×

COVID-19 ရောဂါ ဖြစ်ပွားနေစဥ်အတွင်း အများပြည်သူသို့ အထောက်အပံ့ပြု ဆောင်ရွက်ခြင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် မြန်မာနိုင်ငံတစ်ဝန်းရှိ မိဘမဲ့ကလေးစောင့်ရှောက်ရေး ဌာနများသို့ MPT က အခြေခံစားသောက်ကုန်များ လှူဒါန်း

09 Jun 2020

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၉ ရက်) – MPT အနေဖြင့် ယခုလို COVID-19 ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဥ်များတွင် အထောက်အပံ့ဖြစ်စေမည့် ဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုများကို ပေးစွမ်းရုံသာမက MPT ၏ လူမှုအကျိုးပြုလှုပ်ရှားမှု အစိတ်အပိုင်းတစ်ခုအဖြစ် အာဟာရ ဖြည့်ဆည်းပေးမည့် မရှိမဖြစ်လိုအပ်သော အခြေခံ စားသောက်ကုန်များကို ဒေသခံ လူမှုအဖွဲ့အစည်းများသို့ ထောက်ပံ့ဆောင်ရွက်လိုက်ခြင်းဖြစ်ပါသည်။MPT သည် မြန်မာနိုင်ငံအနှံ့အပြားရှိ မိဘမဲ့ကလေးစောင့်ရှောက်ရေးဌာနများသို့ ငွေကျပ် သိန်း(၁၂၀)ကျော် တန်ဖိုးရှိ အခြေခံ စားသောက်ကုန်များကို ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ အဆိုပါလှူဒါန်းမှုတို့ကို COVID-19 သက်ရောက်မှုကိုခံရသည့် သက်ဆိုင်ရာ ဒေသခံလူမှုအဖွဲ့အစည်းများထဲမှ အထောက်အပံ့နှင့် ကူညီပံ့ပိုးမှုများ အမှန်တကယ် လိုအပ်နေသော မိဘမဲ့ ကလေး စောင့်ရှောက်ရေးဌာနများသို့  လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။  အဆိုပါ ဌာနများအနေဖြင့် ကလေးငယ်များကို စနစ်တကျ စောင့်ရှောက် ကျွေးမွေးရန်၊ အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး စေတနာရှင်များ၏ လှူဒါန်းမှုများမှာ ယခုလို ကာလအတွက်အရေးပါသည့် အထောက်အပံ့ ကောင်းများပင်ဖြစ်ပါသည်။ “MPT အနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ရှေ့တန်းကဦးဆောင်ပြီး  တာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ မရှိမဖြစ်လိုအပ်တဲ့တာဝန်ရှိသူတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွေ၊ အသွားအလာ ကန့်သတ် ဆောင်ရွက်ထားတဲ့နေရာတွေနဲ့ စေတနာ့ဝန်ထမ်းတွေအပေါ်မှာ မြန်မာပြည်နှင့်အတူရှိနေမည် ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အထောက်အပံ့ကောင်းတွေကို  စဉ်ဆက်မပြတ် ဆောင်ရွက်နေပါတယ်။ ကမ္ဘာ့ကပ်ရောဂါ အကြပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့ အခြေအနေကြောင့် ပြည်သူတွေအနေနဲ့ အခက်အခဲတွေကိုရင်ဆိုင်နေရပြီး အခုလို မိဘမဲ့ကလေးစောင့်ရှောက်ရေး ဌာနတွေဟာ သက်ရောက်မှုဒဏ်ကို အထူးပဲရင်ဆိုင်နေရပါတယ်။ အာဟာရပြည့်ဝတဲ့ အခြေခံစားသောက်ကုန်တွေရရှိဖို့ အရေးတကြီး လိုအပ်နေတာကြောင့် ကျွန်တော်တို့ MPT ကနေ မိဘမဲ့ကလေး စောင့်ရှောက်ရေးဌာနတွေ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနဲ့ ကလေးသူငယ် စောင့်ရှောက်ရေးစင်တာတွေမှာ အခြေခံ စားသောက်ကုန်တွေ လှူဒါန်းဖို့ ဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနမှ ဒုတိယအရာရှိချုပ် ဖြစ်သူ ဦးမျိုးသန်းက ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်း မိဘမဲ့ကလေးစောင့်ရှောက်ရေးဌာနများသို့ အခြေခံစားသောက်ကုန်လှူဒါန်းခြင်းအစီအစဉ်

