×

E-invoice ကိုပြောင်းလဲသုံးစွဲခြင်းဖြင့် စာရွက်သုံးစရာမလိုဘဲ MPT နှင့်အတူ သစ်ပင်များကို ကာကွယ်နိုင်မည်

21 Jan 2020

(ရန်ကုန်၊ ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၂၀ ခုနှစ်၊) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT က သုံးစွဲသူများအား ဒစ်ဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) ဝန်ဆောင်မှုစနစ်ကို စတင်သုံးစွဲကြရန်အတွက် လှုံ့ဆော်တိုက်တွန်းလိုက်သည်။ ဒစ်ဂျစ်တယ် ငွေတောင်းခံလွှာ (E-invoice) စနစ်ကို အသုံးပြုခြင်းဖြင့် MPT ၏ Post-paid နှင့် FTTH ဝန်ဆောင်မှု သုံးစွဲသူများအားလုံးသည် ငွေတောင်းခံလွှာ စာရွက်များအစား ဒစ်ဂျစ်တယ် ငွေတောင်းခံလွှာများကို SMS (သို့မဟုတ်) အီးမေးလ် မှ တစ်ဆင့် လက်ခံရရှိသွားမည်ဖြစ်သည်။ E-invoice အသုံးပြုခြင်းသည် ပိုမိုလွယ်ကူ အဆင်ပြေရုံသာမက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် E-invoice စနစ်သို့ ပြောင်းလဲသုံးစွဲသည့် MPT တစ်ဦးချင်း သုံးစွဲသူများ အနေဖြင့် အထူး Discount များ ရရှိခံစား နိုင်မည်ဖြစ်သည်။

ဒစ်ဂျစ်တယ် ငွေတောင်းခံလွှာများ (E-invoice) အား MPT သုံးစွဲသူများထံသို့ အီလက်ထရောနစ် နည်းပညာ အသုံးပြုပြီး SMS (သို့) အီးမေးလ်တို့ဖြင့် တိုက်ရိုက်ပေးပို့ သွားမည် ဖြစ်သောကြောင့် စွမ်းအင်သုံးစွဲမှုကို သိသိသာသာ လျှော့ချပေးနိုင်မည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်စေသည့် စွန့်ပစ်ပစ္စည်းများ ထုတ်လုပ်မှုကိုလည်း လျော့နည်းစေနိုင်မည် ဖြစ်သည်။

ယခုကဲ့သို့ E-invoice များကို စတင်အသုံးပြုခြင်းဖြင့် MPT သည် ကမ္ဘာတစ်ဝန်းတွင် တက်ကြွစွာ ပြုလုပ်နေသည့် စက္ကူစာရွက်များ အသုံးပြုမှု လျှော့ချခြင်းဖြင့် သစ်ပင်သစ်တောများ ပြုန်းတီးအောင် ခုတ်လဲခြင်းကို ကာကွယ်ခြင်းနှင့် ပုံနှိပ်စက္ကူ ထုတ်လုပ်ရန် လိုအပ်သည့် စွမ်းအင်သုံးစွဲမှုကို လျော့ချခြင်း တို့တွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက် လိုက်ခြင်းဖြစ်သည်။ ထို့အပြင် ဒစ်ဂျစ်တယ်စနစ်ကို အသုံးပြုခြင်းဖြင့် ပုံနှိပ်ရာတွင် အသုံးပြုရသည့် မှင်သုံးစွဲမှု သိသာစွာ လျော့နည်းသွားခြင်း၊ စာရွက်စာတမ်းများကို သယ်ယူပို့ဆောင်ရာတွင် အသုံးပြုသည့် မော်တော်ယာဥ်များမှ ကာဗွန်ဓါတ်ငွေ့ ထုတ်လွှတ်မှုပမာဏ လျော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် လေထုညစ်ညမ်းမှုမှ ကာကွယ်ပေးပြီး သန်းပေါင်းများစွာသော လူအများအတွက် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှ “ဒီဂျစ်တယ်စနစ်ကို ကူးပြောင်းပြီး E-invoice များကို သုံးစွဲခြင်းအားဖြင့် စက္ကူစာရွက်များ သုံးစွဲမှုကို လျော့ချပေးနိုင်လို့ သဘာဝပတ်ဝန်းကျင်အတွက် ကောင်းကျိုးများစွာ ရှိသလို ပိုပြီး မြန်ဆန်လွယ်ကူလို့ အခုခေတ်မှာ မအားလပ်ကြတဲ့ လူနေမှုဘဝတွေအတွက် ပိုပြီးအဆင်ပြေစေမှာ ဖြစ်ပါတယ်။ E-invoice စနစ်နဲ့ဆိုရင် MPT သုံးစွဲသူတွေ အနေနဲ့ ငွေတောင်းခံလွှာတွေကို ပုံမှန်အတိုင်း စာရွက်များထက် ပိုမိုလျင်မြန်စွာ ရရှိနိုင်ပြီး ငွေပေးချေမှုအတွက်လည်း စာရွက်စာတမ်းတွေ ယူဆောင်လာစရာ မလိုအပ်တော့တဲ့အပြင် MPT ရဲ့ အထူး Discount တွေကိုလည်း ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ E-invoice ကို အသုံးပြုဖို့ စာရင်းပေးသွင်းတဲ့ အချိန်ကစပြီး သုံးစွဲသူတွေအနေနဲ့ တစ်လ ၅၀၀ ကျပ် သက်သာခွင့်ကို ၅ လ ဆက်တိုက် စုစုပေါင်း ၂၅၀၀ ကျပ် ရရှိမှာ ဖြစ်ပါတယ်။” ဟုပြောကြားသွားခဲ့သည်။

