×

MPT က စတုတ္ထအကြိမ်မြောက် ဂျပန်-မြန်မာပွဲတော် ၂၀၁၈ ကို ပံ့ပိုးကူညီ

21 Feb 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁) – ရန်ကုန်မြို့ Thuwunnabhumi Event Park တွင် ယခု ဖေဖော်ဝါရီလ ၂၄ ရက်၌ ကျင်းပသွားမည့် စတုတ္ထအကြိမ်မြောက် ဂျပန်-မြန်မာပွဲတော် ၂၀၁၈ ဖြစ်မြောက်ရေးအတွက် မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT က ယခုနှစ်အတွက် ဆက်လက်ပြီး ပ့ံပိုးကူညီ ပေးသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ “Dreams shared by Myanmar and Japan together” ဟူသည့် ခေါင်းစဉ်အောက်တွင် ကျင်းပမည့် လေးကြိမ်မြောက် အခမ်းအနားမှာ ဂျပန်သံရုံး ၊ ဂျပန်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (မြန်မာ)၊ Yangon Japanese Association ၊ NHK နှင့် MNTV ရုပ်သံလိုင်းတိို့၏ လက်တွဲဆောင်ရွက်မှု ဖြစ်ပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များကို ဂျပန်ရိုးရာအစားအစာများ၊ တေးဂီတနှင့် ယဉ်ကျေးမှုတို့ကို ခံစားသိရှိနိုင်စေရန် ရန်ကုန်မြို့တွင် ဧည့်ခံပြသဖျော်ဖြေခြင်းလည်းဖြစ်သည်။

MPT အနေဖြင့် Sumitomo နှင့်အတူပူးပေါင်းကာ ဆိုင်ခန်းငယ်ဖွင့်လှစ် ထားမည် ဖြစ်ပါသည်။ MPT နှင့် Sumitomo မှ ဝန်ထမ်းများအနေဖြင့် ဂျပန်လူမျိုးများ၏ ရိုးရာ ၊ ဓလေ့နှင့် ထုံးထမ်းအစဉ်အလာများ၊ ယဉ်ကျေးမှုများကို မြန်မာနိုင်ငံသားများရှေ့တွင် ထပ်မံ ထုတ်ဖော်ပြသကာ ဖျော်ဖြေခွင့်ရရှိသည့်အတွက် ကုမ္ပဏီနှစ်ခုတွင် တာဝန်ထမ်းဆောင်နေကြသော ဂျပန်လူမျိုးဝန်ထမ်းများအားလုံးက အထူး စိတ်လှုပ်ရှားလျက် ရှိပါသည်။

MPT ဆိုင်ခန်းတွင်ပြုလုပ်မည့် လှုပ်ရှားမှုများတွင် ဂျပန်ရိုးရာ မုန့်များအား မြည်းစမ်းခြင်း၊ MPT အမှတ်တံဆိပ်ဖြင့် ကိတ်မုန့်ဖုတ်ပွဲ၊ ကိုယ်တိုင်ကိတ်မုန့်ဖုတ်နိုင်မည့်အခွင့်အရေး၊ ဂျပန်နိုင်ငံရှိ နွေရာသီကာလအတွင်း အများဝတ်ဆင်လေ့ရှိသည့် ယူကာတာ ဝတ်စုံဝတ်ဆင်ခွင့်နှင့် Origami စာရွက်ခေါက်ခြင်းအတတ် စသည်တို့ကို ပြသခြင်းတို့ပါဝင်မည်ဖြစ်သည်။ ထို့အပြင် ပြပွဲနေ့တွင် နာမည်ကျော်ကြားသည့် မြန်မာ တေးသံရှင်များဖြစ်ကြသည့် နီနီခင်ဇော်၊ ဓိရာမိုရ်၊ အမွန်း၊ သားငယ်နှင့် ဘီလီလမင်းအေးတို့အပြင် ဂျပန်နိုင်ငံမှ အကနှင့်အဆို ကျွမ်းကျင်သည့် နာမည်ကျော် အဖွဲ့များဖြစ်သော PrizmaX နှင့် AKB48 with BNK 48 တို့မှလည်း ဖျော်ဖြေမှုများ ပြုလုပ်သွားမည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Operating Officer ဖြစ်သူ Mr. Yoshiaki Benino က “ကျွန်တော်တို့ရဲ့ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံကဝန်ထမ်းတွေ အတူတကွလုပ်ငန်း ဆောင်ရွက်မှုကတစ်ဆင့် MPT အနေနဲ့ မြန်မာပြည်သူ ပြည်သားတွေရဲ့ ဘဝတွေကို တိုးတက်လာစေဖို့အတွက် နေစဉ်နေ့တိုင်း ကူညီဆောင်ရွက်ပေးနေပါတယ်။ ကျွန်တော်ကိုယ်တိုင် ဂျပန်လူမျိုးတစ်ယောက် ဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ အလှတရားကို မြန်မာပြည်သူတွေထံကို တင်ဆက်နိုင်မယ့်အတွက် အရမ်းပဲ စိတ်လှုပ်ရှားနေပါတယ်။ MPT အသုံးပြုသူအားလုံးအနေနဲ့ ဒီပွဲကို အခမဲ့ လာရောက်ပြီး ဂျပန်နိုင်ငံရဲ့ အတွေ့အကြုံတွေဖြစ်တဲ့ Origmai စက္ကူခေါက်တာတွေ ၊ ဂျပန်ရိုးရာ “ ယူကာတာ” ဝတ်စုံတွေ ဝတ်ကြည့်တာတွေ စတာတွေနဲ့အတူ နာမည်ကျော် ဂျပန် အဆိုအက အဖွဲ့ရဲ့ တင်ဆက်မှုကိုလည်း တွေ့ကြံုခံစားနိုင်စေဖို့ ဖိတ်ခေါ်လိုပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ဂျပန်-မြန်မာ ပွဲတော်အခမ်းအနားတွင် တေးဂီတသရုပ်ပြဖျော်ဖြေပွဲများနှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုပြကွက်များကို သရုပ်ဖော် တင်ဆက်ပြသမည်ဖြစ်ပြီး အများပြည်သူမှ အခမဲ့ ကြည့်ရှုနိုင်ရန် အတွက် MNTV မှ ရုပ်သံလိုင်းမှ တိုက်ရိုက်တင်ဆက်ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။ ဂျပန်အစားအစာ၊ ဂျပန်ထုတ်ကုန်နှင့် ဂျပန်၊ မြန်မာအနုပညာရှင်များ၏ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်မှုများပါဝင်သော ဂျပန်-မြန်မာပွဲတော်ကို အခမ်းအနားနှင့်အတူ ပူးပေါင်းတင်ဆက်ရင်း ယခု ၂၀၁၈ ခုနှစ်တွင်လည်း နောက်ထပ် အောင်မြင်မှုများ ရရှိရန်မျှော်မှန်းထားပါသည်။ လာရောက်သူများအတွက် အခမဲ့ဝင်ခွင့်နှင့်အတူ ဂျပန်-မြန်မာပွဲတော်ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့(စနေနေ့) နေ့လည် ၁၂ နာရီမှ ည ၁၀ နာရီအထိ ကျင်းပသွားမည် ဖြစ်ပါသည်။ အဆိုပါအစဉ် မစတင်မီ သောကြာနေ့ ညနေတွင် ရန်ကုန်မြို့၊ Chatrium ဟိုတယ်၌ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များနှင့် ပွဲတော်အကြိုပါတီပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။