×

Facebook နှင့် MPT တို့ ပူးပေါင်း၍ အင်တာနက်ဒေတာဖိုး ကုန်ကျစရာမလိုဘဲ အက်ပလီကေးရှင်း update လုပ်ဆောင်နိုင်ရန် ဝန်ဆောင်မှုပေးမည်

04 Oct 2019

(ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့) – Facebook နှင့် MPT တို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ ဒေသခံပြည်သူ သန်းပေါင်းများစွာအတွက် Facebook အက်ပလီကေးရှင်း ဗားရှင်းအဟောင်း (ဗားရှင်း v201 အပါအဝင် ရှေ့တွင်ထွက်ရှိထားသည့် ဗားရှင်းများ) မှ နောက်ဆုံးထွက်ရှိထားသည့် ဗားရှင်းအသစ်သို့ (အက်ပလီကေးရှင်း update ပြုလုပ်ရန် အင်တာနက်ဒေတာ ကုန်ကျစရိတ်မရှိဘဲ) အခမဲ့တစ်ကြိမ် ဗားရှင်းမြှင့်နိုင်မည့်အကြောင်း ဂုဏ်ယူစိတ်လှုပ်ရှားစွာဖြင့် ယနေ့ ထုတ်ပြန်ကြေညာလိုက်ပါသည်။

လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းလာခြင်းကြောင့် ပြည်သူ များ သတင်းအချက်အလက်များ အလွယ်တကူ ရယူနိုင်လာပြီး တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်သွယ်ရာတွင် ထူးခြားကောင်းမွန်သည့် ပုံစံအသစ်များကို အသုံးပြုနိုင်လာကြသည့်အားလျော်စွာ သန်းပေါင်းများစွာသော စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် အသေးစား စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးအရ အကျိုးကျေးဇူး များစွာ ရရှိခဲ့ကြသည်။

Apps များအား အဆင့်မြှင့်တင်ခြင်းသည် ဘေးကင်းလုံခြုံမှုရှိရှိ မိုဘိုင်းသုံးစွဲနိုင်ရန်အတွက် အရေးကြီးသည့် အစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း မိုဘိုင်းဖုန်း အသုံးပြုသူများစွာအတွက် ငွေကြေးကုန်ကျမှု ရှိနိုင်ပါသည်။ ထို အခက်အခဲများသည် မြန်မာနိုင်ငံရှိ လူအများအတွက် Facebook ၏ ဗားရှင်းအသစ် ထွက်ရှိတိုင်း ပိုမို ကောင်းမွန် စေရန် ဖန်တီးထည့်သွင်းပေးထားသော အရေးကြီးသည့် လုံခြုံရေးဆိုင်ရာ နည်းပညာ လုပ်ဆောင်ချက်များ အပါအဝင် အင်တာနက်ပေါ်မှ ရရှိသော အကျိုးကျေးဇူးများကို အပြည့်အဝ ခံစားနိုင်ရန် အဟန့်အတားတစ်ခု ဖြစ်နေပါသည်။