စဉ်တိုင်းဒေသကြီးနှင့်ပြည်နယ်ဖွဲ့အစည်း အမည်
၁။ကချင်Grace Happy Land မိဘမဲ့ကလေးပြုစုစောင့်ရှောက်ရေးကျောင်း
၂။ကယားအဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတအသင်း ကလေးများ စောင့်ရှောက်ရေးကျောင်း
၃။ကရင်တောင်တန်းသာသနာပြု(ဗဟို)ကျောင်း နယ်စပ်တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေး(ပရဟိတ)ဂေဟာ
၄။ချင်းဇိအုန် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ၊ Lakhu Children Center Happy Home Children Development Center
၅။မွန်ပြည်လုံးချမ်းသာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
၆။ရခိုင်ABC ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း
၇။ရှမ်း (အရှေ့)ကျိုင်းတုံ စောင့်ရှောက်ရေးဂေဟာ
၈။ရှမ်း (တောင်)စိတ္တသုခ လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်း
၉။ရှမ်း (မြောက်)ခါနန် AG လူမျိုးပေါင်းစုံ အလင်းအိမ် မိဘမဲ့ဂေဟာ
၁၀။ရန်ကုန်မျိုးဆက်သစ်မိဘမေတ္တာ ပရဟိတ မိဘမဲ့ကျောင်း
၁၁။မန္တလေးဗုဒ္ဓဆာယာ ပရဟိတ ဘုန်းတောင်ကြီးသင် မူလွန်ပညာရေးကျောင်း
၁၂။နေပြည်တော်မဟာပရဟိတ လူငယ်ဖွံ့ဖြိုးဉယျာဉ်(စမတောင်)
၁၃။မကွေးလူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးပြုစုရေးဌာန
၁၄။စစ်ကိုင်းထနောင်းကုန်း ပညာပဒေသာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ
၁၅။ပဲခူး (အရှေ့)ဓမ္မစေတီသီရိမင်္ဂလာ သီလရှင်စာသင်တိုက်၊ ရွှေဂူကြီး တောရဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် အလင်းစစ် လူငယ်ဖွံ့ဖြိုးရေးကျောင်း
၁၆။ပဲခူး (အနောက်)သာသနာ့ပါလ ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
၁၇။တနင်္သာရီသံသရာအေး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
၁၈။ဧရာဝတီအဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတအသင်း ကလေးများ စောင့်ရှောက်ရေးကျောင်း

တာဝန်သိ ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် MPT သည် “မြန်မာပြည်နှင့်အတူရှိနေမည်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတစ်ဝန်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် ဘက်ပေါင်းစုံမှ ဆက်လက်ကာ ကူညီ ပံ့ပိုးလျက် ရှိပါသည်။

MPT သည် မိမိတို့၏ ဌာနအားလုံးကို လုံခြုံစိတ်ချရသော လုပ်ငန်းလည်ပတ်မှုများဖြင့် စဉ်ဆက်မပြတ် ဆက်လက်လုပ်ဆောင်နိုင်ရန်နှင့် MPT အမှတ်တံဆိပ်ဆိုင်များ၊ အွန်လိုင်းမှ ဝန်ဆောင်မှုများနှင့် Call Center များတွင် သုံးစွဲသူများအတွက် ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရန် ဌာနတွင်း မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို အဆင့်မြှင့်တင်ထားပါသည်။

MPT သုံးစွဲသူများအနေဖြင့် မိုဘိုင်းလ်ဖုန်းကို အသုံးပြုကာ မိမိတို့၏ ဝန်ဆောင်မှုများ၊ အကောင့်များကို MPT4U အက်ပလီကေးရှင်းကို အသုံးပြုပြီး အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ပါသည်။ အသေးစိတ် ထပ်မံသိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။