပြီး အကျိုးကျေးဇူးရရှိစေမယ်လို့ မျှော်လင့်ပါတယ်” ဟု ထပ်လောင်း ပြောကြားခဲ့ပါသည်။