“မြန်မာနိုင်ငံက Facebook အသုံးပြုတဲ့ လူမှုအသိုင်းအဝိုင်းအတွက် Facebook ကို ဘေးကင်းလုံခြုံမှုရှိရှိနဲ့ ကောင်းမွန်စွာ အသုံးပြုနိုင်ဖို့ဆိုတာ ကျွန်မတို့ တစ်ကယ့်ကို အရေးကြီးတဲ့ ဦးစားပေး ကိစ္စရပ်ပါ။ ဒါ့ကြောင့်ပဲ မြန်မာနိုင်ငံက မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာ လေးခုနဲ့ လက်တွဲပြီး ဒေသခံပြည်သူ သန်းပေါင်းများစွာ အတွက် သူတို့လက်ရှိသုံးနေတဲ့ Facebook အက်ပလီကေးရှင်း အဟောင်းကနေ နောက်ဆုံးထွက်ရှိထားတဲ့ ဗားရှင်း အသစ်ကို ငွေကြေး အကုန်အကျမရှိဘဲ ရယူအဆင့်မြှင့်တင်နိုင်အောင် စီစဉ်ပေးခဲ့တာပါ။” ဟု Facebook ၏ APAC Head of Connectivity and Access Policy ဖြစ်သူ Tenzin Norbhu က ပြောသည်။
MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “MPT မှာတော့ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုအသုံးပြုသူတွေကို ဒီနေ့ခေတ်ရဲ့ ဒစ်ဂျစ်တယ်နဲ့ ဆိုရှယ်မီဒီယာ နယ်ပယ်ကနေ အကျိုးကျေးဇူးတွေ ရယူခံစားနိုင်အောင် အမြဲတမ်း ကြိုးပမ်းလုပ်ဆောင်ပေးနေပါတယ်။ Facebook က မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာ ပလက်ဖောင်းဖြစ်ပြီး ကျွန်တော်တို့ ဝန်ဆောင်မှု အသုံးပြုသူတွေ အနေနဲ့ သူတို့ရဲ့ Facebook အက်ပလီကေးရှင်းကို ပုံမှန် update လုပ်ပေးဖို့ အရေးကြီးပါတယ်။ ဒီ ပူးပေါင်းမှု ကနေ MPT အသုံးပြုသူတွေဟာ အင်တာနက်ဒေတာဖိုး အကုန်အကျမရှိဘဲ သူတို့ရဲ့ Facebook App ကို နောက်ဆုံးဗားရှင်းနဲ့ အဆင့်မြှင့်တင်ပြီး update ပြုလုပ်နိုင်မှာပါ။ အခုလို MPT နဲ့ Facebook တို့ရဲ့ လက်တွဲ ကြိုးပမ်းမှုကြောင့် MPT အသုံးပြုသူတွေဟာ Facebook ရဲ့ နောက်ဆုံးပေါ် နည်းပညာ လုပ်ဆောင်ချက်တွေကို ရယူအသုံးပြုနိုင်တော့မှာဖြစ်ပြီး ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဘေးကင်းလုံခြုံမှု အပြည့်နဲ့ အသုံးပြုနိုင်တော့မှာပါ” ဟု ပြောသည်။
မိမိ အသုံးပြုနေသည့် Facebook နှင့် Messenger app များအား ဗားရှင်းအဟောင်း၊ အသစ် ခွဲခြားသိရှိနိုင်ရန် စစ်ဆေးပုံ
မိမိ အသုံးပြုနေသည့် Facebook သတင်းစဉ် (News Feed) ထိပ်ဆုံးတွင် အသိပေးချက်တစ်ခု လက်ခံရရှိမည် ဖြစ်ပါသည်။ အဆိုပါ မတ်ဆေ့ချ်မှတစ်ဆင့် မိမိ အသုံးပြုနေသည့် ဗားရှင်းအဟောင်း၊ အသစ်ကို ခွဲခြားသိရှိနိုင် ပါသည်။ Facebook မှ အက်ပလီကေးရှင်းအား ဗားရှင်းမြှင့်ရန် အင်တာနက်ဒေတာအကုန်အကျမရှိဘဲ download ပြုလုပ်နိုင်သည့် link အား အသိပေးကြေညာ၍ တိုက်တွန်းပေးသွားမည်ဖြစ်ပြီး မိမိ အသုံးပြု နေသည့် ဆက်သွယ်ရေးအော်ပရေတာ အသီးသီးမှ help center များသို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ လက်ရှိ ဗားရှင်းအဟောင်း အသုံးပြုနေသူများမှာ ယနေ့မှစ၍ သုံးလအတွင်း အင်တာနက်ဒေတာ အခမဲ့ဖြင့် အက်ပလီကေးရှင်း update လုပ်နိုင်မည့် အခွင့်အရေးတစ်ခု ရရှိမည်ဖြစ်ပါသည်။