×

M-learning Portal တွင် အင်္ဂလိပ်စာကို မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် သင်ယူနိုင်

17 Jul 2017

(ရန်ကုန်၊ ၁၇ ရက် ဇူလိုင်လ ၂၀၁၇) – MPT သုံးစွဲသူများအနေဖြင့် အင်္ဂလိပ်စာလေ့လာ သင်ယူနိုင်စေရန် ရည်ရွယ်ထားသည့်  ထူးခြားဆန်းသစ်သော ပညာသင်ကြားရေး Protal ဖြစ်သည့် M-Learning ကို စတင်အသုံးပြုနိုင်ပြီဖြစ်သည်။ ဤဝန်ဆောင်မှုတွင် သုံးစွဲသူ၏ အင်္ဂလိပ်စာကျွမ်းကျင်မှု အဆင့်(အခြေခံအဆင့်၊ အလယ်အလတ်နှင့် အဆင့်မြင့်) အပေါ် မူတည်၍ ကဏ္ဍအမျိုးမျိုးခွဲခြားထားသော သင်ခန်းစာမျိုးစုံပါဝင်မည် ဖြစ်ပါသည်။

ယခုလို ပထမဆုံး မိတ်ဆက်လိုက်သည့် M-Learning မိုဘိုင်းလ် Portal တွင် ကဏ္ဍ ခြောက်မျိုုးပါဝင်ပြီး နောက်ဆုံးပေါ် ဝေါဟာရများ၊ စကားပြောဆိုမှုနှင့် အပြန်အလှန်ပြောဆိုခြင်းဆိုင်ရာ အချက်အလက်များအပြင် အသံထွက်လေ့ကျင့်ရန် အတွက် အကြံပေးချက် အသံနမူနာများ ပါဝင်မည်ဖြစ်ပါသည်။ ရယူအသုံးပြုလိုသူများ အနေဖြင့် ကဏ္ဍတစ်ခုစီ အတွက် မေးခွန်း (၁၀) ခုစီကိုဖြေဆိုပြီး ၎င်းတို့၏ ဘာသာစကား ကျွမ်းကျင်မှုကို ဆန်းစစ်ကာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။

M-Learning ဝန်ဆောင်မှုသည် HTML 5 နည်းပညာကို အသုံးပြုထားသော မိုဘိုင်းလ်ဝက်ဘ်ဆိုက်ကို အခြေခံ၍ ဝန်ဆောင်မှုပေးထားခြင်း ဖြစ်သောကြောင့် အင်တာနက်ဝန်ဆောင်မှုကို အသုံးပြုနိုင်သော Android၊ iOS၊ Windows အစရှိသည့် operating စနစ်သုံး စမတ်ဖုန်းအားလုံးဖြင့် သုံးစွဲနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် အသုံးပြုသူများအနေဖြင့် ကွန်ပျုတာများ သို့မဟုတ် လက်ပ်တော့ပ်များမှတစ်ဆင့်လည်း Portal သို့ ဝင်ရောက်အသုံးပြုနိုင်မည် ဖြစ်သောကြောင့် cloud ကို အခြေခံထားသော အဆိုပါဝန်ဆောင်မှုကို MPT အသုံးပြုသူများအနေဖြင့် အဆင်ပြေလွယ်ကူစွာဖြင့် အသုံးပြုနိုင်မည်ဖြစ်ပါသည်။

ဤဝန်ဆောင်မှုကို MPT သုံးစွဲသူအားလုံး အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ရယူအသုံးပြုမည့်သူများအနေဖြင့် မည်သည့်ဖုန်းအမျိုးအစားဖြင့်မဆို Portal သို့ အကန့်အသတ်မရှိ ဝင်ရောက်ပြီး အင်္ဂလိပ်စာ သင်ခန်းစာများကို နေ့စဉ် စာတိုများ(SMS) ရယူခြင်းဖြင့် သင်ကြားနိုင်မည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။

ဤ M-Learning Portal ဘာသာစကားသင်ကြားသည့် ဝန်ဆောင်မှုကို အသုံးပြုရန်အတွက် သုံးစွဲသူများ အနေဖြင့် 8282 သို့ “ON” ဟု စာတို (SMS) ပေးပို့ရမည်ဖြစ်ကာ အောက်ဖော်ပြပါအဆင့်များအတိုင်း လုပ်ဆောင်ရမည်ဖြစ်ပါသည်။

က) 8282 သို့ “ON” ဟု စာတို (SMS) ပေးပို့ပါ

ခ) ဝန်ဆောင်မှုချိတ်ဆက်ပြီးပါက အသုံးပြုသူသည် အောက်ပါအတိုင်း အတည်ပြုကြောင်း စာတို (SMS) ရရှိမည် ဖြစ်ပါသည်-

၁။ ကြိုဆိုသောစာတို

၂။ အသုံးပြုသူ၏ ID၊ လျှို့ဝှက်နံပါတ်နှင့် M-Learning Portal သို့ ဝင်ရောက်ရန်လင့်ခ်

၃။ အင်္ဂလိပ်စာသင်ခန်းစာ – ယနေ့အတွက် ပို့ချချက် မာတိကာ

စတင်သုံးစွဲသူများအားလုံးမှာ (၁) ပတ်အကြာ အခမဲ့သုံးစွဲခွင့်ရရှိမည်ဖြစ်ပြီး ယင်း (၁) ပတ်တာကာလ ကုန်ဆုံး ချိန်တွင် နေ့စဉ်အသုံးပြုခ ၁၅၈ ကျပ် (အခွန်အပါအဝင်) ကို ဖုန်းဘေလ်မှတစ်ဆင့် ကောက်ခံသွားမည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှ “အခုလို M-Learning portal စတင်နိုင်ခြင်းဟာ MPT အနေနဲ့ မိုဘိုင်းလ် သင်ကြားရေးဝန်ဆောင်မှုကို စတင် တက်လှမ်းလိုက်တဲ့ ခြေလှမ်းတစ်ခုပဲ ဖြစ်ပါတယ် အထူးသဖြင့် ဒီအထဲမှာအင်္ဂလိပ်စာ သင်ကြားဖို့ အကောင်းဆုံး အရင်းအမြစ်တွေ ပါဝင်မှာပဲဖြစ်ပါတယ်။ စီးပွားရေးနယ်ပယ်ရဲ့လက်တံတွေဟာ  ကမ္ဘာတစ်ဝှမ်းလုံးကို လျင်လျင်မြန်မြန်နဲ့ တစ်နေ့တစ်ခြားဖြန့်ကျက်လာနေပြီး အင်္ဂလိပ်ဘာသာစကားဟာလည်း နိုင်ငံတကာမှာ လုပ်ငန်းသုံးဘာသာစကားအဖြစ်  အများက သတ်မှတ်ထားပြီးဖြစ်တဲ့အတွက်  မိမိတို့ရဲ့ ဘဝရှေ့ရေးအတွက် ကြိုးစားချင်သူတွေအဖို့ အင်္ဂလိပ်ဘာသာကို ဒုတိယဘာသာအနေနဲ့ သင်ကြားဖို့ အလွန်ပဲ အရေးကြီးလာပြီ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

M-Learning ဝန်ဆောင်မှုနှင့် ယင်းကို မည်သို့အသုံးပြုရမည်ဟူသော အချက်များနှင့် ပတ်သက်ပြီး ပိုမိုသိရှိလိုပါက http://engclass.up.st/  တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။