MPT သုံးစွဲသူများအနေဖြင့် E-invoice ဝန်ဆောင်မှုကို နီးစပ်ရာ MPT ရုံးများသို့ သွားရောက်ပြီး လွယ်ကူစွာ လျှောက်ထားနိုင်သလို၊ Call Center နံပါတ် (၁၀၆) သို့ ဖုန်းခေါ်ဆို၍ (သို့) အောက်ပါ အင်တာနက် စာမျက်နှာ https://www.mpt.com.mm/mm/e-invoice-registration-mm/ တွင် စာရင်းပေးသွင်းခြင်းတို့ဖြင့် လျှောက်ထား နိုင်ပါသည်။ စာရင်းပေးသွင်း လျှောက်ထားခြင်း အောင်မြင်ပါက သုံးစွဲသူများ အနေဖြင့် SMS (သို့) အီးမေးလ်ကို လက်ခံရရှိမည် ဖြစ်ပြီး မိမိနှစ်သက်ရာ ပေးပို့မှုစနစ်ကို ရွေးချယ်အသုံးပြုနိုင်မည် ဖြစ်သည်။

တာဝန်သိတတ်မှု အပြည့်အ၀ရှိသည့် ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာ တစ်ခုအနေဖြင့် MPT သည် နိုင်ငံတစ်ဝန်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှု ဖြစ်သည့် “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နှင့် နိုင်ငံတစ်ဝန်း စုပေါင်းသန့်ရှင်းရေး လှုပ်ရှားမှုဖြစ်သည့် “သန့်ရှင်းခေတ်မီ ရှေ့သို့ချီ” ကဲ့သို့သော လူမှုအကျိုးပြု အစီအစဉ်များ ကို ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတစ်ဝန်းရှိ လူမှုအသိုက်အဝန်းများအတွက် နှစ်ရှည် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရန် ကူညီပေးလျက်ရှိသည်။ ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့သည့် “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” အစီအစဉ်ဖြင့် နိုင်ငံတစ်ဝန်း သစ်ပင်ပေါင်း ၁၇,၀၀၀ ကျော်ကို စိုက်ပျိုးနိုင်ခဲ့ပြီး “သန့်ရှင်းခေတ်မီရှေ့သို့ချီ” အစီအစဥ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လူပေါင်းများစွာ တစ်ခဲနက် ပါဝင်လှုပ်ရှားခဲ့ကြပြီး လူအများအား ကျန်းမာသန့်ရှင်းသော လူမှုအသိုက်အ၀န်းကို တည်ဆောက်ရန် အသိပညာပေးမျှ‌ဝေမှုများကို ဆောင်ရွက်နိုင်ခဲ့သည်။